ဒုဒ္ဒဒဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၃။ ကလျာဏဝဂ် -၁၈၀ - ဒုဒ္ဒဒဇာတ်။ ။ အလှူ၏အကျိုးကိုသိ၍ အလှူ၏ အကျိုးကို များစွာရအောင် ပေးလှူနိုင်ခဲ့ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ညီညာလှူပြု လျှောက်ထားမှု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့တော်ဝယ် တိုင်ပင်ညီညွတ်ကာ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ကြလျက် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူကြကုန်၏။

ခုနစ်ရက်မြောက်သောနေ့ဝယ် ဒါယကာ အပေါင်းတို့တွင် အကြီးဆုံးဖြစ်သော ဒါယကာသည် မြတ်စွာဘုရားကို “အရှင်ဘုရား ... ယခု အလှူကြီး ပေးလှူရာဝယ် များစွာပေးလှူသူတို့လည်း ရှိကြသည်၊ အနည်းငယ် ပေးလှူသူတို့လည်း ရှိကြသည်၊ အကျိုးမှာကား - ထိုသူအားလုံးတို့ပင် အကျိုးများစွာ ရကြစေဟု အမျှပြု၍ ပေးပါသည်” ဟု လျှောက်ထား၏။

မြတ်စွာဘုရားသည် “ဒါယကာ ... သင်တို့သည် အလှူ၏အကျိုးကို များစွာရအောင် အမျှပြု၍ပေးခြင်းကား မွန်မြတ်သောအမှုကို ပြုလုပ်ခြင်း ဖြစ်သည်။ ရှေးပညာရှိတို့သည် ဤနည်းအတူသာလျှင် အလှူအကျိုးကို အမျှပြု၍ ပေးဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မြို့ရွာကြွလာ ဆွမ်းခံရှာ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်သည်ရှိသော် တက္ကသိုလ်ပြည်၌ အတတ်ပညာ အလုံးစုံကို သင်ကြားတတ်မြောက်ပြီးလျှင် အိမ်ရာထောင်ခြင်းကို စွန့်ပယ်ကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်တွင် ကြာမြင့်စွာနေလေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲလို၍ လူတို့နေရာ ဇနပုဒ်သို့ လှည့်လည်လတ်သော်ဗာရာဏသီပြည်သို့ရောက်၍ မင်းကြီးဥယျာဉ်၌နေကာ နက်ဖြန်နေ့ဝယ် အခြံအရံ ရသေ့တို့နှင့်တကွ မြို့တံခါးအနီးဖြစ်သော ရွာသို့ ဆွမ်းခံကြွလေ၏။ လူတို့သည် ဆွမ်းကို လှူဒါန်းကြကုန်၏။

သန်ဘက်ခါနေ့ဝယ် ဗာရာဏသီမြို့တော်တွင်းသို့ ဆွမ်းခံကြွတော်မူ၏။ လူတို့သည် အလွန်ကြည်ညိုကြသဖြင့် ဆွမ်းကို လှူဒါန်းပြီးလျှင် အသင်းအပင်း ဖွဲ့စည်းကြလျက် တိုင်ပင်ညီညွတ်ကာ လှူဖွယ်ဝတ္ထုတို့ကို စီရင်ပြီးလျှင် ရသေ့တို့အား အလှူကြီး ပေးလှူကြကုန်၏။

အလှူအကျိုးများ မေးလျှောက်ထား[ပြင်ဆင်ရန်]

ထိုဒါယကာတို့တွင် အကြီးဆုံးဖြစ်သော ဒါယကာသည် ဆရာ ရသေ့ကြီးကို “အရှင်ဘုရား ... ယခုအလှူကြီး ပေးလှူရာဝယ် များစွာ ပေးလှူသူတို့လည်း ရှိကြသည်၊ အနည်းငယ် ပေးလှူသူတို့လည်း ရှိကြသည်၊ ထိုသို့ရှိကြရ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အကျိုးမှာကား လူအားလုံးတို့ပင် များစွာရကြပါစေဟု အညီအမျှပြု၍ ပေးပါသည်” ဟု လျှောက်လေ၏။

ဆရာ ရသေ့ကြီးလည်း -

“ဒါယကာတို့သည် ... ပညာမဲ့ သူယုတ်မာတို့သည် လှုဒါန်းခြင်းအမှုကို မပြုလုပ်နိုင်ကြကုန်၊ ပညာရှိသူတော်ကောင်းတို့သာ လှူဒါန်းခြင်းအမှုကို ပြုလုပ်နိုင်ကြကုန်၏။ ပညာမဲ့သူယုတ်မာတို့သည် လှူဒါန်းခြင်းအကျိုးကို မသိနိုင်ကြကုန်၏၊ ပညာရှိသူတော်ကောင်းတို့သာ လှူဒါန်းခြင်းအကျိုးကို သိနိုင်ကြကုန်၏။ ထို့ကြောင့် ဤဘဝမှ သေလွန်သည်ရှိသော် ပညာရှိသူတော်ကောင်းတို့နှင့် ပညာမဲ့သူယုတ်မာတို့မှာ သွားလာရာဂတိခြင်း မတူကြပေ၊ ပညာမဲ့သူယုတ်မာတို့မှာ ငရဲသို့လားကြရ၍ ပညာရှိသူတော်ကောင်းတို့မှာကား နတ်ပြည်သို့ လားကြရကုန်၏” –

ဟု အနုမောဒနာပြုပြီးလျှင် မိုးလေးလပတ်လုံးနေ၍ မိုးကျွတ်သည်ရှိသော် ဟိမဝန္တာဈာန်ရှိသည် ဖြစ်၍ ဗြဟ္မာပြည်သို့လားကြရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရသေ့အပေါင်းသည် - ယခုအခါ ငါဘုရားပရိသတ်။

ဆရာရသေ့သည်- ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ပညာမဲ့စု၊ သူယုတ်စု၊ လှူမှုခဲယဉ်း၏။

(၂) ပညာရှိများ၊ သူတော်များ၊ လှူကားပြုလွယ်၏။

(၃) ပညာမဲ့ကား၊ ငရဲလား၊ နတ်လားပညာရှိ။

ဒုဒ္ဒဒဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