ဓမ္မဒေဝပုတ္တဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကာဒသကနိပါတ် - ၄၅၇။ ဓမ္မဒေဝပုတ္တဇာတ် သုစရိုက်တရား ပွားများရန် လူအများအား ကောင်းကင်ခရီးဖြင့်ကြွေးကြော်သော ဓမ္မနတ်သားအား အဓမ္မနတ်သားက လမ်းမပေးဘဲ စစ်တိုက်ရန် ပြောသည်ကိုပင် ... သည်းခံခြင်းဖြင့် အနိုင်ရရှိသော ဓမ္မနတ်သားအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ဂရုကံထိုက် ငရဲဆိုက်
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ် မြေမျိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ကောင်းမှုပြုဘော် ဓမ္မကြွေးကြော်
လွန်လေ ပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း ... မင်းပြုသည် ရှိသော် ဘုရားအလောင်းသည် ကာမာဝစရနတ်ပြည်ဝယ် ဓမ္မနတ်သားဖြစ်၏၊ ဒေဝဒတ်အလောင်းကား အဓမ္မနတ်သားဖြစ်လေ၏။
ထိုနတ်သားတို့တွင် ဓမ္မနတ်သားသည် ညအခါလူတို့ ထမင်းစားပြီး၍ အိမ်၌နေကုန်စဉ်... နတ်တ်တန်ဆာတို့ကို ဝတ်ဆင်လျက် ရထားမြတ်ကိုစီး၍ အမတ်အပေါင်းခြံရံကာ ရွာနိဂုံးဇနပုဒ် မင်းနေပြည်ဝယ် ... ကောင်းကင်၌ရပ်လျက် -
“အို-လူအပေါင်းတို့... အကုသိုလ်ဒုစရိုက် ဆယ်ပါးကို ရှောင်ကြဉ်ကြကုန်၊ ကုသိုလ်သုစရိုက်ဆယ်ပါးကို ဖြည့်ကျင့်ကြကုန်၊ အမိအဘကို လုပ်ကျွေးကြကုန်၊ ဤသို့ ပြုသည်ရှိသော် နတ်ပြည်သို့လား၍ ကြီးမားသော စည်းစိမ်ချမ်းသာခံစားကြရကုန်လတ္တံ့”ဟု ကြွေးကြော်လျက် ဇမ္ဗူဒိပ်ကို လက်ျာရစ်လှည့်လည်လေ၏။
တရားဖျက်လတ် အဓမ္မနတ်
အဓမ္မနတ်သားလည်း ရထားမြတ်ကို စီးလျက် အမတ် အပေါင်း ခြံရံ၍ အကုသိုလ်ဒုစရိုက်ကို ပြုကြကုန် စသည်ဖြင့် ကြွေးကြော်လျက် ဇမ္ဗူဒိပ်ကျွန်းကို လက်ဝဲရစ်လှည့်လည်လေ၏၊ ထိုနှစ်ယောက်သော နတ်သားတို့၏ ရထားတို့သည် ကောင်းကင်တနေရာတွင် ရှေးရှု ဆိုင်မိကြကုန်၏၊ အချင်းချင်းမေးကြရာ ငါတို့ကား ဓမ္မနတ်သား၏ ပရိသတ်ဖြစ်သည်၊ ငါတို့ကား အဓမ္မနတ်သား၏ ပရိသတ် ဖြစ်သည်ဟု အသီးအသီးပြောဆိုလျက် လမ်းခရီးမှ ဆင်းသက်ကြကုန်၏၊ ထိုအခါ ဓမ္မနတ်သားသည်
