ဓားခွဲဓားဖြတ်သင်္ကန်း

ဝီကီပီးဒီးယား မှ

မြတ်စွာဘုရားရှင် ရွှေလက်ထက်တော်အခါ၌ ဤသိက္ခာပုဒ်တော်ဖြစ်လာသော ကာလမှစ၍ ဤနည်းအတိုင်းသာလျှင် ဓားဖြင့် လှီးဖြတ် စီရင်ဝတ်ရုံကြသည် ဖြစ်ကုန်၏၊ ထို့ကြောင့် ---[၁][၂]

ဓားခွဲဓားဖြတ်သင်္ကန်းနှင့် စပ်၍ မှတ်ရန်[ပြင်ဆင်ရန်]

အခါတစ်ပါး၌ ရဟန်းတစ်ပါးအား တိစီဝရိက်သင်္ကန်း (၃)ထည်ကို ပြုလုပ်သည်, ချုပ်စီရင်သည်ရှိသော် အလုံးစုံသင်္ကန်း (၃)ထည်စလုံး ဖြတ်အပ်သော် မလောက်။ သို့ဖြစ်၍ ဆွဲဆွဲဖြန့်နေသည်၏အဖြစ်သည် ဖြစ်ပေါ်လာ၏၊ ထိုဝတ္ထုကို အကြောင်းပြု၍-[၂]

[၃] ဟူသော ပါဠိတော်ပါဌ်ဖြင့် နှစ်ထည်တို့ကိုဖြတ် တစ်ထည်ကို မဖြတ်လင့်ဟု အနုညာတ ခွင့်ပြုတော်မူ၏၊ ယင်းသို့ နှစ်ထည် ဖြတ်သော် မလောက် ဖြစ်ပြန်ရာ [၄] ပါဌ်ဖြင့် နှစ်ထည်ကို မဖြတ်လင့်၊ တစ်ထည်ကိုသာ ဖြတ်ဟု အနုညာတ ခွင့်ပြုတော်မူပြန်၏၊ ယင်းသို့ တစ်ထည်ပင်ဖြတ်၍ မလောက်ပြန်ရာ [၅] ပါဌ်ဖြင့် သလင်းထောင်တင်ဟု ခွင့်ပြုတော်မူ၏၊ ပိတ်တိုဖျင်စ ပေါပေါများများ ရှိ၍ ဖြတ်လောက်မူ အလုံးစုံ မဖြတ်ဘဲ တိစီဝရိက်သင်္ကန်းကို မဆောင်အပ်၊ ဆောင်သောရဟန်းအား ဒုက္ကဋ်အာပတ် သင့်စေဟု ပညတ်တော်မူ၏၊ [၆]

ပကတိ အမြဲဝတ်ရုံသော တိစီဝရိက်သင်္ကန်းသာလျှင် မလောက်သော် အလုံးစုံ မဖြတ်အပ်၊ ကထိန်သင်္ကန်းမူကား မဖြတ်မူ မအပ်၊ ဖြတ်မှသာ အပ်၏၊

သလင်းထောင်ဟူသော စကား မှတ်ရန်[ပြင်ဆင်ရန်]

အနွာဓိကမ္ပိ အာရောပေတုံ - အနွာဓိကမ္ပိ = သလင်းထောင်ကိုမူလည်း။ (ဝါ) လျားရှည်နံကြီး ရပြီးလောက်ကာ သင်္ကန်းလျာကို လိုရာဖြတ်လျက် ၎င်းထက်ဝယ် ဖြည့်စွက် ထပ်ချုပ် မြောင်းတရုတ်ဟု ဒုကုဋ်အတွင်း အလွှာတင်ခြင်းကို (ဝါ) ဒုကုဋ်အဟန် သဏ္ဌာန်တူမျှ အာဂန္တုကဟု ထပ်ပြုချုပ်မြှောင် သလင်းထောင်ကို။ အာရောပေတုံ = တင်စိမ့်သောငှာ။ အနုဇာနာမိ = ခွင့်ပြုတော်မူ၏၊

