ဒဒ္ဒရဇာတ်

ဝီကီပီးဒီးယား မှ

(၃)ဇာတ် ရှိပါသည်။ ဒုကနိပါတ် - ၃။ ကလျာဏဝဂ် -၁၇၂ - ဒဒ္ဒရဇာတ်။ ။ မိမိအသံဖြင့် မိမိဇာတ်ကို သိစေသော ခြင်္သေ့မာန်တက်နေသည် မြေခွေးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

တရားဟောချင်လှ ကောကာလိက[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အကြားအမြင်များသော ရဟန်းတို့သည် သံဃာ့ပရိသတ်အလယ်၌ ကြည်ညိုဖွယ်သောအသံဖြင့် တရားဟောလေ့ရှိကုန်၏။

ထိုအခါ ကောကာလိကသည် မိမိညံ့ဖျင်းသေ အဖြစ်ကို မသိဘဲ တရားဟောလိုလှသဖြင့် ရဟန်းတို့အလယ်တွင် ငါတို့လည်း ကြည်ညိုဖွယ်သော အသံဖြင့် တရားဟောလိုပါသည်။ ငါတို့အားလည်း တရားဟောရန် အလှည့်ပေးကြပါ၊ ကြွေးကြော်ကာ နေလေ၏။ သံဃာ့ဘောင်တွင် ကောလာလိက တရားဟောလိုခြင်းသည် ထင်ရှားလေ၏။

ဆန်းကြည်ဝတ်ဆင် တရားပွဲဝင်[ပြင်ဆင်ရန်]

ရဟန်းတို့သည် တစ်နေ့သ၌ ကောကာလိက၏ အစွမ်းသတ္တိကို သိလိုကြသဖြင့် ကောကာလိကအား “ ငါ့ရှင် ကောကာလိက ... ယနေ့ သဃာ့အစည်းအဝေးတွင် တရားဟောရန်သင့်ကို အလှည့်ပေးမည် တရားဟောမည်လော” ဟု ပေးလေလျှင် ကောကာလိက “ကောင်းပြီး ဟောပါမည်” ဟု ဝန်ခံလေ၏။

နေဝင်၍ တရားနာရန်အချိန်ကို ကြွေးကြော်လတ်သော် ရဟန်းတို့သည် စည်းဝေးကြကုန်၏။ ထိုအခါ ကောကာလိကသည် လိပ်သရွေးပန်း အဆင်းနှင့်တူသော သင်းပိုင်ကိုဝတ်၍ မဟာလှေကားပန်း အဆင်းနှင့်တူသော ကိုယ်ဝတ်ကိုရုံကာ တရားဟောမဏ္ဍပ်တွင် ခင်းထားအပ်သော ဓမ္မကထိကနေရာ၌ ဆန်းကြယ်သောယပ်တောင်ကို ကိုင်လျက်နေလေ၏။

ပရိသတ် ကြောက်လွဲ အရှက်ကွဲ[ပြင်ဆင်ရန်]

ထိုခဏဝယ် ကောကာလိက ကိုယ်မှ ချွေးတို့သည် ယိုထွက်ကုန်၏။ ကြည်ညိုဖွယ်သော အသံဖြင့် တရားဟောမည်ဟု ဟန်ပြင်ကာ ရှေးဦးအစ ပထမပုဒ်ကို ရွတ်ဆိုပြီးသောအခါ ရွတ်ဆိုစရာပုဒ် ရှာမရတော့ဘဲ အရှက်ကွဲကာ တုန်လှုပ်လျက် နေရာမှထပြီးလျှင် မိမိပရိဝုဏ်သို့ ပြန်ရလေ၏။ ထိုအခါ အကြားအမြင်များသော တခြားဓမ္မကထိက တစ်ပါး တက်၍ ဟောရ၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ကောကာလိကအကြောင်း စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ “ရဟန်းတို့ .... ကောကာလိကသည် ယခုအခါ၌သာ မိမိပြောဆိုသောစကားဖြင့် မိမိညံ့ဖျင်းသော အဖြစ်ကို ထင်ရှားစေသည်မဟုတ်၊ ရှေးအခါ၌လည်း ထင်ရှားစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ခြင်္သေ့တုယူ မြေခွေးအူ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခြင်္သေ့မျိုး၌ဖြစ်၍ ခြင်္သေ့များစွာ၏ မင်းဖြစ်ကာ ဟိမဝန္တာအရပ်တွင် ငွေဂူ၍နေလေ၏။ ထိုဂူ၏ အနီးဖြစ်သော ဂူတစ်ခုတွင် မြေခွေးတစ်ကောင်သည် နေလေ၏။

