ဒဠှဓမ္မဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
သတ္တကနိပါတ် - ၂။ ဂန္ဓာရဝဂ် -(၄၀၉) - ဒဠှဓမ္မဇာတ် အမှုကိစ္စကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်နိုင်သောအခါ ချီးမြှောက်၍ မထမ်းဆောင်နိုင်သောအခါ ပစ်ပယ်နှိမ့်ချသော ဒဠှဓမ္မမင်းအား အပြစ်ဆိုသော ဆင်မအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ဆွေမျိုးအတွက် ကျင့်ကြံလျက်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူစဉ် ဥဒေနမင်း၏ ဘဒ္ဒဝတီ ဆင်မသည် အမှုကိစ္စသို့ မဆောင်ရွက်နိုင်၍ အိုမင်းသော ကာလ၌ မင်းထံမှ အခြံအရံ ပူဇော်သက္ကာရကို မရတော့သဖြင့် ကိုးကွယ်ရာ မရှိသည်ဖြစ်၍ တောအရပ်၌ ဆပ်သွားတို့ကို စားလျက် အသက်မွေးရ၏။
တစ်နေ့သ၌ ထိုဆင်မသည် မြတ်စွာဘုရား ဆွမ်းခံကြွလာသည်ကိုမြင်လျှင် ခြေတော်ရင်း၌ ဝပ်၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား … အကျွန်ုပ်သည် နုပျို၍ အမှုကိစ္စကို ရွက်ဆောင်နိုင်သော ကာလ၌ ငါ့မှာ ဤဆင်မကိုမှီ၍ အသက်ကို လည်းကောင်း၊ တိုင်းပြည်ကို လည်းကောင်း၊ မိဖုရားကို လည်းကောင်း၊ ရပေ၏ဟု များစွာသော စည်းစိမ် အခြံအရံကို ပေး၍ ပူဇော်သက္ကာရကို ပြုဘိ၏။ အမှုကိစ္စကို မဆောင်ရွက်နိုင်၍ အိုမင်းသောကာလ၌ စည်းစိမ်အခြံအရံပူဇော်သက္ကာရကိုဖြတ်၍ ထားသဖြင့် ကိုးကွယ်ရာမရှိဖြစ်ကာ တော်၌ ဆင်းဆင်းရဲရဲ အသက်မွေးရပါ၏။ ထိုဥဒေနမင်းအား ပြုမြဲတိုင်း စည်းစိမ် အခြံအရံ ပူဇော်သက္ကာရကို ပြုအောင် မိန့်တော်မူပါ” ဟု ငိုကြွေးကာ တောင်းပန် လျှောက်ထားလေ၏။
ဘုရားမိန့်ဟ စည်းစိမ်ရ
[ပြင်ဆင်ရန်]ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒဝတီ ဆင်းမအား သင်သွားလေ၊ ရှေးပကတိအတိုင်း ပြုအောင် အမိန့်ပေးမည်ဟု ဝန်ခံတော်မူ၍ ဥဒေနမင်း၏ အိမ်တံခါးသို့ ကြွတော်မူ၏။ ဥဒေနမင်းသည် မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့ကို ပင့်၍ ဆွမ်းကပ်လှူ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်ပေး၍ အနုမောဒနာပြုပြီးလျှင် ဥဒေနမင်းအား “မင်းကြီး … ဘဒ္ဒဝတီဆင်မ ဘယ်မှာနည်း” ဟု မေး၏။ “အရှင်ဘုရား … မသိပါ” ဟု လျှောက်၏။ “မင်းကြီး … ကျေးဇူးများသော