ဒီပိဇာတ်

ဝီကီပီးဒီးယား မှ

အဋ္ဌကနိပါတ် - (၄၂၆) ဒီပိဇာတ် ကြမ်းတမ်းယုတ်မာသော သစ်ထံပါးတွင်း ကြောင်းကျိုးပြ၍ အသနားခံသော်လည်း အချည်းနှီး ဖြစ်ရသော ဆိတ်မ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

တောင်ကြားကျက်စား ဆိတ်ကုလားများ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်မောဂ္ဂလာန်သည် တောင်တို့ဖြင့် ခြံရံအပ်သဖြင့် တံခါးတစ်ခုသာရှိသော ဂိရိဗ္ဗဇ ကျောင်း၌ သီတင်းသုံးတော်မူ၏။ ထိုတံခါးအနီး၌ စင်္ကြံတစ်ခုလည်း ရှိ၏။

ဆိတ်ကျောင်းသားတို့သည် ဆိတ်ကုလားတို့ကို တောင်ကြားသို့သွင်းလျက် ကစား၍ နေကြကုန်၏။ ညချမ်းသောအခါ ဆိတ်ကုလားတို့ကို ရုံးစု၍ သွားကြရာ ဆိတ်ကုလားမ တစ်ကောင်သည် အဝေးတွင် ကျက်စားနေသဖြင့် ကျန်ရစ်ခဲ့၏။ သစ်တစ်ကောင်သည် နောက်ဆုံးမှ ထွက်လာသော ဆိတ်ကုလားမကို မြင်လျှင် စားမည်ဟု တောင်ခြံတံခါး၌ ရပ်၏။

သစ်ဘေးလွတ်အောင် လုံ့လဆောင်[ပြင်ဆင်ရန်]

ဆိတ်ကုလားမလည်း ဟိုဟိုသည်သည် ကြည့်လတ်သော် သစ်ကိုမြင်၍ ဤသစ်ကား ငါ့ကိုစားလို၍ ရပ်နေဟန်တူသည်၊ အကယ်၍ ပြေးပါမူ မုချ သေရမည်၊ ယနေ့ ငါသည် ယောကျ်ားတကာတို့ ပြုရာသော လုံ့လကိုပြု၍ အသက်ဘေးမှ လွတ်အောင် ကြံမည်ဟု ဦးချိုတို့ကို ချီးမြှောက်လျက် သစ်ရှိရာသို့ ရှေးရှုပြေး၍ လျင်မြန်သော အဟုန်ဖြင့် တောကိုဖြတ်ပြီးလျှင် ဆိတ်ကုလားမအုပ်အတွင်းသို့ ဝင်လေ၏။ သစ်လည်း ဖမ်းမည်ဟု အားထုတ်စဉ် ပင် မမိလိုက်ဘဲ ကျန်ရစ်လေ၏။

ထိုအခါ ရှင်မောဂ္ဂလာန်သည် သစ်နှင့် ဆိတ်ကုလားမတို့ အခြင်းအရာကိုမြင်လျှင် နက်ဖြန် မြတ်စွာဘုရားထံ သွား၍ ထိုအကြောင်းကို လျှောက်ထား၏။ မြတ်စွာဘုရားသည် “ချစ်သား မောဂ္ဂလာန် … သစ်သည် ယခုအခါ၌ သာ ထို ဆိတ်ကုလားမကို မဖမ်းနိုင်၊ ရှေးအခါ၌ ကား မြည်တမ်းစဉ် လျှင် ဖမ်း၍ စားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ရသေ့ကျောင်းနီးနား ဆိတ်ကုလားများ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ မဂဓတိုင်း၌ ဘုရားအလောင်းသည် တစ်ခုသောအရွယ် စည်းစိမ်ဥစ္စာ ကြွယ်ဝသောအမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကာမဂုဏ်တို့ကို စွန့်ပယ်၍ ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် ကြာမြင့်စွာ ဟိမဝန္တာအရပ်၌ နေလေ၏။