ဤဖော်ပြပါ အနက်အရ သင်္ကန်းချုပ်သောအခါ ပိတ်စက နည်းနေ၍ မဖြတ်မတောက်တော့ဘဲ အပေါ်ကနေပြီး မြောင်းတရုတ်လွှာတို့ကို စီတင်ပြီး ထပ်ချုပ်သွားရသော အာဂန္တုက အပေါ်လွှာတင်သည်ကို သလင်းထောင်တင်သည်ဟု ဆိုပါသည်။[၂]

ဆိုလိုရင်းအဓိပ္ပာယ်[ပြင်ဆင်ရန်]

သင်္ကန်းသုံးထည်လုံးကိုဖြတ်၍ ချုပ်ရမည်။ ဖြတ်၍ အဝတ်မလောက်မင ဖြစ်နေလျှင် သလင်းထောင်ကို တင်ရမည်။ ဖြတ်ခြင်းသာလျှင် အဓိကအချက် ဖြစ်သည်။

ထို့ကြောင့် ငါးပိုင်းငါးစပ်စသော အခန်းတို့ကိုသာ ဖြတ်၍ အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်းတရုတ်တို့ကို ဓား စသည်ဖြင့် ပိုင်းပိုင်းမဖြတ်ဘဲ ခေါက်၍ ချုပ်သောသင်္ကန်းသည် အလုံးစုံ မဖြတ်သောသင်္ကန်း၌ အကျုံးဝင်သည်ဟူ၍ ယူအပ်၏၊ အလုံးစုံ မဖြတ်သောသင်္ကန်းကို ဝတ်ရုံသုံးဆောင်လျှင် ဒုက္ကဋ်အာပတ်သင့်၏ဟု ဆိုထားခြင်းကြောင့် အခန်းတို့ကိုသာမဟုတ် အိမ်ဝန်းကြီး အိမ်ဝန်းငယ် မြောင်းတရုတ်တို့ကိုလည်း ဓားစသည်ဖြင့် ပိုင်းပိုင်းဖြတ်၍ ချုပ်သော သင်္ကန်းကိုသာလျှင် ဝတ်ရုံသုံးဆောင်အပ်၏ဟု ယူသော ဝါဒဘက်သို့ လိုက်သင့်ပေသည်။ [၇][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. တေန ခေါ ပန သမယေန အညတရဿ ဘိက္ခုနော တိစီဝရေ ကရိယမာနေ သဗ္ဗံ ဆိန္နကံ နပ္ပဟောတိ။ (ဝိ၊၃၊၄၁၂။)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ ဝိနည်းပဒေသာ သင်တန်း
  3. အနုဇာနာမိ ဘိက္ခဝေ ဒွေ ဆိန္နကာနိ။ ပ။ ဧကံ ဆိန္နကန္တိ။ (ဝိ၊၃၊၄၁၂)
  4. “အနုဇာနာမိ ဘိက္ခဝေ ဒွေ အစ္ဆိန္နကာနိ ဧကံ ဆိန္နကံ”ဟူသော ပါဠိတော် (ဝိ၊၃၊၄၁၂။)
  5. “အနုဇာနာမိ ဘိက္ခဝေ အနွာဓိကမ္ပိ အာရောပေတုံ န စ ဘိက္ခဝေ သဗ္ဗံ အစ္ဆိန္နကံ ဓာရေတဗ္ဗံ၊ ယော ဓာရေယျ အာပတ္တိ ဒုက္ကဋဿ-ဟု ပါဠိတော် (ဝိ-၃-၄၁၂။)
  6. (ဝိနည်းဥပဒေတော်ကြီး၊၃၆၀။)
  7. (ဝိနည်းဥပဒေတော်ကြီး၊၃၄၅၊၊)