ဒါရကောဝါဒ

ဝီကီပီးဒီးယား မှ

ကျောင်းသားသူငယ်များကို ဆုံးမရန်

  1. ရတနာသုံးပါး၊ ထွတ်မြတ်ဖျား၊ ဝတ်တွားဥုးနှိမ်ကာ၊
  2. ဒါရကောဝါဒ၊ ဆိုမိန့်ဟ၊ ချိုဆိမ့်ကြနားမှာ၊
  3. ပညာမရှိ၊ မိုက်ခေါင်ထိ၊ မသိအရာရာ၊
  4. ပညာသုတ၊ ရှိပါမှ၊ သိရအဖြာဖြာ၊
  5. ပညာရှိအောင်၊ သတိဆောင်၊ အမောင်ကြိုးစားပါ၊
  6. လိမ်လိမ်မာမာ၊ အရာရာ၊ ပညာရှေ့သွားပါ၊
  7. ဘုရားဟောကြား၊ မြတ်တရား၊ ကြိုးစားသင်ကြပါ၊
  8. ရတနာသုံးပါး၊ မိ, ဘများ၊ ဝတ်တွားရိုသေကြ၊
  9. မထေမဲ့မြင်၊ ဘမိခင်၊ မင်းလျှင်မပြုနဲ့၊
  10. လူကြီးသူမ၊ ဆိုသမျှ၊ မင်းကမလှန်နဲ့၊
  11. ခေါ်လျှင်မကြာ၊ ဗျာ, ခင်ဗျာ၊ ထိုက်ရာထူးပါကွဲ့၊
  12. ခင်ဗျာ, ကျွန်တော်၊ လူကြီးပေါ်၊ ကောင်းကောင်းနော်ကွဲ့ ပြောပါတဲ့၊
  13. ကိုယ့်ထက်နည်းနည်း၊ ကြီးကထဲ၊ ခေါ်လည်းခင်ဗျာထူး၊
  14. ရဟန်း, ကိုရင် ခေါ်ပြန်လျှင်၊ အရှင်ဘုရား ထူး၊
  15. အင်း ဗျို ဝူးဝေ၊ ပါတုံးဟေ၊ ဧ ဟေ့ဟူ၍ မထူးနဲ့၊
  16. ပါလဲခင်ဗျာ၊ ဘယ့်နှယ်ဟာ၊ ပါပြုမယ်လို့တုံး၊
  17. ဤသို့ နှုတ်လှန်၊ လူကြီးထံ၊ ပြန်၍မင်းက၊ မအော်နဲ့၊
  18. ပါတုံး နင် ဗျို၊ အေး ငါ့ကို၊ ပြောဆိုမရိုင်းကြစေနဲ့၊
  19. နွားကျောင်းသားလား၊ မင်းကျောင်းသား၊ စိတ်ထားပြောဆိုယဉ်စေကွဲ့၊
  20. မင်းအောက် သူငယ်၊ မင်းနိုင်တယ်၊ မကျယ်လေနဲ့ကွယ်။
  21. ကိုယ့်အောက်ငယ်သော်၊ မောင်ထည့်ခေါ်၊ ကြီးသော်ကို ထည့်ခေါ်ပါကွဲ့၊
  22. အိမ်သို့ပြန်သွား၊ လမ်းအကြား၊ ကစား၍ကွဲ့ မနေနဲ့၊
  23. အိမ်သို့ရောက်က၊ မိနှင့်, ဘ၊ ဝတ်ချရိုသေ ရိုခိုးလေ၊
  24. အမေမိဘ၊ မှာသမျှ၊ မှတ်ခဲ့ကြကွဲ့၊ မမေ့နဲ့၊
  25. ကျောင်းထဲဝင်လာ၊ ပုဆိုးဟာ၊ ပြင်ကာဝတ်ခဲ့၊ ကောင်းကောင်းကွဲ့၊
  26. ခါးတောင်းကျိုက်လျှင်၊ ကျောင်းဝိုင်းပြင်၊ ကွင်းကာရှောင်ကွဲ့ မမိုက်နဲ့၊
  27. ငယ်လှကိုရင်၊ တွေ့လေလျှင်၊ သံဃာတော်တဲ့၊ ရိုသေကွဲ့၊
  28. လမ်း၌သံဃာ၊ တွေ့သောအခါ၊ အသာလက်အုပ် ချီထိုင်ကွဲ့၊
  29. ဝတ်မချသာ၊ လမ်းသွားရာ၊ တိမ်းကာ ရှောင်ကွဲ့ လက်အုပ်နဲ့၊
  30. ရဟန်း, ကိုရင်၊ အိပ်ရာပြင်၊ ဝင်၍ မတက်ကြလေနဲ့၊
  31. ဆရာသံဃာ၊ အနီးမှာ၊ လက်အုပ်ချီကာ ခစားကွဲ့၊
  32. လက်ကတော့ဆင်၊ စပယ်တင်၊ ဦးလျှင် သုံးကြိမ်ချနေကွဲ့၊
  33. သွားဆိုကာမှ၊ ဦးနှိမ်ချ၊ သွားကြလေကွဲ့၊ နောက်ဆုတ်တဲ့၊
  34. သင့်ရာကျတည့်၊ မျက်မှာလှည့်၊ ကြည့်ရှုလိုရာ၊ သွားလေကွဲ့၊