တစ်နေ့သ၌ ရသေ့သည် ချဉ်ဆားမှီဝဲလိုသဖြင့် ဒေသစာရီ လှည့်လည်လတ်သော် ရာဇဂြိုဟ်ပြည်သို့ ရောက်၍ ဂိရိဗ္ဗဇအရပ်၌ လျှင် သစ်ရွက်မိုးသော ကျောင်းသင်္ခမ်း ဆောက်လုပ်ကာနေ၏။ ထိုအခါ ဆိတ်ကျောင်းသားတို့သည် ဂိရဗ္ဗဇအရပ်မှာပင် ဆိတ်ကုလားတို့ကို ကျောင်းကုန်၏။ ညချမ်းအခါ ဆိတ်ကုလားတို့ကို မောင်းနှင်၍ ပြန်ကြရာ ဆိတ်ကုလားမတစ်ကောင်သည် ကျန်ရစ်လေ၏။

သစ်ဘေးလွတ်ဖွယ် ဆိတ်မဥပါယ်[ပြင်ဆင်ရန်]

သစ်တစ်ကောင်သည် ဆိတ်ကုလားမကို မြင်လျှင် စားမည်ဟု တံခါးတွင်ရပ်ကာ နေ၏။ ထိုဆိတ်ကုလားမသည် သစ်ကိုမြင်လျှင် ယနေ့ ငါ့မှာ အသက်ရှိမည် မဟုတ်၊ စင်စစ် ငါသည် လွတ်မြောက်အောင် လုံ့လပြုသင့်သည်၊ ဥပါယ်တစ်ခုဖြင့် သစ်နှင့်စကားပြော၍ စိတ်နှလုံးနူးညံ့အောင် ပြုမည်ဟု ကြံစည်ကာ -

“ဦးရီး … သင့်မှာ ကျန်းမာပါလော၊ မျှတပါ၏လော၊ အကျွန်ုပ် အမိသည် သင်၏ချမ်းသာခြင်းကို အလိုရှိပါ၏ဟု ပြောဆိုပါသည်၊ အကျွန်ုပ်တို့သည် သင်၏ ချမ်းသာခြင်းကို အလိုရှိပါကုန်၏” –

ဟု သစ်အား ပဋိသန္ဓာရစကား ပြောကြားလေ၏။

ဆိတ်မပြစ်ရှာ စားလိုရာ[ပြင်ဆင်ရန်]

သစ်သည် ဆိတ်ကုလားမ စကားကိုကြားလျှင် ငါ့ကို ဦးရီးဟု စကားဖြင့် လှည့်စားဘိ၏။ ငါ၏ ကြမ်းကြုတ်သည့်အဖြစ်ကို မသိလေဟု ကြံစည်ကာ -

“ဟယ်-ဆိတ်ကုလားမ … သင်သည် ငါ၏အမြီးကို နင်း၍ ပုတ်ခတ်ကာ လာဘိ၏၊ ယနေ့ သင်ကား ငါ့ကို ဦးရီးခေါ်သဖြင့် အသက်ဘေးမှ လွတ်လိမ့်မည် မှတ်ထင်သလော” –

ဟု ဆိတ်ကုလားမအား ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ဆိတ်ကုလားမသည် -

“ဦးရီး … သင်ကား အရှေ့သို့ မျက်နှာပြု၍ နေဘိ၏၊ ငါကား သင့်ရှေ့မျက်နှာသို့ လာခဲ့၏၊ ငါသည် သင်၏ နောက်၌ တည်ရှိသော အမြီးကို အဘယ်သို့ နင်းနိုင်မည်နည်း” –

ဟု တစ်ဖန် ပြောဆိုပြန်၏။

ထိုအခါ အသက်ဘေးမှ လွတ်မြောက်ရန် တောင်းပန်သော ဆိတ်မကို အပြစ်ရှာလိုသော သစ်သည် -

“ဟယ် - ဆိတ်ကုလားမ … တော, တောင်, သမုဒ္ဒရာနှင့်တကွ ကျွန်းကြီး လေးကျွန်းတို့သည် တည်ရှိကုန်၏၊ ထိုမျှလောက်သော အရပ်ကို ငါ၏အမြီးသည် ပတ်ရံကာ တည်ခဲ့၏၊ သင် ဘယ်လို ကြဉ်ရှောင်နိုင်မည်နည်း” –

