နင်္ဂလီသဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၃။ ကုသနာဠိဝဂ် -၁၂၃ - နင်္ဂလီသဇာတ်။ ။ အသိဉာဏ် ထိုင်းမှိုင်းလှသဖြင့် အရာတွေ့သမျှ ထွန်တုံးနှင့်တူသည်ဟု ပြော၍ ဆရာလက်လျှော့ရသော လာဠုကအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

အရာမသိပြီး လာဠုဒါယီ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လာဠုဒါယီမထေရ်သည် အရာဟုတ်သည် မဟုတ်သည်၊ သင့်လျော်သည် မသင့်လျော်သည်ကို မသိတတ်။ အလှူအတန်း စသော သုမင်္ဂလာအရာ၌ တိရောကုဋေသုတ် စသော ဒုမင်္ဂလာတရားကို ဟော၏။ မသာ အသုဘ စသော ဒုမင်္ဂလာအရာ၌ မင်္ဂလသုတ် စသော သုမင်္ဂလာတရားကို ဟော၏။

ရဟန်းတို့သည် တရားသဘင်ဝယ် စကားစပ်မိ၍ လာဠုဒါယီမထေရ်အကြောင်းကို ပြောဆိုနေကြရာ မြတ်စွာဘုရားရှင် ကြွလာတော်မူ၍ “ရဟန်းတို့ ... လာဠုဒါယီကား ယခုအခါသာ ထိုင်းမှိုင်းတွေဝေသဖြင့် အရာဟုတ်သည် မဟုတ်သည်၊ သင့်လျော်သည် မသင့်လျော်သည်ကို မသိသည်မဟုတ်၊ ရှေးအခါ၌လည်း မသိသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပညာသင်မရ ထိုင်းမှိုင်းလှ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြားတတ်မြောက်ပြီးလျှင် ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီး ဖြစ်၍ တပည့်လုလင် ငါးရာတို့ကို အတတ်ပညာ သင်စေ၏။

တပည့်လုလင်ငါးရာတို့တွင် လာဠုက မည်သော တပည့်လုလင်ကား အတတ်သင်လာသော တပည့် ဖြစ်သော်လည်း အလွန်ထိုင်းမှိုင်း တွေဝေစေသဖြင့် သင်ကြားခြင်းငှာ မတတ်နိုင်။ သို့သော်လည်း ဒိသာပါမောက္ခဆရာကြီးအား အလွန် ကျေးဇူးများ၏။ အမှုကိစ္စ ဟူသမျှကို ဆောင်ရွက်၏။

ဉာဏ်လွန်နည်းလှ လာဠုက[ပြင်ဆင်ရန်]

ဆရာကြီးလည်း တစ်နေ့သ၌ ညစာစားပြီးလျှင် အိပ်ရာတွင် အိပ်ကာ လာဠုကအား လက်၊ ခြေ၊ ကျောကုန်းတို့ အနှိပ်နယ်ခိုင်းလေ၏။ သွားသောအခါ ညောင်စောင်းခြေတို့ကို တပ်၍ သွားလော့ဟု မှာထား၏။ လာဠုကလုလင်လည်း ညောင်စောင်းခြေတစ်ခုကို ရှာမရသဖြင့် ညောင်စောင်းခြေတစ်ဖက်ကို မိမိပေါင်းပေါ်၌ထားတာ တစ်ညဉ့်လုံး နေလေ၏။

ဆရာကြီးလည်း မိုးသောက်၍ ထသောအခါ လာဠုကကိုမြင် “အမောင် ... အဘယ်ကြောင့် ဤမှာ အိပ်သနည်း” ဟု မေးလေ၏။ “ဆရာ ... ညောင်စောင်း ခြေတစ်ခုကို ရှာမရ၍ ညောင်စောင်းခြေတစ်ဖက်ကို ပေါင်ပေါ်၌ထားကာ တစ်ညဉ့်လုံး နေရသည်” ဟု ပြောလေ၏။