တစ်နေ့သ၌ မိုးရွာသည်ရှိသော် အလုံးစုံသော ခြင်္သေ့တို့သည် ခြင်္သေ့မင်း ဂူတံခါး၌ စည်းဝေးကြကုန်လျက် ခြင်္သေ့သံကိုဟောက်၍ ပျော်မြူး ကစားကြကုန်၏။ ခြင်္သေ့တို့ဟောက်သံကို ကြားလျှင် မြေခွေးသည် အကြောမခံ ဟောင်လေ၏။

ချည်းနှီးညံ့လှ ကဲ့ရဲ့ကြ[ပြင်ဆင်ရန်]

မြေခွေး ဟောင်သံကိုကြားလျှင် ခြင်္သေ့တို့သည် မြေခွေးကား ငါတို့ကို ပြိုင်၍ ဟောင်ဘိသည်ဟု ရှက်စနိုးဖြစ်၍ ဆိတ်ဆိတ်သာ နေကြကုန်၏။ ထိုအခါ ခြင်္သေ့မင်း၏သား ဖြစ်သော ခြင်္သေ့ငယ်သည် ဖခင် ခြင်္သေ့မင်းအား -

“ဖခင် ခြင်္သေ့မင်း ... ကျယ်လောင်စွာသော အသံဖြင့် ငွေတောင်ကို ပဲ့တင်ထပ်စေလျက် ဟောင်ကာ မိမိအသံဖြင့် မိမိကိုယ်ကို သိစေသော သတ္တဝါကား အဘယ်မည်သော သတ္တဝါဖြစ်သနည်း။ ထိုအသံကို အတုပြု၍ ခြင်္သေ့တို့သည် မဟောက်ဝံ့ကုန်သလော” - ဟု မေးလ၏။ အဖခြင်္သေ့မင်းလည်း သားဖြစ်သော ခြင်္သေ့ငယ်အား -

“ချစ်သား ... ထိုဟောင်သော သတ္တဝါကား သားမျိုးတို့တွင် ဂုဏ်မရှိသော မြေခွေးဖြစ်၏။ ထိုမြေခွေး၏ အမျိုးဇာတ်ကို စက်ဆုပ်ကုန်သည်ဖြစ်၍ ခြင်္သေ့တို့သည် မဟောက်ဘဲ ဆိတ်ဆိတ်နေကြကုန်၏” ဟု ပြောကြားလေ၏။ ထိုမြေခွေးအား မိမိ ဟိန်းဟောင်သော အသံဖြင့်လျှင် အချည်းနှီး ညံ့ဖျင်းသော အဖြစ်ကို သိစေသည်။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မြေခွေးသည် - ယခုအခါ ကောကာလိက။

ခြင်္သေ့မင်း၏ သားငယ်သည် - ရာဟုလာ

ခြင်္သေ့မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ချည်းနှီးညံ့ဖျင်း၊ ကိုယ့်ရည်ချင်း၊ ကြွားခြင်းဖြင့်ပင်သိ။

(၂) ခြင်္သေ့အယောင်၊ မြေခွေးဆောင်၊ ဟောင်သံဖြင့်ပင်သိ။

ဒဒ္ဒရဇာတ် ပြီး၏။


စတုက္ကနိပါတ် - ၁။ ကာလိင်္ဂဝဂ် -(၃၀၄) ဒဒ္ဒရဇာတ်။ ။ အဖဖြစ်သော ဒဒ္ဒရနဂါးမင်းက နှင်ထုတ်လိုက်သဖြင့် မစင်စွန့်ရာ၌ မြွေ၏အသွင်ပြု၍ နေရရှာသော နဂါးညီနောင်ကို သူငယ်တို့နှိပ်စက်ရာ အမျက်ထွက်သည့် စူဠဒဒ္ဒရအား ဆိုဆုံးမသော မဟာဒဒ္ဒရနဂါးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတစ်ပါးသည် အမျက်ထွက်တတ်၏။ ရဟန်းတို့သည် တရားသဘင်၌ ထိုရဟန်း၏အကြောင်းကို စကားစပ်မ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်တို့... ဤရဟန်းသည် ယခုအခါ၌သာ အမျက်ထွက်တတ်သည်မဟုတ်၊ ရှေးအခါ၌လည်း အမျက်ထွက်တတ်သည်သာတည်း၊ အမျက်ထွက်သောကြောင့် ရှေးပညာရှိတို့သည် စင်ကြယ်သော နဂါးမင်း၏အဖြစ်၌ တည်ကုန်လျက် သုံးနှစ်တို့ပတ်လုံး ကျင်ကြီးတို့ဖြင့် ပြည့်သော မသန့်သောမြေ၌ နေရဖူးကုန်ပြီ၊” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

