နင်္ဂုဋ္ဌဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၅။ ကကဏ္ဋကဝဂ် -၁၄၄ - နင်္ဂုဋ္ဌဇာတ်။ ။ မီးအား ဘုရားပြု၍ ပူဇော်ရန်ထားသော နွားကို မုဆိုးစားသွားသဖြင့် အမြီးကိုသာကျွေး၍ မီးကို အပြစ်တင်သော ရသေ့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိစ္ဆာကျင့်မှား လန်ဆန်းပြား[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တက္ကတွန်းတို့သည် ကျောင်းတော်၏ နောက်အပြင်ဝယ် အထူးထူး အပြားပြားသော မိစ္ဆာအကျင့်ကို ကျင့်ကြကုန်၏။

တချို့ တက္ကတွန်းတို့သည် ဆောင့်ကြောင့်ထိုင်၍ လုံ့လပြုကုန်၏။ တချို့ လင်းနို့ကဲ့သို့ တွဲလျားဆွဲကုန်၏။ တချို့ ဆူးပေါ်၌ အိပ်ကုန်၏။ တချို့ ပဉ္စာတက အစရှိသောအကျင့်ကို ကျင့်ကုန်၏။

ထိုအခါ ရဟန်းတို့သည် မိစ္ဆာအကျင့်ကို မြင်ကုန်၍ မြတ်စွာဘုရားအား “အရှင်ဘုရား ... မိစ္ဆာအကျင့်ကိုမှီ၍ တစ်စုံတစ်ခုသော ကုသိုလ်သည် လည်းကောင်း၊ အကျိုးစီးပွားသည် လည်းကောင်း ရှိပါသလော” ဟု လျှောက်ထားကြကုန်၏။ “ရဟန်းတို့ မိစ္ဆာအကျင့်ကိုမှီ၍ ကုသိုလ်သည် လည်းကောင်း၊ အကျိုးစီးပွားသည် လည်းကောင်း မရှိ။ ရှေးပညာရှိတို့သည် မိစ္ဆာအကျင့်ကိုမှီ၍ ကုသိုလ်ဖြစ်လိမ့်မည်၊ အကျိုးစီးပွား ရှိလိမ့်မည်ဟု မှတ်ထင်လျက် မွေးဖွားသောနေ့၌ ယူအပ်သော မီးကိုယူ၍ တောကိုဝင်လျက် မွေးဖွားသောနေ့၌ ယူအပ်သော မီးကိုယူ၍ တောကိုဝင်လျက် မီးကိုပူဇော်ခဲ့ရာ တစ်စုံတစ်ခုသော အကျိုးစီးပွားကို မမြင်သဖြင့် ထိုမီးကို ငြှိမ်းသတ်ကာ ကသိုဏ်းပရိကံပြု၍ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် ဗြဟ္မာပြည်သို့ လားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဒိဋ္ဌိအကျင့် တောထွက်လင့်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏားမျိုး၌ဖြစ်၍ ဖွားမြင်သောနေ့၌ မိဘနှစ်ပါးတို့ မီးကိုယူ၍ ထားကြကုန်၏။ တစ်ဆယ့်ခြောက်နှစ် အရွယ်သို့ ရောက်သောအခါ အမိ အဖတို့သည် “ချစ်သား ... သင် ဖွားမြင်သောနေ့၌ မီးကို ယူထားကြသည်၊ အကယ်၌ အိမ်၌နေလိုအံ့၊ ဗေဒင်သုံးပုံကို သင်လော့၊ အကယ်၍ ဗြဟ္မာ့ပြည်သို့ သွားလိုအံ့၊ ဤမိးကို ယူပြီးလျှင် တောသို့ဝင်၍ မီးကိုလုပ်ကျွေးကာ ဗြဟ္မာ့ကြီးတို့ကို နှစ်သက်စေ၍ ဗြဟ္မာ့ပြည်သို့ သွားလော့” ဟု ဆိုကြကုန်၏။