သူတို့အား အခြံအရံကိုပေး၍ အိုမင်းသောအခါ အခြံအရံကို သိမ်းယူခြင်းသည် မသင့်လျော်၊ သူ့ကျေးဇူးကို သိခြင်းငှာ ဆပ်ခြင်းငှာ သင့်၏။ ယခုအခါ ဘဒ္ဒဝတီ ဆင်မသည် ဆင်းဆင်းရဲရဲ ဖြစ်၍ အသက်မွေးရသည်၊ ပေးမြဲတိုင်း စည်းစိမ် အခြံအရံကိုပေး၍ ပူဇော်သက္ကာရကို ပြုလော့” ဟု မိန့်တော်မူပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွလေ၏။ မင်းကြီးလည်း မြတ်စွာဘုရား မိန့်တော်မူသောအခါ ဘဒ္ဒဝတီ ဆင်မ၏ ကျေးဇူးကို သတိရ၍ ပေးမြဲတိုင်းသော စည်းစိမ်အခြံအရံကို ပေးစေ၍ ပူဇော်သက္ကာရကို ပြုတော်မူ၏။ ထိုအခါမှစ၍ ဘဒ္ဒဝတီ ဆင်မအား ချမ်းချမ်းသာသာ အသက်မွေးရ၏။
ရဟန်းတို့သည် တရားသဘင်၌ ဘဒ္ဒဝတီ ဆင်မအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ ဘဒ္ဒဝတီ ဆင်မ၏ ကျေးဇူးကို ဖော်ပြ၍ ပကတိအတိုင်း စည်းစိမ် အခြံအရံကို ရစေသည်မဟုတ်၊ ရှေးအခါ၌ လည်း ရစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ကျေးဇူမသိငြား မင်းပစ်ထား
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဒဠှဓမ္မမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်းထံ၌ အမတ် ဖြစ်လေ၏။ ထိုမင်းအား အားအစွမ်းနှင့် ပြည့်စုံသော ဩဋ္ဌဗျာဓိ မည်သော ဆင်မတစ်ကောင်လည်း ရှိ၏။ တစ်နေ့ချင်း ယူဇနာ တစ်ရာကို သွားနိုင်၏။ တပန်သည်တို့ အမှုကို ပြု၏။ စစ်ထိုး၏။ ရန်သူတို့ကို နှိမ်နင်း၏။
မင်းကြီးသည် ဩဋ္ဌဗျာဓိ ဆင်မအား အလွန်ကျေးဇူးများသည်ဟု များစွာသော စည်းစိမ်အခြံအရံကို ပေး၏။ ပူဇော်သက္ကာရကို ပြု၏။ အိုးမင်းသော ကာလ၌ ကား ပေးပြီးသော စည်းစိမ်အခြံအရံကို သိမ်းယူတော်မူ၏။ ထိုအခါ ဩဋ္ဌဗျာဓိ ဆင်မသည် ကိုးကွယ်ရာမရှိ ဖြစ်၍ တောအရပ်ဝယ် မြက် သစ်ရွက်တို့ကို စားကာ ဆင်းဆင်းရဲရဲ အသက်မွေးရ၏။
ဆင်မ ဖမ်းလေ မင်းခိုင်းစေ
[ပြင်ဆင်ရန်]ထိုအခါ မင်းကြီးအိမ်၌ အိုးတို့သည် မလောက်ကုန်။ မင်းကြီးလည်း အိုးထိန်းသည်ကို ခေါ်စေ၍ “အချင်း … အိုးမလောက်သတ်” ဟု ပြော၏။ “အရှင်မင်းကြီး … မှန်ပါ၏၊ နွားချေး ဆောင်ယူသောလှည်း၌ တပ်၍ မောင်းဖို့ နွားမရပါ” ဟု လျှောက်၏။ “အချင်း … ဩဋ္ဌဗျာဓိ ဆင်မ ဘယ်မှာနည်း” ဟု မေး၏။ “အရှင်မင်းကြီး … တော်၌ အလိုလို လှည့်လည်နေပါ၏” ဟု ပြော၏။ “အချင်း … ထိုဆင်မကိုယူ၍ နွားချေးလှည်း၌ တပ်၍ မောင်းလော့” ဟု အမိန့်ပေး၏။ အိုးထိန်းသည်လည်း ဆင်မကိုယူ၍ နွားချေးလှည်း၌ တပ်လျက် မောင်းလေ၏။ ဩဋ္ဌဗျာဓိ ဆင်မလည်း အလွန်ဆင်းရဲ၏။