  35. မကုန်းမတ်တတ်၊ နီးမကပ်၊ သိတတ်စေကွဲ့ မရိုင်းနဲ့၊
  36. ဧည့်ပရိသတ်များ၊ ရှိခဲ့ငြား၊ တခြားမှာကွဲ့၊ မနေနဲ့၊
  37. လက်ကတော့ဆင်၊ ဝတ်ပြီးလျှင်၊ အနီးတွင်ကွဲ့၊ နေပါတဲ့၊
  38. တို့ဆိတ်ဟာကွယ်၊ ဆော့ကျီဆယ်၊ မြေဝယ်ခြစ်ချုပ် မနေနဲ့၊
  39. တစ်စုံတစ်ရာ၊ လှူဒါန်းလာ၊ လဲလှယ်ပါကွဲ့၊ ကြည့်၍တဲ့၊
  40. မင်းသွားမောင်သွား၊ သည့်နှယ်များ စကားတွက်၍ မနေနဲ့၊
  41. ကောင်းကောင်းထပြီး၊ လဲ၍ပြီး၊ အနီးတွင်ကွဲ့၊ ထားပါတဲ့၊
  42. ဆွမ်း, ကွမ်းစသာ၊ ကပ်လိုပါ၊ ဒူးတုပ်ခါကွဲ့၊ ကပ်ပါတဲ့၊
  43. ရေတည် ခွက်တွင်၊ ရေထည့်လျှင်၊ ထွေးအင်နဲ့ကွဲ့၊ ထည့်ပါတဲ့၊
  44. လက်သုတ်ပဝါ၊ အနားမှာ၊ ထားပါလေကွဲ့၊ ဒန်ပူနဲ့။
  45. အနီးအပါးတွင်၊ လက်အုပ်ဆင်၊ ကုန်လျှင်လိုက်ကွဲ့၊ ဆွမ်းဟင်းတဲ့၊
  46. ကပ္ပိစရာ၊ ရှိခဲ့ပါ၊ အသာဆိတ်ကွဲ့၊ ပြတ်ရုံတဲ့၊
  47. ကပ္ပိယံကရောဟိ၊ ဆိုလိုရှိ၊ ကပ္ပိယံ ဘန္တေ၊ ဆိုဆိတ်လေ၊
  48. ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ခါကွဲ့၊ မစားနဲ့၊
  49. ထမင်းစားရာ၊ တစာစာ၊ များစွာစကားမပြောနဲ့၊
  50. ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစားကွဲ့၊ ဖိတ်စေနဲ့၊
  51. စားပြီးသောအခါ၊ စင်ကြယ်စွာ၊ ဆေးပါကြကွဲ့၊ ကောင်းကောင်းတဲ့၊
  52. လက်ယမ်းတိုင်ကွယ်၊ ထရံကွယ်၊ ပုန်းကွယ်၍ကွဲ့ မဆော့နဲ့၊
  53. ထောင့်ကြိုထောင့်ကြား၊ ဟိုအနား၊ စကားဆူလောင် မပြောနဲ့၊
  54. နှစ်ယောက်တပြူး၊ သုံးယောက်တတွဲ၊ ဟိုခန်းထဲ၊ ရယ်ပွဲခံ၍ မနေနဲ့၊
  55. သုံးရေသောက်ရေ၊ မရှိချေ၊ ရေကိုခတ်ကွဲ့၊ မတွက်နဲ့၊
  56. အတက်အဆင်း၊ ဖြည်းဖြည်းနင်း၊ ကြမ်းနင်းမပြင်း ကြစေနဲ့၊
  57. ဆရာသမား၊ ကျိန်းစက်ငြား၊ စကားများ၍ မနေနဲ့၊
  58. ဒိုးတောက် ညိုးညံ၊ ဗလောင်ဆံ၊ ကျိန်းပြန်လျှင်ကွဲ့ မဆော့နဲ့၊
  59. ထိုးခေါက်ပုတ်ခတ်၊ ရိုက်နှက်တတ်၊ သတ်ဖြတ်ခိုက်ရန် မဖြစ်နဲ့၊
  60. ဆဲရေးတိုင်းထွာ၊ ဖရုသာ၊ ဘယ်နေရာမှ မပြောနဲ့။
  61. လက်ရေးရေးခါ၊ ကိုယ့်ထက်သာ၊ ခံကာရေးကွဲ့၊ မပေါ့နဲ့၊
  62. အပေါ်လက်ရေး၊ ကြည့်၍ရေး၊ ကောင်းကောင်းရေးကွဲ့ မသော့နဲ့၊
  63. လက်ရေး-ရေးရင်း၊ အချင်းချင်း၊ အဖျင်းကိုကွဲ့ မပြောနဲ့၊
  64. လက်ရေးစာများ၊ ရေပြီးငြား၊ နှုတ်ဖျားရအောင် ကျက်ပါကွဲ့၊
  65. မပျင်းမရိ၊ လုံ့လရှိ၊ စာကိုထိအောင်၊ ဖတ်ပါကွဲ့၊
  66. လုံ့လရှိမှ၊ ပညာရ၊ မုချမှတ်ကွဲ့ တပည့်ရဲ့၊