အမျက်ကြမ်းကြုတ် နဂါးယုတ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်ဝယ် ဒဒ္ဒရမည်သော တောင်ခြေရင်း၌ ဒဒ္ဒရမည်သော နဂါးပြည်တွင် ဒဒ္ဒရမည်သော နဂါးမင်းသည် မင်းပြုလေ၏။ ထိုနဂါးအား မဟာဒဒ္ဒရနှင့် စူလဒဒ္ဒရမည်သော သားတော် ညီနောင်နှစ်ဦးတို့သည် ရှိကုန်၏။ ထိုညီနောင်နှစ်ဦးတို့တွင် စူဠဒဒ္ဒရနဂါးသည် အမျက်ထွက်တတ်၏။ ကြမ်းကြုတ်၏။ နဂါးလုလင်မတို့ကို ဆဲရေးပုတ်ခတ်တတ်၏။

ခမည်းတော် ဒဒ္ဒရနဂါးမင်းသည် သားတော် စူဠဒဒ္ဒရနဂါး၏ ကြမ်းကြုတ်သော အဖြစ်ကိုသိလျှင် နဂါးပြည်မှနှင်ထုတ်စေ၏။ နောင်တော် မဟာဒဒ္ဒရနဂါးသည် ခမည်းတော်ကိုလည်း သည်းခံစေ၍ နှင်မထုတ်ဘဲ ထားလေ၏။ နှစ်ကြိမ်မြောက် နှင်ထုတ်စေရာ၌လည်း သည်းခံစေ၏။ သုံးကြိမ်မြောက်သောအခါ ဒဒ္ဒရနဂါးမင်းသည် မဟာဒဒ္ဒရရအား “သင်သည် ဤယုတ်မာသောအကျင့်ရှိသော နဂါးကို နှင်ထုတ်စေရာ၌ တားမြစ်ဘိ၏။ သင်တို့နှစ်ယောက်လုံး နဂါးပြည်မှ ထွက်၍ ဗာရာဏသီပြည်တွင် မစင်စွန့်ရာအရပ်၌ သုံးနှစ်ပတ်လုံး နေကြကုန်” ဟု နဂါးပြည်မှ နှင်ထုတ်လေ၏။

မစင်စွန့်ရာ သုံးနှစ်ကြာ[ပြင်ဆင်ရန်]

နဂါးညီနောင်တို့သည် ခမည်းတော်၏ အာဏာဖြင့် မစင်စွန့်ရာ မြေအရပ်သို့သွား၍ နေကြရကုန်၏။ ထိုအခါ ရေနား၌ အစာရှာကုန်လတ်သော် ရွာသူသားငယ်တို့မြင်လျှင် ပုတ်ခတ်လိုကုန်ရကား ခဲ၊ တုတ်၊ လှံတံတို့ဖြင့် ပစ်ကြကုန်၏။ “အချင်းတို့ ... ဖားစိမ်းစား ဤရေမွေတို့သည် ဦးခေါင်းကြီးကုန်၏။ အပ်နှင့်တူသောအမြီး ရှိကုန်၏။” အစရှိသော စကားတို့ကိုဆိုကာ ဆဲရေးကြကုန်၏။

သည်းခံတရား ဟောမြက်ကြား[ပြင်ဆင်ရန်]

စူဠဒဒ္ဒရနဂါးသည် ကြမ်းကြုတ်သောကြောင့် သူငယ်တို့ မထီမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်သည်ဖြစ်၍ အစ်ကိုအား -

