မာတိကာသို့ ခုန်သွားရန်

တိတ္တိရဇာတ်

ဝီကီပီးဒီးယား မှ

(၃) ဇာတ်ရှိပါသည်။ ဧကကနိပါတ် - ၄။ ကုလာဝကဝဂ် -၃၇- တိတ္တိရဇာတ်။ ။ ကြီးသူ၏အဆုံးအမ ဩဝါဒခံကာ ညီညွတ်စွာနေသော မိတ်ဆွေသုံးဦးအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

[ပြင်ဆင်ရန်]

နေရာအတွက် အငြင်းထွက်

[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် အနာထပိဏ် သူဌေးကြီး ပင့်ဖိတ်သဖြင့် ရာဇဂြိုဟ်မှဝေသာလီပြည်၊ ၎င်းမှတစ်ဖန် သာဝတ္ထိပြည်သို့ ကြွသွားတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်း၏ တပည့်တို့သည်ခရီးလမ်းအကြားဝယ် တည်းခိုရန် ဆောက်လုပ်ထားသော ယာယီကျောင်းတို့၌ အိပ်ရာ၊နေရာတို့ကို ရှေ့မှသွားကာ ဤကျောင်းကား ငါတို့ဆရာအတွက် စသည်ဖြင့်ယူငင်ထားနှင့်ကြကုန်၏။ သို့အတွက် နောက်မှလာကုန်သော မထေရ်ကြီးတို့သည် အိပ်ရာ၊နေရာကို မရကြကုန်။

ရှင်သာရိပုတ္တရာလည်းနောက်ကျ၍ အိပ်ရာ၊ နေရာ မရသဖြင့် မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းအနီး သစ်ပင်ရင်းတစ်ခုဝယ် တစ်ညဉ့်လုံး ထိုင်လျက် လည်းကောင်း၊ စင်္ကြံသွားလျက် လည်းကောင်း နေရ၏။မိုးသောက်ထသောအခါ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ထားလေ၏။မြတ်စွာဘုရားလည်း ထိုအကြောင်းကိုသိတော်မူလျှင် ငါဘုရား သက်တော်ထင်ရှားရှိစဉ်ပင် တစ်ပါးနှင့် တစ်ပါးရိုသေတုပ်ဝပ်ခြင်း မရှိကုန်၊ ပရိနိဗ္ဗာန်ပြုသည် ရှိသော် ဘယ်ကဲ့သို့များနေကြပါမည်နည်းဟု ဆင်ခြင်တော်မူကာ ရဟန်းတို့ကို ခေါ်တော်မူ၍ “ချစ်သား ရဟန်းတို့ ...ငါဘုရား သာသနာတော်ဝယ် အဘယ်သူသည် နေရာဦး၊ ရေဦး၊ ဆွမ်းဦး စသည်ကို လည်းကောင်း၊ရိုသေ ကိုင်းညွတ်ခြင်း၊ ဝတ်ပြုခြင်း စသည်တို့ကို လည်းကောင်း ခံယူထိုက် သနည်း” ဟုမေးတော်မူ၏။

ထေရ်စဉ်ကြီးမြတ်နေရာအပ်

[ပြင်ဆင်ရန်]

ထိုအခါ တချို့ ရဟန်းတို့ကအမျိုးမြတ်သူ၊ တချို့က ပညာတတ်သူ၊ တချို့က ဈာန် အဘိညာဉ် သမာပတ်ရသူ၊ တချို့ကအရိယာဖြစ်သူ၊ ပဋိသမ္ဘိဒါရသူ စသည်ဖြင့် မိမိတို့ ထင်မြင်ရာကို လျှောက်ထားကြကုန်၏။

မြတ်စွာဘုရားသည်ရဟန်းတို့အား “ချစ်သား ရဟန်းတို့ ... သင်တို့လျှောက်ထားကြသော အမျိုးမြတ်ခြင်း၊ပညာတတ်ခြင်း၊ ဈာန်သမာပတ်ရခြင်း၊ အဘိညာဉ်ရခြင်း၊ အရိယာဖြစ်ခြင်း၊ပဋိသမ္ဘိဒါရခြင်းသည် ပမာဏ မဟုတ်၊ စင်စစ်အားဖြင့် သိက္ခာဝါ ကြီးရင့်သည့်သီတင်းကြီးများသာ ခံယူထိုက်ကြောင်း“ ကိုမိန့်တော်မူပြီးလျှင် “ သင်တို့သည် သာသနာတော်ထမ်းရဟန်း ဖြစ်ကြပါလျက် အဘယ်ကြောင့်တစ်ပါးနှင့်တစ်ပါး ရိုသေတုပ်ဝပ်ခြင်း မရှိကြသနည်း၊ ရှေးအခါ တိရစ္ဆာန်တို့ပင်အသက်သိက္ခာ ဝါကြီးသူကို ရိုသေတုပ်ဝပ်ခြင်း ရှိကြသည်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