“အို-အဓမ္မနတ်သား...ငါကားလူတို့၏စည်းစိမ် ချမ်းသာကိုပြု၏၊ လူတို့အား ကုသိုလ်ကောင်းမှုကို ပြုစေ၏၊ ရဟန်းပုဏ္ဏားတို့အား အမြဲချီးမွမ်း၏၊ ဓမ္မနတ်သားဖြစ်သောငါသည် လူနတ်တို့အပူဇော် ကိုခံရ၏၊ ငါ့အား ခရီးလမ်းသည်ထိုက်၏၊ ခရီးလမ်း ကိုပေးပါလော့”
ဟု ရှေးဦးစွာပြောဆိုလေ၏၊ ထိုအခါ အဓမ္မနတ်သား သည်–
“အို-ဓမ္မနတ်သား...ငါကား အဓမ္မရထားကို မြဲစွာစီး၏၊ မကြောက်ရွံ့၊ အားကြီး၏၊ ဘယ် အကြောင်းကြောင့် ငါသည် မပေးဘူးသော လမ်း ခရီးကို သင့်အား ယခုပေးရအံ့နည်း”။
ဓမ္မ-အဓမ္မ လမ်းလုကြ
“အို-အဓမ္မနတ်သား...လောက၌ စင်စစ်ရှေးဦးစွာ ကုသိုလ်တရားသည် ထင်ရှားဖြစ်ခဲ့၏၊ နောက်မှ အကုသိုလ်တရားသည် ထင်ရှားဖြစ်ခဲ့၏၊ ငါသည် ကြီးလည်းကြီး၏၊ မြတ်လည်းမြတ်၏၊ ရှေးလည်းဖြစ်၏၊ ငယ် သောသင်သည် ကြီးသော ငါ့အား လမ်းခရီးမှ ဖယ်ပါလော့”။
“အို-ဓမ္မနတ်သား... တောင်းရမ်းသဖြင့်၎င်း၊ သင့်တင့်စွာ ပြောဆိုသဖြင့်၎င်း သင့်အားလမ်းခရီးကို ငါမပေး၊ သင်နှင့်မထိုက်၊ ယခုငါတို့နှစ်ယောက်အား စစ်ထိုးခြင်းဖြစ်ပါစေ၊ စစ်ထိုးရာ၌ အောင် နိုင်သူအား လမ်းခရီးလည်း ဖြစ်ပါစေ”။
အို-အဓမ္မနတ်သား...ငါသည် အရပ်ရှစ် မျက်နှာတို့၌ ပျံ့နှံ့ထင်ရှား၏၊ ခွန်အားကြီး၏၊ မနှိုင်းယှဉ်အပ်သောအခြံအရံရှိ၏၊ ငါနှင့်တူသူမရှိ၊ ဂုဏ်အင်္ဂါအလုံးစုံနှင့် ပြည့်စုံသော ငါဓမ္မနတ်သားကို သင်အဘယ်ကြောင့် အောင်နိုင်လိမ့်မည်နည်း”။
“အို-ဓမ္မနတ်သား စင်စစ်သံဖြင့်ရွှေကို ဖြတ် နိုင်၏၊ ရွှေဖြင့် သံကိုမဖြတ်နိုင်၊ အကယ်၍ယခုအခါ ငါအဓမ္မနတ်သားသည် သင်ဓမ္မနတ်သားကို သတ်ငြားအံ့ သံသည် ရွှေကို ဖျက်ဆီးသကဲ့သို့ ဖြစ်ပေမည်”။
“အို-အဓမ္မနတ်သား... အကယ်၍ သင်သည် စစ်ထိုးခြင်း၌ အားရှိသည်ဖြစ်အံ့၊ သင်အားကြီးသူ အရိုအသေပြုသူတို့မရှိကုန်၊ ချစ်သည်ဖြစ်စေ, မချစ် သည်ဖြစ်စေ သင့်အားလမ်းခရီးကို ငါပေး၏၊ သင်၏ကြမ်းကြုတ်သောစကားတို့ကိုလည်း ငါသည်း
ခံ၏။
အကုကံကြီးလှ အဝီစိကျ
ဤသို့ ပြောဆိုသောခဏ၌ အဓမ္မနတ်သားသည် ရထားထက်၌ မတည်နိုင်ဘဲ ဦးခေါင်းစောက်ထိုး မြေသို့ကျ၍ မြေမျိုပြီးလျှင် အဝီစိငရဲ၌ ခံရလေ၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍–
