ဒုတိယ ဥပက္ခဋသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုတိယ ဥပက္ခဋသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လေးစားလိုက်နာရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[၁]
သမိုင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ တစ်ခုသောအချိန်တွင် ယောက်ျားတစ်ယောက်သည် အခြားယောက်ျားတစ်ယောက်အား “အသျှင်ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့” ဟု ပြော၏။ ထိုယောက်ျားကလည်း မိမိသည်လည်း “ အသျှင်ဥပနန္ဒာအား သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့” ဟု ဆို၏။ ထိုသို့ ပြောသည်ကို ရဟန်းတစ်ပါးသည် ကြား၏။ ထို့နောက် ထိုရဟန်းအား ဤအကြောင်းကို ပြောပြ၏။
ထိုအခါ အသျှင်ဥပနန္ဒသည် ယောက်ျားတို့ထံသို့ ချဉ်းကပ်ကာ “သင်တို့သည် ငါ့ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလိုပါက ဤသို့ သဘောရှိသော သင်္ကန်းဖြင့် ဖုံးလွှမ်းကြလော့၊ ငါမသုံးဆောင်သော သင်္ကန်းတို့ဖြင့် ဖုံးလွှမ်းသော်လည်း အဘယ်ပြုအံ့နည်း” ဟု ဆို၏။
ထိုအခါ ယောက်ျားတို့သည် “ဤရဟန်းတို့ကို သင်္ကန်းဖြင့် ဖုံးလွှမ်းခြင်းငှါ မလွယ်ကူပေ၊ အဘယ်ကြောင့် အသျှင်ဥပနန္ဒသည် ငါတို့သည် ရှေးက မဖိတ်ကြားအပ်ဘဲ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ြခင်းသို့ ရောက်ဘိသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက် အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။
မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “မှန်ကန်ပါသလား” ဟု မေးရာ “မှန်ကန်ကြောင်း” ဖြေကြား၏။ ထို့နောက် အသျှင်ဥပနန္ဒအား “သင်နှင့်ဆွေမျိုးတော်စပ်ပါသလား” ဟု မေးရာ “မတော်စပ်ကြောင်း” ဖြေကြား၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]
သိက္ခာပုဒ်
[ပြင်ဆင်ရန်]“ရဟန်းကိုသာလျှင် ရည်ညွှန်း၍ နှစ်ဦးကုန်သော ဆွေမျိုးမတော်စပ်ကုန်သော အိမ်ရှင်တို့သည်လည်းကောင်း၊ အိမ်ရှင်မတို့သည်လည်းကောင်း၊ အသီးသီးသော သင်္ကန်းဖိုးတို့ကို ‘ငါတို့သည် ဤအသီးသီးသော သင်္ကန်းဖိုးတို့ဖြင့် အသီးသီးသော သင်္ကန်းတို့ကို ဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းတို့ဖြင့် ဖုံးလွှမ်းကုန်အံ့’ဟု စီရင်အပ်ကုန်၏၊ အကယ်၍ ထိုရဟန်းသည် ထိုဒါယကာတို့သို့ ရှေးက မဖိတ်ကြားအပ်ဘဲ ချဉ်းကပ်၍ ‘ဒါယကာတို့ တောင်းပန်တိုက်တွန်းပါသည်၊ ငါ့ကို ဤအသီးသီးသော သင်္ကန်းဖိုးတို့ဖြင့် ဤသို့သလောရှိသည်လည်းဖြစ်သော သင်္ကန်းကို ဝယ်၍ နှစ်ယောက်ဖြစ်ကြသူတို့သည် တစ်ပေါင်းတည်း ဖြစ်ကြကုန်လျက် ဖုံးလွှမ်းကြကုန်လော့’ဟု ကောင်းသည်ကို အလိုရှိသည်၏ အဖြစ်ကို စွဲ၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)[၁]