ဟု ဘယ်နေရာမျှ အမြီးနှင့် မလွတ်အောင် ပြောဆိုပြန်၏။ ထိုအခါ ဆိတ်ကုလားမသည် သစ်၏စကားကို ကြားပြန်လျှင် -

“ဦးရီး … ရှေးအခါ၌ လျှင် မိဘမောင်းဘွားတို့သည် ပြစ်မှားသော သစ်၏ အမြီးသည် ရှည်လှ၏ဟု ပြောဆိုသော စကားကို ငါတို့ ကြားဖူးကုန်၏၊ ထို့ကြောင့် ငါသည် ကောင်းကင်ဖြင့် လာခဲ့ပါ” –

ဟု အပြစ်လွတ်ရာ လွတ်ကြောင်းကို တောင်းပန်ပြောဆိုပြန်၏။

ဆင်ခြေပေးလည်း အချည်းနှီး[ပြင်ဆင်ရန်]

ထိုအခါ သစ်သည် စားလို၍ ဆိတ်ကုလားမအား မလွတ်နိုင်အောင် အပြစ်ရှာလိုပြန်သဖြင့် -

“ဟယ် - ဆိတ်ကုလားမ … ကောင်းကင်၌ လာသော သင့်ကိုမြင်၍ ငါ့အစာဖြစ်သော သားအပေါင်းတို့သည် ပြေးကြကုန်ပြီ၊ သို့အတွက် သင်သား ငါ၏ အစာကို ဖျက်ဆီးဘိ၏” –

ဟု ပြောဆို စွပ်စွဲပြန်၏။ ဆိတ်ကုလားမသည် ထိုစကားကိုကြားလျှင် သေဘေးမှ ကြောက်သဖြင့် အကြောင်း တစ်ပါး မရှာနိုင်တော့ရကား “ဦးရီး … ကြမ်းကြုတ်သော အမှုကို မပြုပါလင့်၊ ငါ့အား အသက်ကို ချမ်းသာပေးပါလော” ဟု တောင်းပန်ကာ မြည်တမ်းလေ၏။ သစ်လည်း ဆိတ်ကုလားမ မြည်တမ်းစဉ် ပင်လျှင် ကိုက်သတ်၍ စားလေ၏။

ကြမ်းကြုတ်သူမိုက် လုံ့လစိုက်[ပြင်ဆင်ရန်]

သဗ္ဗညု မြတ်စွာဘုရားလည်း ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … သတ္တဝါတို့ အသွေးအသားကို သောက်စားသော သစ်သည် ဤသို့ မြည်တမ်းစဉ် လျှင် ဆိတ်ကုလားမ၏ လည်ပင်းကို ကိုက်ဝါးလေ၏၊ ပြစ်မှား ကြမ်းကြုတ်သောသူ၌ ကောင်းစွာဆိုအပ်သော စကားသည့် အကျိုးမရှိချော၊ ပြစ်မှားကြမ်းကြုတ်သောသူ၌ အကြောင်းလည်း မရှိချေ၊ တရားသဘောလည်း မရှိချေ၊ ကြမ်းကြုတ်ပြစ်မှားသူ၌ လုံ့လပြုရာ၏၊ ကြမ်းကြုတ်ပြစ်မှားသူသည် စကားကောင်းကို မနှစ်သက်” –

ဟု ရဟန်းတို့အား ဆုံးမတော်မူ၏။ ထိုစဉ် အခါ ရသေ့လည်း ထိုဆိတ်ကုလားမနှင့် သစ်တို့၏ အဖြစ်အပျက် အမူအရာ အလုံးစုံကို ကိုယ်တိုင်မြင်ရလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ ဆိတ်ကုလားမသည် - ယခုအခါလည်း ဆိတ်ကုလားမ။

• သစ်သည် - သစ်။

• ရသေ့သည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကြမ်းကြုတ်ပြစ်မှား၊ သူ့ထံပါး၊ စကားဆိုကျိုးကွာ။

(၂) သဘောတရား၊ ကင်းမဲ့ငြား၊ ကြိုးစားလွတ်အောင်သာ။

(၃) စကားကောင်းလျက်၊ မနှစ်သက်၊ သူပျက်ဘေးကင်းကွာ။

ဒီပိဇာတ် ပြီး၏။

အဋ္ဌကနိပါတ် စကားပြေ ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