[ပြင်ဆင်ရန်]

ရိုသေမရှိနေကြဘိ

[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဟိမဝန္တာအရပ်ဝယ် ပညောင်ပင်ကြီး တစ်ခု၌ အမှီပြုလျက် ခါ၊ မျောက်၊ ဆင် အဆွေ ခင်ပွန်းသုံးဦးတို့သည် အတူတကွ နေကြကုန်၏။ တစ်ဦးနှင့်တစ်ဦး ရိုသေတုပ်ဝပ်ခြင်းမရှိကြကုန်။ အသက်မွေးခြင်းလည်း သဘောမတူကြကုန်။

တစ်နေ့သ၌အဆွေခင်ပွန်းသုံးဦးတို့သည် အညီအညွတ် စည်းဝေးကြလျက် “ ယခု ငါတို့သုံးဦးနေခြင်းကား မသင့်၊ တစ်ဦးနှင့်တစ်ဦး ရိုသေတုပ်ဝပ်ခြင်း မရှိ၊ အသက်ကြီးသူ ကို ရိုသေတုပ်ဝပ်လျက်၎င်း၏ အဆုံးအမ ဩဝါဒကို ခံယူကာ နေထိုင်ကြရလျှင် ကောင်းလိမ့်မည်” ဟု အကြံအစည်ဖြစ်ပြီးလျှင် မည်သူအသက်ကြီးကြောင်း ရွေးချယ်စိစစ်ရန် အမှတ်အသား တစ်ခုကို ရှာဖွေကာ နေကြကုန်၏။

ကြီးသူဥက္ကဋ္ဌစူးစမ်းကြ

[ပြင်ဆင်ရန်]

ထိုနောက် အဆွေခင်ပွန်းသုံးဦးတို့သည် တစ်ဦးနှင့် တစ်ဦး တိုင်ပင် ညှိနှိုင်းကြလျက် “ ငါတို့ သုံးဦးမှာဤပညောင်ပင်ကြီးကိုပင် အမှီပြုကာ နေကြရသည်၊ ပညောင်ပင်ကြီးကိုပင် အမှတ်အသားပြုမည်”ဟု ဆုံးဖြတ်ကာ ခါနှင့် မျောက်တို့က ဆင်အား “အဆွေဆင် ... သင် ဤ ပညောင်ပင်ကြီးကိုဘယ်အခါမှစ၍ သိသနည်း” ဟု မေးလျှင် “အဆွေတို့ ... ငါ ဆင်ငယ်ကလေးဖြစ်စဉ် ဤ ပညောင်ပင်ကိုပေါင်ကြားက ထား၍ သွား၊ နောက် ချက်ကို ထိလာသည်၊ ဤမျှလောက် ငယ်သောအခါမှစ၍ သိသည်” ဟုဆိုလေ၏။

တစ်ဖန်အဆွေခင်ပွန်း နှစ်ဦးတို့သည် မျောက်အား “အဆွေမျောက် ... ဤပညောင်ပင်ကို ဘယ်အခါမှစ၍သိသနည်း” ဟု မေးလျှင် “အဆွေတို့ ... ငါ မျောက်ငယ်ကလေး ဖြစ်စဉ် မြေကြီး၌ထိုင်လျက် ပညောင်ပင်၏အညွန့်အဖျားတို့ကို စားရသည်၊ ဤမျှလောက် ငယ်သောအခါမှစ၍ သိပါသည်” ဟု ဆို၏။

တစ်ဖန်အဆွေခင်ပွန်း နှစ်ဦးတို့သည် ခါအား “ အဆွေခါ ... ဤ ပညောင်ပင်ကို သင် ဘယ်အခါမှစ၍သိသနည်း” ဟု မေးလျှင် “အဆွေတို့ ... ရှေးအခါက မည်သည့်အရပ်ဝယ် ပညောင်ပင်ကြီး တစ်ပင်ရှိသည်၊ ထိုအပင်ကြီးမှ အသီးကို စား၍ ငါ မစင်စွန့်သဖြင့် ထိုမစင်မှ ပေါက်လာသော ပညောင်ပင်ဖြစ်သည်၊ သို့အတွက် ငါကား ဤပညောင်ပင် မပေါက်မီကပင် သိပါသည်၊ ထို့ကြောင့် ငါသည်သင်တို့နှစ်ဦးထက် အသက်အရွယ်ကြီးသည်” ဟု ဆိုလေ၏။