“ရဟန်းတို့... စစ်ထိုးလိုသော အဓမ္မနတ်သားသည် ဓမ္မနတ်သား၏စကားကို ကြားရ၍ ဦးခေါင်း စောက်ထိုး ခြေမိုးမျှော်ဖြစ်လျက် စစ်မထိုးရပြီ ပြောဆိုကာ အောက်သို့ကျလေ၏၊ ဤသို့ကျသဖြင့် အဓမ္မနတ်သားကို သတ်အပ်သည်မည်၏”။
“ရဟန်းတို့ သည်းခံခြင်းအားနှင့် ပြည့်စုံ၍ အလွန် အားကြီးလျက် မှန်ကန်သော လုံ့လရှိသဖြင့် စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသော ဓမ္မနတ်သားသည် အဓမ္မနတ်သား၏ စစ်ဗိုလ်ထုကို အောင်နိုင်၍ အဓမ္မနတ်သားကိုသတ်ကာ မြေသို့ ကျစေပြီးလျှင် မြှုပ်သတ်၍ ရထားကိုစီးလျက် လမ်းခရီးဖြင့် သွားလေ၏”။
“ရဟန်းတို့... အိမ်၌ရှိသော အမိအဘနှင့် ရဟန်းပုဏ္ဏားတို့ကို အရိုအသေ မပြုသောသူသည် ဤလောက၌ပင် ကိုယ်ခန္ဓာကို စွန့်ပစ်၍ အဓမ္မ နတ်သားသည် ဦးခေါင်းစောက်ထိုး ကျသကဲ့သို့ ထို့အတူ သေလွန်သောအခါ ငရဲသို့ လားရ၏”၊
“ရဟန်းတို့... အိမ်၌ရှိသော အမိအဘနှင့် ရဟန်းပုဏ္ဏားတို့ကို အရိုအသေ ပြုသောသူသည် ဤလောက၌ပင် ကိုယ်ခန္ဓာကို စွန့်ပစ်၍ ဓမ္မနတ်သားသည် မိမိရထားကို စီး၍သွားရသကဲ့သို့ ထိုအတူ သေလွန်သောအခါ သုဂတိသို့ လားရ၏”။ ဟု ရဟန်းတို့အား ဟောကြားဆုံးမတော်မူ၏။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့...
*ထိုအခါ အဓမ္မနတ်သားသည်-ယခုအခါဒေဝဒတ်။
*အဓမ္မနတ်သား၏ ပရိသတ်သည်-ဒေဝဒတ်၏ ပရိသတ်။
*ဓမ္မနတ်သား၏ ပရိသတ်သည်-ငါဘုရား၏ပရိသတ်။
*ဓမ္မနတ်သားသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ဓမ္မနတ်ကား၊ လူအများ၊ ပြောကြားပြကုသိုလ်။
(၂) အဓမ္မနတ်ဆိုး၊ လူတရိုး၊ နှိုးဆော်အကုသိုလ်၊
(၃) နတ်နှစ်ဦးသား၊ တွေ့ဆုံငြား၊ ကြုံးဝါးစစ်ထိုးလို။
(၄) ဓမ္မသည်းခံ၊ အားကြီးပြန်၊ ရန်စစ်အောင်သကို။
(၅) မြေမျိုအဓမ္မ၊ ဝီစိကျ၊ ခံရရှုံးသကို။
(၆) ရဟန်း, ပုဏ္ဏား၊ မိဘအား၊ ညွှတ်တွားကြစေလို။
(၇) တရားမသက်၊ အမှားဘက်၊ ပျက်လိမ့်မလွဲဆို။
ဓမ္မဒေဝပုတ္တဇာတ် ပြီး၏။
***
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။