“အစ်ကို ... ဤသူငယ်တို့အား အကျွန်ုပ်တို့ကို ဖားစိမ်းစား ဟူ၍လည်းကောင်း၊ ရေမြွေဟူ၍ လည်းကောင်း ပုတ်ခတ်ဆဲရေးကုန်၏။ လျင်သောအဆိပ်ရှိသည်၏အဖြစ်ကို မသိကြကုန်၊ ဤသူငယ်တို့ မထီမဲ့မြင်ပြုခြင်းကို သည်းမခံနိုင်၊ နှာခေါင်းလေဖြင့်မှုတ်၍ သတ်မည်” –

ဟု ပြောဆိုလေ၏။ စူဠဒဒ္ဒရအား -

“ညီငယ် ... မိမိတို့တိုင်းနိုင်ငံမှ နှင်ထုတ်သဖြင့် တစ်ပါးသော တိုင်းနိုင်ငံသို့ ရောက်နေသူတို့မှာ ကဲ့ရဲ့ရှုတ်ချဆဲရေးသော စကားတို့ကို ထည့်ထားရန် ကြီးစွာသောကျီကျကို ဆောက်လုပ်ရမည်။ အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အကျင့်သီလအားဖြင့် လည်းကောင်း မသိသောသူကို မည်သည့်အရပ်၌ဖြစ်စေ လူတို့သည် ပူဇော်ခြင်း၊ မြတ်နိုးခြင်းကို မပြုကြကုန်၊ ဂုဏ်ကျေးဇူးကိုမသိသော သူတို့အထံ၌နေသောသူသည် သည်းခံရမည်။ အရပ်တစ်ပါး၌နေသော ပညာရှိသည် ကျွန်အမှုလုပ်၏ မီးဘေးဖြင့် ခြိမ်ခြောက်ခြင်းကို သည်းခံရမည်” –

ဟု ပြောဆိုဆုံးမ၏။ ဤသို့လျှင် မဟာဒဒ္ဒရ၊ စူဠဒဒ္ဒရနဂါးညီနောင်တို့သည် ဗာရာဏသီပြည် မစင်စွန့်ရာအရပ်၌ပင် သုံးနှစ်ပတ်လုံး နေကြရကုန်၏။ အဖနဂါးမင်းသည် သုံးနှစ်ပြည့်သောအခါ နဂါးညီနောင်တို့တို့ ခေါ်စေ၏။ နဂါးညီနောင်တို့သည်လည်း ထိုအခါမှစ၍ အမျက်မာန်ကင်းကြကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်တော်မူပြီးလျှင် သစ္စာဆိုပြသည်၏အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ စူဠဒဒ္ဒရနဂါးသည် - ယခုအခါ အမျက်ထွက်သောရဟန်း။

မဟာဒဒ္ဒနရဂါးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဒေါသအမျက်၊ ဟုန်းဟုန်းထွက်၊ ပျက်စီးတတ်သည်သာ။

(၂) အရပ်တစ်ပါး၊ သွားရောက်ငြား၊ မမှားသည်းခံရာ။

(၃) မျိုးဇာတ်ကျင့်မူ၊ မသိသူ၊ မပူဇော်ပေရာ။

ဒဒ္ဒရဇာတ် ပြီး၏။


နဝကနိပါတ် - ၄၃၈။ ဒဒ္ဒရဇာတ်

ဗေဒင်တတ်သော ခါပညာရှိသည် လုလင်တို့အား ဗေဒင်သင်ပေးခြင်းအကြောင်း၊

ပစ္စုပ္ပန်ဝတ္ထု

ဘုရားကိုရန်ပြု သတ်လိုမှ

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် မြတ်စွာဘုရားကို သတ်ရန်အားထုတ်နေသော ဒေဝဒတ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

ပါမောက္ခဆရာကြီး တော၌မှီး

လွန်လေပြီးသောအခါ ဗာရာဏသီ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည် ရှိသော် ဒိသာပါမောက္ခ ဆရာကြီး တယောက်သည် တပည့်လုလင် ငါးရာတို့အား အတတ် ပညာသင်ကြားကာ နေ၏၊ တနေ့သ၌ ဆရာကြီးသည် ဗာရာဏသီပြည်တွင်း၌ နေသဖြင့် ကြောင့်ကြ များသည်၊ လုလင်တို့အား အတတ်ပညာ မပြီးဆုံးမီပင် ဟိမဝန္တာ တောသို့ဝင်၍နေမည်ဟု ကြံစည်လျက် ဟိမဝန္တာတောသို့ ဝင်ပြီးလျှင် လမ်းခရီးနှင့် မနီးမဝေး အရပ်ဝယ် ကျောင်းဆောက်၍ တပည့်လုလင် ငါးရာနှင့်အတူနေ၏၊ လုလင် ငါးရာတို့၏ဆွေမျိုးတို့နှင့် ပြည်သူပြည်သားတို့သည် ဆီ ဆန် ထောပတ် အစရှိသည်တို့ကို ထောက်ပံ့ကြကုန်၏။

