ပဉ္စာဝုဓဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကကနိပါတ် - ၆။ အာသီသဝဂ် -၅၅- ပဉ္စာဝုဓဇာတ်။ ။ ကပ်စေးနှဲဘီလူးကြီးအား အရှုံးမပေးဘဲ ငါးပါးသော လက်နက်နှင့် တိုက်ခိုက်သဖြင့် အနိုင်ရသောပဉ္စာဝုဓမင်းသား အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]လုံ့လရှေ့ဆောင်ကြံတိုင်းအောင်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယ ယုတ်လျော့သောရဟန်းတစ်ပါး ရှိလေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ “ချစ်သား ရဟန်း ...အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ဘိသနည်း” ဟု အပြစ်တင်ကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ဆရာခွင့်ပန် ပြည်တော်ပြန်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မိဖုရားကြီးဝယ် သားတော်တစ်ပါးမွေးဖွားလေ၏။ ထိုအခါ ခမည်းတော်မင်းကြီးသည် လက္ခဏာဖတ် ပုဏ္ဏားတို့ကို ခေါ်၍ မေးလတ်သော်ပုဏ္ဏားတို့က “အရှင်မင်းကြီး ... ဤသတို့သားကား ဘုန်းကြီး၍ ထီးမွေ၊ နန်းမွေ ခံထိုက်သောသတို့သား ဖြစ်သည်၊ အထူးသဖြင့် လက်နက်ငါးပါး အမှုဝယ် အလွန် ထင်ရှားလိမ့်မည်” ဟု ဟောကြား၏။ထိုပုဏ္ဏားတို့ စကားကို အစွဲပြုကာ ပဉ္စာဝုဓ ဟူသော အမည်ကို မှည့်ကြကုန်၏။
ထို ပဉ္စာဝုဓမင်းသားသည် တစ်ဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်လတ်သော် ဂန္ဓာရတိုင်း တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံသွားကာ ပညာသင်ကြားလေ၏။ပညာတတ်မြောက်လျှင် ဆရာကို ရှိခိုးခွင့်ပန်၍ ဆရာပေးလိုက်သော လက်နက်ငါးပါးကိုယူဆောင်လျက် ဗာရာဏသီပြည်သို့ ပြန်ခဲ့ရာ (ကပ်စေးနှဲ) ဘီးလူးစောင့်သော တောအုပ်သို့ရောက်လေ၏။
မင်းသားလုံ့လမလျှော့ချ
[ပြင်ဆင်ရန်]တောအုပ်အဝတွင် နေသောလူတို့မြင်လျှင် “အမောင် ... ဤတောအုပ်ထဲသို့ မဝင်လေနှင့်၊ ဤတော်အုပ်ထဲမှာ အလွန်ကပ်စေးသောအမွေးများပေါက်သည့် ကပ်စေးနှဲ ဘီလူးကြီးတစ်ကောင် ရှိသည်၊ ဝင်သမျှလူတို့ကိုအကုန်စားသည်” ဟု ပြောဆိုကာ တားမြစ်ကုန်၏။
ပဉ္စာဝုဓမင်းသားလည်း ထိုသူတို့ ပြောကြားသော်လည်း ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ကြောက်ရွံ့ခြင်းမရှိဘဲ တောထဲသို့ ဝင်လေ၏။ အလယ်လောက်သို့ ရောက်လျှင် ကပ်စေးနှဲ ဘီလူးကြီးသည်အလွန်ကြီးမားလှသော ကိုယ်ကြီးကို ကြောက်မက်ဖွယ် ဖြစ်လောက်အောင် ဖန်ဆင်း၍ -
“ ဟေ့လူသား ရပ်လိုက်ပါ၊ နင် ငါ့အစာ ဖြစ်ပြီ” ဟု ပြောလေ၏။
ထိုအခါ ပဉ္စာဝုဓမင်းသားသည် အနည်းငယ်မျှ ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိဘဲ -
“ဟေ့ ဘီလူး ...ငါ့မှာ လက်နက် အပြည့်အစုံ စီမံလာသည်၊ ငါ့အနားကို သတိနှင့်ကပ်” ဟု ဆိုကာ -
လတ်တလောသေနိုင်သည့် အဆိပ်လူးမြားဖြင့် ပစ်လေ၏။ မြားသည် ဘီလူးကြီး အမွေးမှာ ကပ်၍ နေ၏။နောက်ထပ် မြားငါးဆယ် ကုန်အောင် ပစ်လေ၏။ ပစ်တိုင်း ပစ်တိုင်း အမွေးမှာ ကပ်လေ၏။ဘီလူးကြီးသည် မြားတို့ကို ခါ၍ ခြေရင်းမှာ ကျစေပြီးလျှင် မင်းသားအနားသို့ ကပ်လေ၏။သန်လျက်ဖြင့် ခုတ်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ မြားတောင့်ဖြင့် ရိုက်ပြန်၏။ အမွေးမှာကပ်ပြန်၏။ ဆောက်ပုတ်ဖြင့် ရိုက်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ လှံဖြင့် ထိုးပြန်၏။အမွေးမှာ ကပ်ပြန်၏။