ကျေးဇူးသိရန် အမတ် တောင်းပန်
[ပြင်ဆင်ရန်]တစ်နေ့သ၌ ဩဋ္ဌဗျာဓိ ဆင်မသည် မြို့မှထွက်၍ ညအခါ မြို့သို့ပြန်ဝင်သော အမတ်ကြီးကို မြင်လျှင် ခြေရင်း၌ ဝပ်ကာ ရှိခိုး၍ “အရှင် … မင်းကြီးသည် အကျွန်ုပ်ကို နုပျိုသောကာလ၌ စည်းစိမ် အခြံအရံကိုပေး၍ ယခု အိုမင်းသော ကာလ၌ ကား ပေးပြီးသော စည်းစိမ် အခြံအရံကို ရုပ်သိမ်း၍ ထားပါ၏၊ အမှတ်မရပါ၊ ကိုးကွယ်ရာမရှိ၊ တော၌ မြက်သစ်ရွက်တို့ကို စား၍ အသက်မွေးရပါ၏၊ သည်တွင်မကသေး နွားချေးလှည်းကို ဆွဲရန် အိုးထိန်းသည်လက်သို့ ပေးထားပါ၏။
အရှင်မှတစ်ပါး ကိုးကွယ်ရာမရှိပါ၊ မင်းကြီးသည် အကျွန်ုပ်၏ ကျေးဇူးကို သတိရ၍ ပေးမြဲတိုင်းသော စည်းစိမ်အခြံအရံကို ပကတိအတိုင်း ပြန်၍ ပေးအောင် စောင့်ရှောက်တော်မူပါ” ဟု ပြောဆို တောင်းပန်ကာ -
“အရှင် … အကျွန်ုပ်သည် အမှုကိစ္စကို ရွက်ဆောင်၍ ရင်၌ သန်လျက်ကိုဖွဲ့လျက် စစ်ထိုးရာ၌ လုံ့လပြုခြင်းကား ဒဠှဓမ္မမင်း၏ စိတ်ကို အကယ်၍ မနှစ်သက်စေပါမူ အဘယ်သူသည် နှစ်သက်စေနိုင်ပါမည်နည်း။
အကျွန်ုပ်၏ အားထုတ်အပ်သော ယောကျ်ားကောင်း အမှုကို လည်းကောင်း၊ စစ်ထိုးရာ၌ ကောင်းစွာ ပြုလုပ်အပ်သည်ကို လည်းကောင်း၊ တစ်နေ့ ယူဇနာတစ်ရာ အရောက်သွား၍ ပြုအပ်သော တပန်သည်အမှုကို လည်းကောင်း ဒဠှဓမ္မမင်းသည် မသိယောင်တကား။
အကျွန်ုပ်မှာ အဆွေခင်ပွန်း မရှိ။ ကိုးကွယ် အားထားရာ မရှိ၍ သေရယောင်တကား၊ ထိုကြောင့် နွားချေးလှည်းကို ရုန်းရသော အမှုကိစ္စကို ဆောင်ရွက်ရန် မင်းကြီးသည် အိုးထိန်းသည်အား ပေးအပ်ထား၏” -
ဟု အမတ်ကြီးအား ပြောကြားလေ၏။
ကျေးဇူးသိအောင် ရှေးရှုဆောင်
[ပြင်ဆင်ရန်]အမတ်ကြီးလည်း ဩဋ္ဌဗျာဒိ ဆင်မ၏ စကားကို ကြားလျှင် “ဩဋ္ဌဗျာဓိ …မစိုးရိမ်လင့်၊ ငါသည် မင်းကြီးအား ပြောဆို၍ သင့်အား ပေးမြဲတိုင်းသော စည်းစိမ် အခြံအရံကို ပြန်၍ ရစေမည်” ဟု ပြောဆိုကာ မြို့တွင်းသို့ ဝင်၍ နံနက်စာ စားပြီးသော် မင်းကြီးထံ ဆည်းကပ်၍ ဩဋ္ဌဗျာဓိ ဆင်မ၏ ဂုဏ်ကျေးဇူးတို့ကို ပြောဆိုပြီးလျှင် “အရှင်မင်းကြီး … ဩဋ္ဌဗျာဓိ ဆင်မ အဘယ်မှာနည်း” ဟု မေး၏။ “အမတ်ကြီး … နွားချေးလှည်း ရုန်းရန် အိုးထိန်းသည်အား ပေးထား၏” ဟု ပြော၏။ “အရှင်မင်းကြီး … အရှင်မင်းကြီးတို့ ပြုအပ်သော အမှုသည် အလျောက်ပတ်” ဟု ပြစ်တင် ပြောဆိုပြီးလျှင် -