ဆရာစုတေ ပူဆွေးလေ

မထင်ရှားသော ယောက်ျားတယောက်သည် နို့ရည် သောက်ရန် သားငယ်နှင့်တကွ နွားမကြီးကို ဆရာကြီးအား လှူဒါန်းထား၏၊ ကျောင်းအနီးတွင် သားငယ်နှစ်ကောင်နှင့် ဖွတ်မသည်နေ၏၊ အနီးရှိခြင်္သေ့, ကျား တို့လည်း ဆရာကြီးထံ ရံခါရံခါ ခစားလာကုန်၏၊ အနီး၌ ခါတကောင်လည်း အမြဲနေ၏၊ ဗေဒင်ရွတ်အံသရဇ္ဈာယ်သံကို မပြတ်နားထောင်သဖြင့် ဗေဒင်သုံးပုံကို တတ်မြောက်၏၊ လုလင်တို့နှင့်လည်း အလွန်အကျွမ်းဝင်၏။

နောက်အဖို့၌ ဗေဒင်သင်၍ မပြီးဆုံးသေးမီပင် ဆရာကြီးသည် သေလွန်လေ၏၊ တပည့်တို့သည် အလောင်းကို သင်္ဂြိုဟ်ပြီးလျှင် သဲပုံစေတီတည်ကာ ပန်းတို့ဖြင့် ပူဇော်လျက် ငိုကြွေးကြကုန်၏။

ခါပညာရှိ ဗေဒင်သိ

ထိုအခါ ခါသည် “အမောင်တို့... အဘယ်ကြောင့် ငိုကြွေးကြသနည်း”ဟု မေး၏၊ “အို-ခါ...အတတ်ပညာ မပြီးဆုံးမီ ဆရာကြီးသေလွန်သောကြောင့် ငိုကြွေးကြသည်” ဟု ပြော၏၊ “အမောင်တို့မစိုးရိမ်ကြလင့်၊ ငါသင်ကြား ပေးမည်”ဟု ပြော၏၊ “အို-ခါ... သင်ဘယ်လို ဗေဒင်ကို တတ်လာသနည်း” ဟု မေးသောအခါ “အမောင်တို့... သင်တို့ကို ဆရာကြီး သင်ကြားသောအသံကို ကြား၍ တတ်သည်”ဟုပြော၏၊ “အို-ခါ...ရွတ်အံ၍ပြပါ”ဟုပြောကြ၏၊ ထိုအခါ ... ခါသည် အလွန်ခက်ခဲသော အရာတို့၌ တောင်ထိပ်မှ မြစ်ရေစီးဆင်းသကဲ့သို့ ရွတ်အံ၍ လေ၏၊ ထိုအခါ လုလင်တို့သည် နှစ်သက်ကုန်လျက် ခါပညာရှိ ထံမှာပင် သင်ကြားကြကုန်၏၊ ခါပညာရှိလည်း တက္ကသိုလ် ဆရာကြီး၏ အရာ၌တည်၏၊ လုလင်တို့သည် ခါပညာရှိကို ရွှေချိုင့်ဖြင့် ထား၍ ပျားပေါက်ပေါက် စသည်တို့ဖြင့် မွေးမြူ ပူဇော်ကြကုန်၏၊ ထိုအခါမှစ၍ ခါပညာရှိသည် ဇမ္ဗူဒိပ်ကျွန်း အလုံး၌ ဂုဏ်သတင်း ထင်ရှားလေ၏။

သနားကင်းလျက် ရသေ့ပျက်

တနေ့သ၌ ဇမ္ဗူဒိပ်ကျွန်း အလုံး၌ တောင်ထိပ်သဘင် နေ့ဝယ် ကြီးစွာသောပွဲသဘင်ကို ကြွေးကြော်ကုန်၏၊