ပုဏ္ဏားငယ်သည် အမိအဖတို့ စကားကို ကြားလျှင် “အကျွန်ုပ်အား အိမ်၌နေခြင်းငှာ အလိုမရှိ” ဟု ဆိုကာ မီးကို ယူ၍ တောသို့ဝင်ပြီးလျှင် ကျောင်းဖန်ဆင်းကာ မီးကို လုပ်ကျွေးလျက် တောတွင်နေလေ၏။

သတ်ဖို့နွားထား မုဆိုစား[ပြင်ဆင်ရန်]

တစ်နေ့သ၌ ပစ္စန္တရာဇ်ရွာငယ် အလှူမှ နွားငယ်တစ်ကောင်ကိုရ၍ ကျောင်းသို့ ဆောင်ယူပြီးလျှင် အရှင်မီးကို စားစေအံ့၊ ဆားလည်း မရှိ၊ ဘုန်းကြီးသော မီးသည် ဆားမပါသော နွားသားကို စားနိုင်မည် မဟုတ်၊ ရွာမှဆားကို ဆောင်ယူကာ အရှင်မီးကို ဆားနှင့်တကွ နွားသားကို စားစေအံ့ဟု ကြံစည်ပြီးလျှင် နွားကို ကျောင်းတွင်ချည်လျက် ဆားယူရန် ရွာသို့ သွားလေ၏။

ထိုအခါ မုဆိုးတို့သည် ထိုအရပ်သို့လာလတ်၍ ကျောင်းတွင် ချည်ထားသော နွားကိုမြင်လျှင် သတ်၍ ချက်ပြုတ်စားသောက်ပြီးလျှင် အမြီး၊ ခြေ၊ လက်၊ အရေတို့ကို ထိုအရပ်၌ပင် ထားခဲ့၍ အသားကိုယူ၍ သွားကြ၏။

မိစ္ဆာကျင့်ပစ် လမ်းမှန်ကျင့်[ပြင်ဆင်ရန်]

ပုဏ္ဏား လာလတ်၍ အမြီး၊ ခြေ၊ လက်၊ အရေတို့ကို မြင်လျှင် ဘုန်းကြီးလှသော ဤမီးကား မိမိစားဖို့ ထားခဲ့သော ဥစ္စာကိုမျှ မစောင့်ရှောက်နိုင်၊ ငါ့ကိုကား အဘယ်မှာ စောင့်ရှောက်နိုင်အံ့နည်း၊ ဤမီးကို လုပ်ကျွေးခြင်းဖြင့် အကျုးမရှိ၊ ဤမီးကို လုပ်ကျွေးခြင်း အကြောင်းကြောင့် ကုသိုလ်လည်း မဖြစ်၊ တစ်စုံတစ်ရာ အကျိုးစီးပွားလည်း မရှိဟု ကြံစည်လျက် မီးကိုလုပ်ကျွေးရန် အလိုဆန္ဒ မရှိတော့သဖြင့် -

“အို - ယုတ်မာသော မီး ... သင်သည် မိမိ ဥစ္စာဖြစ်သေ နွားကို မစောင့်ရှောက်နိုင်၊ အဘယ်မှာ ငါ့ကို စောင့်ရှောက်နိုင်အံ့နည်း၊ အမဲဖြင့် လုပ်ကျွေးထိုက်သော သင့်အား အမဲမရှိတော့သည့်အတွက် အမြီးဖြင့် လုပ်ကျွေးပါ၏၊ အမြီးကိုသာ အလှူခံတော်မူပါ”

ဟု အမြီးကို မီးထဲသို့ထည့်၍ ပြောင်လှောင် ပြောဆိုကာ မီးကို ရေဖြင့် ငြှိမ်းသတ်၍ ရသေ့ရဟန်း ပြုလေ၏။ အဘိညာဉ် သမာပတ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မီးကိုငြှိမ်းသတ်သော ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဆောင့်ကြောင့်ထိုင်နဲ၊ လင်းနို့ဆွဲ၊ ဆူးထဲအိပ်ကြသည်။

(၂) ပဉ္စတပါ၊ ကျင့်မိစ္ဆာ၊ လူသာပင်ပန်းမည်။

(၃) မီးကိုငြိမ်းမှု၊ ရဟန်းပြု၊ ရောက်မှုဗြဟ္မာ့ပြည်။

နင်္ဂုဋ္ဌဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