လက်နက်ကုန်သော်လည်းတစ်ဖန် “ဟေ့ ဘီလူးကြီး နင့်ကို မှုန့်မှုန့်ညက်ညက်ကျေအောင် လုပ်မည်” ဟု တောအားလုံးပဲ့တင်ထပ်အောင် ကြုံးဝါးလျက် လက်တစ်ဖက်ဖြင့် သတ်၏။ အမွေးမှာ ကပ်ပြန်၏။ နောက်တက်ဖက်ဖြင့် သတ်ပြန်၏။အမွေးမှာ ကပ်ပြန်၏။ ခြေတစ်ဖက်ဖြင့် သတ်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ နောက်တက်ဖက်ဖြင့်သတ်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ ခေါင်းဖြင့် တိုက်ပြန်၏။ အမွေးမှာ ကပ်ပြန်၏။ ဤသို့ခက်မငါးဖြာ ကပ်ငြိကာ မိနေသော်လည်း ကြောက်ရွံ့ခြင်း မရှိလေ။
ပညာရှိထုံးဥပါယ်သုံး
[ပြင်ဆင်ရန်]ဘီလူးကြီးသည် လောကတွင်ဤယောကျ်ားမျိုးကို ငါ တစ်ခါမျှ မတွေ့မမြင်စဖူး၊ ဤယောကျ်ားကား ကြောက်ခြင်းလည်းမရှိ၊ အဘယ်ကြောင့် မကြောက်သနည်းဟု စဉ်းစား ဆင်ခြင်ကာ -
“အမောင် လုလင် ...သင် အဘယ်ကြောင့် မကြောက်သနည်း”
“အို ဘီလူးကြီး ... အဘယ်ကြောင့်ကြောက်ရမည်နည်း၊ တစ်ဘဝ တစ်ကြိမ် သေမြဲ ဖြစ်သည်။ အကြောင်းတစ်မျိုးမှာလည်းငါ့ဝမ်းထဲမှာ ဝရဇိန်လက်နက် ရှိသည်။ အကယ်၍ သင် စားလျှင် သင့်အသည်း၊ အူတို့သည်အပိုင်းပိုင်းပြတ်၍ သေရမည်၊ သင်နှင့်ငါ နှစ်ယောက်လုံး သေမည်ဖြစ်၍ ငါ မကြောက်” ဟုရဲဝံ့စွာ ဆိုလေ၏။
ဘီလူးရှုံးရဩဝါဒ
[ပြင်ဆင်ရန်]ထိုအခါ ဘီလူးကြီးသည်“ဤသူကား မှန်သော စကားကို ဆိုဘိသည်၊ ငါ့မှာ ဤယောကျ်ား အာဇာနည်၏ အသားကိုအကယ်၍စားလျှင် ပဲနောက်စေ့လောက်မျှ အသားပင် အစာကြေနိုင်မည် မဟုတ်၊ ငါ မစားဝံ့ပေ၊လွှတ်မည်” ဟု ကြံစည်ကာ “အမောင်လုလင် ... သင့်ကို ငါ မစားတော့ပါ၊ အလိုရှိရာ သွားပါလော့”ဟု လွှတ်လိုက်၏။
မင်းသားလည်းဘီလူးကြီးကို “ အို ဘီလူးကြီး ... သင့်မှာ ရှေးရှေးဘဝတို့က အကုသိုလ်ကို ပြုခဲ့သည့် အတွက် သူတစ်ပါး အသား၊အသွေးတို့ကို စားရသည့် ဘီလူး ဖြစ်ရသည်၊ဤဘဝမှာ အကုသိုလ် ထပ်ပြုပြန်လျှင်အမိုက်ဘဝမှ အမိုက်ဘဝသို့ပင် လားရလိမ့်မည်” ဟု ဆုံးမ၍ ငါးပါးသီလ၌ တည်စေ၏။ဘီလူးကြီးအားလည်း တောအုပ်၌ ကိုးကွယ်ရာ နတ်အဖြစ်ကို ပြုခဲ့၍ တောအုပ်မှ ထွက်ကာလူတို့အား အကြောင်းစုံ ပြောကြားပြီးလျှင် လက်နက်ငါးပါးကို ဆောင်ယူလျက် မိဘ တို့ထံပြန်လေ၏။
အဖမင်းကြီးနတ်ရွာစံသောအခါ မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြုလျက် ကုသိုလ်ကောင်းမှုကိုပြုစုအားထုတ်လေ၏။
ဤဒေသနာတော်၏အဆုံး၌ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်ကာ ရဟန္တာအဖြစ်သို့ရောက်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ကပ်စေးနှဲ ဘီလူးကြီးသည် - ယခုအခါ အင်္ဂုလိမာလ။
ပဉ္စာဝုဓ မင်းသားသည် - ငါဘုရား ဖြစ်လာပြီ -
ဟုဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မကြောက်ရွံ့ဘူး၊ ယောကျ်ားထူး၊ ဘီလူးမစားနိုင်။
(၂) မဆုတ်ယုတ်ငြား၊ ကုသိုလ်ပွား၊ ရောက်ငြားနိဗ္ဗာန်တိုင်။
ပဉ္စာဝုဓဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။