ထိုအခါ လုလင်တို့သည် ခါပညာရှိထံ ခွင့်ပန်ကြားလျက် ပွဲသဘင်ကြည့်ရှုရန် မိမိတို့မြို့ရွာသို့ ပြန်ကြကုန်၏။ ထိုအခါ သနားကရုဏာမရှိသော ရသေ့ပျက် တယောက်သည် ထိုကျောင်းသို့ ရောက်လာ၏၊ ရသေ့ပျက်သည် ဖွတ်မနှင့် ပဋိသန္ဓာရပြု၏၊ ဖွတ်မသည် ရသေ့ပျက်အား ဆန်-ဆီ-ထောပတ် စသည်တို့ကိုညွှန်ပြကာ ထမင်းချက် စားလော့ ဟု ပြောဆိုပြီးလျင် အစာရှာသွားလေ၏။

ရသေ့ပျက်လည်း စောစောကပင် ထမင်းချက်ပြီးလျှင် ဖွတ်ငယ် နှစ်ကောင်တို့ကို သတ်၍စား၏၊ နေ့ခင်းအခါ၌ ခါပညာရှိနှင့် နွားမသားအမိကို သတ်၍စားပြီးပြန်လျှင် သစ်ပင်ရင်း၌ လျောင်း၍ဟောက်လျက် အိပ်ပျော်ကာနေ၏၊ ဖွတ်မ အစာရှာရာမှ ပြန်လာသောအခါ သားငယ်တို့ကို မမြင်သဖြင့် ရှာဖွေလျက် သွား၏။

သူယုတ်သဘော နတ်ကပြော

ရုက္ခစိုးနတ် မြင်လျှင် တုန်လှု စိုးရိမ် သော ဖွတ်မကိုမြင်၍ သစ်ပင်ခွကြား၌ နတ်၏အာနုဘော်ဖြင့် ရပ်ကာ-

“အို-ဖွတ်မ...ဤယောက်ျားယုတ်ကား အပြစ်မရှိသော သင့်သားငယ်တို့ကို သတ်၍စားခဲ့ပြီး သင်ထမင်းပေးအပ်သော ဤယောက်ျားယုတ်ကို အစွယ်တို့ဖြင့် ကိုက်၍သတ်လော့၊ အသက်ရှင်လျက် သင့်လက်မှ မလွတ်စေလင့်”—

ဟု ဖွတ်မအား သတ်ပစ်ရန် ပြောကြား တိုက်တွန်းလေ၏။

သူယုတ်ဆဲရေး ဖွတ်မ-ပြေး

ထိုအခါ အိပ်နေသော သူယုတ်ကို မြင်သဖြင့် ဖွတ်မသည်–

“အို-နတ်မင်း ဤယောက်ျားယုတ်၌ အကျွန်ုပ်သည် အစွယ်တို့ဖြင့် ကိုက်သတ်ဘို့နေရာကို မမြင်ပါ၊ ထိုယောက်ျားယုတ်ကား မကောင်းမှုဖြင့် ရောပြွမ်းဘိ၏၊ ကလေးထိန်းမိန်းမ၏ အဝတ်ကဲ့သို့ မကောင်းမှုဖြင့် လိမ်းကျံဘိ၏၊ သူ့ ကျေးဇူးကိုလည်းမသိ၊ အမြဲ အခွင့်ကို ရှုလေ့ရှိသော ယောက်ျား ယုတ်အားမြေပြင် အလုံးစုံကို ပေးငြားသော်လည်း ထိုယောက်ျားယုတ်သည် မနှစ်သက်နိုင်စေရာ”—

ဟု နတ်မင်းအား တရားသဖြင့် ပြောကြားပြီးလျှင် အိပ်ရာမှနိုးလာလျှင် ငါ့ကိုလည်း သတ်၍စားပြန်ရာ၏ဟု မိမိအသက်ကို စောင့်ရှောက်လိုသဖြင့် ပြေးလေ၏။

သူဟုတ်အိပ်လေ့ ကျားနှင့်တွေ့

ခြင်္သေ့နှင့် ကျားတို့လည်း ခါပညာရှိ၏ အဆွေခင်ပွန်း ဖြစ်ကြကုန်၏၊ ရံခါရံခါ ပညာရှိကို ဖူးမြင်လေ့ ရှိကုန်၏၊ ရံခါ