“အရှင်မင်းကြီး … လူတို့သည် မိမိတို့ လိုလားတောင့်တသူကို လိုလားတောင့်တနေသမျှ ကာလပတ်လုံး ဆည်းကပ် ပေါင်းသင်းကုန်၏။ သင်မင်းကြီးသည် ဩဋ္ဌဗျာဓိကို စွန့်ပစ်သကဲ့သို့၊ အကျိုးမရှိသောအခါ စွန့်ပစ်ကြကုန်၏” –
“အရှင်မင်းကြီး … ရှေးဦးစွာ မိမိ အကျိုးစီးပွားကို ဆောင်ရွက်ဖူးသော ကျေးဇူးရှင်အား ပြန်လှန်ပေးဆပ်ရမည်၊ ကျေးဇူးတုံ့ကို မသိသောသူ၏ လိုလားတောင့်တအပ်သော အကျိုးစီးပွားသည် ဆုတ်ယုတ်ပျက်စီးကုန်၏၊ ရှေးဦးစွာ မိမိ အကျိုးစီးပွာကို ဆောင်ရွက်ဖူးသော ကျေးဇူးရှင်အား ပြန်လည် ပေးဆပ်ရမည့် ကျေးဇူးတုံ့ကို သိသောသူ၏ လိုလားတောင့်တအပ်သော အကျိုးစီးပွားတို့သည် ဖြစ်ထွန်း တိုးပွားကုန်၏”။
ဩဋ္ဌဗျာဓိ ဆင်မ စည်းစိမ်ပြန်ရ
[ပြင်ဆင်ရန်]“အို - အချင်းတို့ …ငါသည် ထိုအကြောင်းကြောင့် သင်တို့အား ပြောဆိုပေ၏။ ဤအရပ်သို့ စည်းဝေးရောက်လာကြကုန်သော သင်တို့ အလုံးစုံသည် သူပြုဖူးသော ကျေးဇူးကို သိကုန်လော၊ နတ်ပြည်၌ ကြာမြင့်စွာ နေကြကုန်လော” –
ဟု မင်းကြီးမှ စ၍ စည်းဝေး ရောက်လာကြသော သူတို့အား အဆုံးအမပေးလေ၏။ မင်းကြီးလည်း အမတ်ကြီး၏ ဆုံးမစကားကို ကြားလျှင် မိမိ၌ ပြုခဲ့ဖူးသော ကျေးဇူးကို သတိရ၍ ဩဋ္ဌဗျာဓိ ဆင်မအား ပေးမြဲတိုင်းသော စည်းစိမ် အခြံအရံကို ပကတိအတိုင်း ပြန်၍ ပေးတော်မူ၏။ အမတ်ကြီး၏ အဆုံးအမ၌ တည်လျက် ကြာမြင့်စွာ ကုသိုလ်ကောင်းမှုကို အားထုတ် ဆည်းပူး၍ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဩဋ္ဌဗျာဓိသည် - ယခုအခါ ဘဒ္ဒဝတီ။
မင်းကြီးသည် - အာနန္ဒာ။
အမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မလိုမပေါင်း၊ လိုရုံပေါင်း၊ မိတ်ကောင်း မဟုတ်ပါ။
(၂) ကျေးဇူးရှိသား၊ မသိငြား၊ ကျိုးကားပျက်စီးရာ။
(၃) ကျေးဇူးရှိသား၊ သိပြန်ငြား၊ ကျိုးကားဖြစ်ထွန်းရာ။
ဒဠှဓမ္မဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။