နည်းလမ်းသစ်ထွင် ပညာသင်[ပြင်ဆင်ရန်]

ထိုအခါ ဆရာကြီးသည် ထိတ်လန့်အံ့ဩလျက် “ဤ လာဠုကကား ငါ့အား အလွန်ကျေးဇူးများသည်၊ ဉာဏ်ပညာထိုင်းမှိုင်းတွေဝေသဖြင့် အတတ်ပညာ သင်ကြားခြင်းငှာ မတတ်နိုင်၊ ငါသည် အဘယ်သို့ ပညာရှိအောင် ပြုရပါအံ့နည်း။ ငါသည် ဤလုလင်ကို ထင်းခွေ ဟင်းရွက်ခူး စသည်ကို ခိုင်းမည်၊ထင်းခွေ ဟင်းရွက်ခူး စသည် သွားသောအခါ မြင်ခဲ့၊ ကြားခဲ့၊ ပြုလုပ်ခဲ့သမျှကို မေးမည်။ ၎င်းက ပြန်ပြောသောအခါ မည်သည့်ဝတ္ထုနှင့် တူသည်၊ မည်ကဲ့သို့ ပြုခဲ့သည် စသည်ကို တစ်ဖန် ပြန်မေးမည်။ ဤကဲ့သို့ မေးလိုက်၊ ပြန်ပြောလိုက်ဖြင့် အသစ်အသစ်ဖြစ်သော ဗဟုသုတတိုးပွားစေ၍ ပညာရှိအောင် ပြုမည်ဟု ကြံစည်မိလေ၏။

မိမိ ကြံစည်ထားသောအတိုင်း လာဠုက ကို ခေါ်စေ၍ “အမောင် ... ယနေ့ကစ၍ ထင်းခွေ ဟင်းရွက်ခူး စသည်သွားသောအခါ မြင်ခဲ့၊ ကြားခဲ့၊ ပြုလုပ်ခဲ့သမျှ ငါ့ကို ပြန်ပြောရမည်” ဟု မှာထားလေ၏။

တွေ့မြင်သမျှ ဥပမာပြ[ပြင်ဆင်ရန်]

လာဠုကသည် တစ်နေ့သ၌ လုလင်တို့နှင့် အတူ ထင်းခွေသွားသောအခါ မြွေကို မြင်ခဲ့၍ “ဆရာ ... အကျွန်ုပ်မြွေကို မြင်ခဲ့ပါသည်ဧ စု ပြောလေ၏။ “အမောင် ... မြွေသည် ဘာနှင့်တူသနည်း” ဟု မေး၏။ “ဆရာ ... ထွန်တုံးထွန်သံနှင့် တူပါသည်” ဟု ပြော၏။ “အမောင် ... ကောင်းစွ၊ ကောင်းစွ သင့်တင့်သော ဥပမာကို ပေးနိုင်ပေသည်” ဟု ချီးကျူးလေ၏။

တစ်ဖန် တော၌ ဆင်ကိုမြင်ခဲ့၍ “ဆရာ ... အကျွန်ုပ်ဆင်ကို မြင်ခဲ့ပါသည်” ဟု ပြောလေ၏။ “အမောင် ... ဆင်သည် ဘာနှင့်တူသနည်း” ဟု မေးမြန်းရာ “ ဆရာ ... ထွန်တုံး ထွန်သံနှင့် တူပါသည်” ဟု ပြော၏။ ဆင်၏ နှာမောင်း အစွယ်တို့မှာ တူပေသည်၊ ခွဲခြားပြီး မပြောတတ်၍သာ ဖြစ်မည်ဟု ဆိတ်ဆိတ်နေပြန်၏။