ခြင်္သေ့ ကျားတို့ထံ ခါပညာရှိလာ၍ တရားဟောလေ့ရှိ၏၊ ထိုနေ့၌ကား ခြင်္သေ့သည် ကျားကို “အဆွေခါ... ပညာရှိထံ မရောက်သည်မှာ ခုနစ်ရက်ရှိပြီ၊ အကြောင်းကို သိရအောင်စုံစမ်းချေ”ဟု လွှတ်လိုက်၏၊ ကျားလည်း စုံစမ်းသွားရာ ထိုအရပ်သို့ ရောက်လျှင် ရသေ့ပျက် ဆံကြား၌ ခါမွေး, နွားရိုးတို့ကိုမြင်၍ ရွှေချိုင့်၌လည်း ခါပညာရှိကို မမြင်ရတော့သဖြင့် ဤယောက်ျားယုတ်ကား မုချသတ်၍ စားခဲ့ပြီဟု သိ၍ ခြေဖြင့် ခတ်ကာနှိုးလေ၏၊ ရသေ့ပျက်လည်း နိုး၍ ကျားကိုမြင်လျှင် အလွန်ကြောက်လန့်လေ၏။

ခါကိုသတ်သူ ကျားမေးမူ

ထိုအခါ ရသေ့ပျက်ကို ကျားသည် ဟယ်-ယောက်ျားယုတ်... သင်သည် သတ္တဝါတို့ကို သတ်၍စားသလော” ဟု မေး၏၊ “အရှင်...အကျွန်ုပ်သတ်၍မစားရပါ”ဟုပြော၏ “သင်မသတ်လျှင် အဘယ်သူ သတ်မည်နည်း၊ မှန်မှန် ပြောပါ၊ မှန်မှန်မပြောလျှင် သင့်ကိုသတ်မည်”ဟု ပြော၏၊ ထိုအခါ ကြောက်သဖြင့် “အရှင်... ဖွတ်ငယ်နှစ်ကောင် နွားသားအမိတို့ကိုသတ်၍ စားမိပါ၏၊ ခါကိုသတ်၍ မစားပါ”ဟု ပြောဆိုလေ၏၊ ကျားသည် ရသေ့ပျက်၏ စကားကို မယုံကြည်သဖြင့် “ဟယ်-ယောက်ျားယုတ်...သင်ဘယ်က လာသနည်း”ဟု မေး၏၊ “အရှင်...ကာလိင်္ဂတိုင်းမှ ကုန်သည်တို့နှင့်တကွလာပါ၏၊

ဤအမှုအမှုဖြင့် အသက်မွေးပါ၏”ဟု မိမိလာခဲ့ရင်းအရပ်နှင့် အသက်မွေးမှုအလုံးစုံ ကိုပြောကြားရလေ၏။

သူယုတ်ခေါ်သွား ခြင်္သေ့မေးငြား

ကျားသည်ရသေ့ပျက်ပြောသော်လည်း မယုံကြည်သဖြင့် “ဟယ်-ယောက်ျား ယုတ်...ခါကိုသင်မသတ်လျှင် အဘယ်

သူသတ်မည်နည်း၊ လာလော့၊ ခြင်္သေ့မင်းထံ သွားမည်”ဟု ပြောဆိုကာ ခြင်္သေ့ထံ အတင်းခြိမ်းချောက်ကာ ခေါ်၍ လာလေ၏။

ထိုအခါ ခြင်္သေ့မင်းသည်–

“အို-ကောင်းသောလက်မောင်းရှိသောအဆွေ သင်သည် အဘယ့်ကြောင့် လုလင်နှင့်တကွ လျင်မြန်စွာ ပြန်လည်၍ လာဘိသနည်း၊ သင့်အား ငါ့ထံ၌ ဘယ်အကျိုးရှိသော အမှုကိစ္စရှိသနည်း၊ ငါ့အားပြောကြားပါ”—

ဟု ကျားအား ရောက်လျှင်ရောက်ချင်း မေးလင့်၏။

ခြင်္သေ့ကိုပင် ကျားပြောလျှင်

ကျားသည် ခြင်္သေ့ထံ မိမိလာသောအ ဖြစ်ကို ပြောကြားလို၍–

“အို-ခြင်္သေ့မင်း အကျွန်ုပ်တို့ အဆွေခင်ပွန်း ဖြစ်၍ သဘောကောင်းသော ခါတကောင်ရှိသည် မဟုတ်ပါလော၊ ငါသည် ဤယောက်ျားယုတ်၏ အသက်မွေးဝမ်းကျောင်းမှုတို့ကို ကြားရသဖြင့် ဤ ယောက်ျားယုတ်ကြောင့် ခါသေရသည်ဟု ယုံမှား၏၊ ယနေ့ ငါသည် ခါချမ်းသာ၏ဟု မအောက်မေ့မိပါ”—