  67. ကျောင်းအောက်ဆင်းသွား၊ ဟိုအနား၊ ကစား၍ကွဲ့ မနေနဲ့။
  68. တပိုတပါး၊ ဆရာသွား၊ တခြားမှာကွဲ့ မနေနဲ့၊
  69. အရပ်တပါး၊ ရောက်ပြန်ငြား၊ ကစားဆော့အော် မနေနဲ့၊
  70. ဆရာခေါ်က၊ အမြန်ထ၊ လာခဲ့ကြကွဲ့၊ အနီးကိုတဲ့၊
  71. အနီးသို့ရောက်လျှင်၊ လက်အုပ်ဆင်၊ ဦးတင်၍ကွဲ့ နေပါတဲ့၊
  72. ဆရာသံဃာ၊ မေးသောအခါ၊ ရိုသေစွာကွဲ့ လျှောက်ပါတဲ့၊
  73. တင်ပါ, မှန်ပါ, ဦးတင်ပါ၊ ပါ-တစ်လုံးကို သုံးပါကွဲ့၊
  74. ဘူး, တယ်ကိုဖျောက်၊ ပါ-ကိုလှောက်၊ လျှောက်တတ်စေကွဲ့ တပည့်ရဲ့၊
  75. ဆရာပြသ၊ ဆိုသမျှ၊ မင်းက ပြန်လှန် မပြောနဲ့၊
  76. ပညာရှိလို၊ ဖြည်းညှင်းဆို၊ သူ့ကိုမင်းက မတင်းနဲ့၊
  77. စကားတောက်ဆတ်၊ မဆိုအပ်၊ မုန်းတတ်တယ်ကွဲ့ ရန်စကားတဲ့၊
  78. ချိုသာလည်ပတ်၊ ပြောဆိုတတ်၊ ရန်ပြတ်စဲတဲ့ စကားကွဲ့၊
  79. ရေးရေးရာရာ၊ ချက်ချက်ချာ၊ လိမ္မာစေကွဲ့ ပါးစေကွဲ့၊
  80. ပညာသတိ၊ ရှိစေဘိ၊ သိတတ်စေကွဲ့ တပည့်ရဲ့၊
  81. အရာရာတွင်၊ လိမ္မာလျှင်၊ ကြာခင်ဘူးကွဲ့ ကြီးပွားရဲ့၊
  82. စည်, ကလတက်ခေါက်၊ ဝတ်တက်ရောက်၊ နောက်ကျရင်တဲ့ဒဏ်ထမ်းကွဲ့၊
  83. နံနက်အများတူ၊ မထမူ၊ ထို့တူဒဏ်ကို ထမ်းဆောင်ကွဲ့၊
  84. ဆရာသမား၊ နိုင်လိုငြား၊ ကြိုးစားလို့တဲ့၊ ဝတ်ပြုကွဲ့၊
  85. ဆရာသခင်၊ မေတ္တာဝင်၊ ကြာခင်ဘူးကွယ်၊ တတ်လိမ့်မယ်၊
  86. ထို့ကြောင့်ကြိုးစား၊ ငါ့ချစ်သား၊ အားပါးထုတ်၍၊ သင်ကြကွယ်၊
  87. စကားခေါ်ရယ်၊ ချေသန်းကျယ်၊ ပယ်ဖျောက်ကြရမည်၊
  88. ကျောင်းသို့ရောက်လျှင်၊ ဆရာရှင်၊ အလျင်ဦးချကြရမည်၊
  89. ဦးချကာလ၊ ပတိဋ္ဌိတ၊ အင်ငါးဝညီ၊ စုံရမည်၊
  90. ဆရာသမား၊ ပြောစကား၊ ကြားချပ် ဖြတ်သန်းကင်းရမည်၊
  91. သောဝစဿာ၊ မင်္ဂလာ၊ များစွာ နှလုံးသွင်းရမည်၊
  92. မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်များ၊ ရှောင့်ရှား ပယ်စွန့်ကြရမည်၊
  93. တရားဟောရာ၊ ရိုသေစွာ၊ လက်အုပ်ချီကာ နာရမည်၊
  94. ဂါထာရွတ်ပြီး၊ နက်ပေးပြီး၊ ကောင်းချီသာဓုခေါ်ရမည်၊
  95. အရှင်ဘုရား၊ ထိုစကား၊ များများသုံးနိုင်ကြရမည်၊
  96. ဤသို့ဆုံးမ၊ ဩဝါဒ၊ အရကျက်၍၊ ဆောင်ရမည်၊
  97. တသက်ပတ်လုံး၊ ဤနည်းထုံး၊ နှလုံးထား၍ ကျင့်ရမည်၊
  98. တပည့်ကျင့်တမ်း၊ ဆုံးမခန်း၊ နည်းလမ်း ဤတွင် ပြီးတော့သည်။

ဒါရကောဝါဒပြီး၏၊[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်