တစ်ဖန် ဆွမ်းကျွေးရာအရပ်ဝယ် ကြံကိုစုပ်ခဲ့ရ၍ “ဆရာ ... ကြံစုပ်ခဲ့ရသည်” ဟု ပြောလေ၏။ “အမောင် ... ကြံသည် ဘာနှင့်တူသတည်း” ဟု မေးပြန်ရာ “ဆရာ ... ထွန်းတုံး ထွန်သံနှင့် တူပါသည်” ဟု ပြော၏။ အနည်းငယ် လျော်ပါသေး၏ ဟု ဆိတ်ဆိတ်သာနေပြန်၏။

တစ်ဖန် ဆွမ်းကျွေးရာဝယ် တချို့ တင်လဲ နို့ဓမ်းကို စားရကုန်၏။ တချို့ နို့ရည်ကို သောက်ရကုန်၏။ လာဠုကကား နို့ဓမ်း နို့ရည် စားသောက်ခဲ့ရ၍ “ ဆရာ ... နို့ဓမ်း နို့ရည်ကို စားသောက်ခဲ့ရပါသည်” ဟု ပြော၏။ “အမောင် ... နို့ဓမ်း နို့ရည်ကား ဘာနှင့်တူသနည်း” ဟု မေးပြန်ရာ “ဆရာ .... ထွန်တုံး ထွန်သံနှင့် တူပါသည်” ဟု ပြောလေ၏။

ပညာသင်မရ လက်လွှတ်ကြ[ပြင်ဆင်ရန်]

ထိုအခါ ဆရာသည် ဤလုလင်ကား မြွေသည် ထွန်တုံး ထွန်သံနှင့်တူသည် ဆိုရာမှာ ကောင်းပေ၏။ ဆင်မသည် ထွန်တုံး ထွန်သံနှင့်တူသည်ဆိုရာမှာလည်း နှာမောင်းနှင့် အစွယ်ကို ရည်၍ဆိုလျှင် တူယောင်ယောင် ရှိသေး၏။ ကြံသည် ထွန်တုံး ထွန်သံနှင့်တူသည် ဆိုရာမှာလည်း အနည်းငယ် ယုတ္တိရှိသေး၏။ နို့ဓမ်းနို့ရည်သည် ထွန်တုံး ထွန်သံနှင့်တူသည် ဆိုရာမှာ နို့ဓမ်းနို့ရည်တို့မှာ အဆင်းအားဖြင့် ဖြူကုန်၏။ သဏ္ဌာန်ဖြင့်ထည့်သော အိုး၊ ခွက်လျှင် သဏ္ဌာန်ရှိကုန်၏။ ဘယ်အခါမှ မတူနိုင်၊ စပ်ဟပ်၍ပင် မရ၊ ဤလာဠုကကား အတတ်ပညာကိုသင်၍ မဖြစ်နိုင်ချေဟု နှလုံးသွင်းကာ -

“အမောင်တို့ ... ဤသူမိုက်ကား ဥပမာ စကားတစ်လုံးတည်းကိုကိုင်ကာ ဥပမေယျအားလုံး၌ ဆိုလေသည်။ ထို့ကြောင့် နို့ဓမ်း နို့ရည်ကိုလည်း ထွန်တုံး ထွန်သံနှင့် တူသည်ဟု ဆိုလေ၏။ ဤသူမိုက်ဖြင့် အကျိုးမရှိတော့ပြီ” –

ဟု တပည့်တို့အား အဆုံးအမစကား ပြောကြားပြီး လာဠုကအားလည်း ရိက္ခာပေး၍ ပြန်လွှတ်လိုက်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ လာဠုကသည် - ယခုအခါ လာဠုဒါယီ။

ဒိသာပါမောက္ခ ဆရာကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မိုက်မဲသူအား၊ အတတ်များ၊ သင်ကြားမဖြစ်နိုင်။

(၂) နို့ဓမ်းထွန်တုံး၊ တူဟန်သုံး၊ ပြောလုံးဆိုပိုင်ပိုင်။

နင်္ဂလီသဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