ဟု ခြင်္သေ့မင်းအား အကြောင်းစုံ ပြောကြားလေ၏၊ ထိုအခါ ခြင်္သေ့မင်းသည်–

“အို-ကျား... သင်သည် ဤယောက်ျား၏ အဘယ်မည်သော အသက်မွေးဝမ်းကျောင်းမှုတို့ကို ကြားရသနည်း၊ အသက် မွေးဝမ်းကျောင်းမှုဖြင့် အဘယ်မည်သော ဝန်ခံခြင်းကို ကြားရ၍ ဤလုလင်ကြောင့် ခါသေရသည်ဟု ယုံမှားသနည်း”—

ဟု ကျားအား မေးပြန်၏။

ထိုအခါ ကျားသည် မိမိတွေ့မြင်ခဲ့သော ယောက်ျားယုတ်၏ အချင်း အရာကို ခြင်္သေ့မင်းအား–

ကြောင်းကျိုးအစုံ ကျားပြောပုံ

ခြင်္သေ့မင်း ဤ ယောက်ျားယုတ်ကား ကာလိင်္ဂတိုင်းမှ ကုန်သည်တို့နှင့်အတူ လာခဲ့၏၊ ကုန်သွယ်ခြင်းအမှုကိုလည်း ပြု၏၊ ကချေသည်တို့နှင့်လည်း ပေါင်းသင်း၏၊ အကျင့်သီလမရှိ၊ သတ်ဖြတ် ညှဉ်းဆဲ၏၊ အသက်မွေးဝမ်းကျောင်း မစင်ကြယ်၊ ဆံကျစ်ကြား၌ ခါမွေးလည်းတွေ့ရ၏၊ သို့အတွက် ဖွတ်ငယ်တို့ကို၎င်း, နွားတို့ကို၎င်း, ခါပညာရှိကို၎င်း အဘယ်မှာ မသတ်ဘဲရှိပါအံ့နည်း”—

ဟု ခြင်္သေ့မင်းအား အပြည့်အစုံပြောကြားလေ၏။

အမှန်သိလတ် ကျားကသတ်

ထိုအခါခြင်္သေ့မင်းသည် ကျား၏စကားကိုကြားရလျှင်–

“အို-ယောက်ျား... သင်သည် ခါပညာရှိကို သတ်သလော” ဟုမေးရာ ခိုးထုပ်ခိုးထည်နှင့် မိသည့်အလား မကွယ်ဝှက်ဝံ့သဖြင့် “အရှင်...သတ်မိပါသည်”ဟု ဆိုလေ၏၊ ထိုအခါ မှန်သောစကားကို ကြားရ၍ ခြင်္သေ့မင်းသည် ရသေ့ပျက်ကို လွှတ်လို၏၊ ကျားသည်ကား ဤသူယုတ်ကို သတ်သင့်သည်ဟု ဆို၍ ကိုက်သတ်ပြီးလျှင် တွင်းတူး၍ မြှုပ်လေ၏၊ လုလင်တို့လည်း လာလတ်၍ ခါပညာရှိကို မမြင်လျှင် ငိုကြွေးကာ ပြန်ကြကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါရသေ့သည်-ယခုအခါဒေဝဒတ်။

*ဖွတ်မသည်-ဥပ္ပလဝဏ်။

*ကျားသည်-မောဂ္ဂလာန်။

*ခြင်္သေ့သည်-သာရိပုတ္တရာ။

*ဒိသာပါမောက္ခဆရာကြီးသည်-ကဿပ။

*ခါပညာရှိသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) သူယုတ်မာကား၊ ညစ်ကြေးများ၊ သားထိန်းအဝတ်တူ။

(၂) ကျေးဇူးမပြု၊ ယုတ်ခွင့်ရှု၊ မွေးမှုမစင်ဖြူ။

(၃) ကိုယ်နှုတ်နှလုံး၊ သုံးပါးလုံး၊ သိမ်းကျုံးယုတ်လှဟူ။

(၄) လုံးစုံမြေပြင်၊ ပေးငြားပင်၊ စိတ်တွင်မကြည်။

ဒဒ္ဒရဇာတ်ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