ကြီး၊ငယ်စဉ်ရှု ရိုသေပြု

[ပြင်ဆင်ရန်]

ထိုအခါ မျောက်နှင့်ဆင်တို့သည် “ခါပညာရှိ ... အဆွေကား ကျွန်ုပ်တို့ထက် အသက်ကြီးပါသည်၊ ဉာဏ်ပညာလည်းရှိပါသည်၊ ယနေ့မှစ၍ သင့်အား ရိုသေခြင်း၊ တုပ်ဝပ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ဝတ်ကြီးဝတ်ငယ်ပြုခြင်း အစရှိသည်တို့ကို ပြုပါမည်၊ သင်၏ အဆုံးအမဩဝါဒ၌ တည်ပါမည်၊အဆုံးအမ ဩဝါဒ ပေးတော်မူပါ” ဟု တောင်းပန်ကြကုန်၏။

ထို့နေမှစ၍ခါပညာရှိလည်း အဆွေခင်ပွန်း နှစ်ဦးတို့အား အဆုံးအမ ဩဝါဒကို ပေး၍ သီလကိုဆောက်တည်စေ၏။ မိမိလည်း သီလကို ဆောက်တည်၏။

ဤသို့လျှင်တိရစ္ဆာန် သူတော်ကောင်းသုံးဦးတို့သည် တစ်ဦးနှင့်တစ်ဦး ရိုသေတုပ်ဝပ်ကြလျက်အသက်မွေး တူမျှကြသည်ဖြစ်၍ သီလဆောက်တည်စောင့်သုံးကာ အသက်ထက်ဆုံးနေပြီးလျှင် သေသည်၏အခြားမဲ့ဘဝ၍ နတ်ရွာ သုဂတိသို့ လားကြကုန်၏။

[မှတ်ချက်။ ကြီးသောသူကိုရိုသေတုပ်ဝပ်ခြင်း၊ ရှိခိုးပူဇော်ခြင်းမှာ ကမ္ဘာပဓမ္မတာ တရားကြီးဖြစ်သည်။]

ဇာတ်ပေါင်း

[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဆင်သည် - ယခုအခါ မောဂ္ဂလာန်။

မျောက်သည် - သာရိပုတ္တရာ။

ခါ ပညာရှိသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

[ပြင်ဆင်ရန်]

(၁) သက်ကြီးဟူက၊ ပူဇော်ကြ၊ ကမ္ဘာ့ထုံးစဉ်လာ။

(၂) ပစ္စက်ချီးမွမ်း၊ နတ်ပြည်ငြမ်း၊ ကြွလှမ်းသေလွန်ခါ။

တိတ္တိရဇာတ် ပြီး၏။


ဧကကနိပါတ် - ၁၂။ ဟံစိဝဂ် -(၁၁၇) တိတ္တိရဇာတ် ဝေဒနာနှိပ်စက်၍ စိတ်ဆင်းရဲသောသူအား ကြမ်းတမ်းစွာပြောသဖြင့် အသက်သေရသောရသေ့နှင့် အလွန်မြည်တွန်၍ အသက်သေရသော ခါအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

[ပြင်ဆင်ရန်]

ဝစီကြမ်းကြုတ် အသက်ပြုတ်

[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောကာလိက အမည်ရှိသော ရဟန်းတစ်ပါး ရှိလေ၏။ ရဟန်းတို့သည် တရားသဘင်ဝယ် ကောကာလိကအကြောင်း စကားစပ်မိ၍ ပြောဆိုနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ … ကောကာလိကသည် ယခုအခါ၌ သာ မိမိစကားကို မှီ၍ ပျက်စီးသည်မဟုတ်၊ ရှေးအခါ၌ လည်း ပျက်စီးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ကောကာလိကဝတ္ထုသည် တေရသနိပါတ် တိတ္တိရဇာတ်၌ လည်းကောင်း၊ တက္ကာရိယဇာတ်၌ လည်းကောင်း ထင်စွာဖြစ်လတ္တံ့။]

အတိတ်ဝတ္ထု

[ပြင်ဆင်ရန်]

ဆရာဝင်လုပ် အသက်ပြုတ်

[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏား မျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်ပညာတို့ကို သင်ကြားတတ်မြောက်သော အခါ ကာမဂုဏ်တို့ကို စွန့်ပယ်ကာ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်တို့ကို ဖြစ်စေလျက် တပည့်ရသေ့ပေါင်း ငါးရာ အခြံအရံဖြင့် ဟိမဝန္တာအရပ်၌ နေလေ၏။

ထိုအခါ ဖျော့တော့သောရောဂါ စွဲကပ်လျက်ရှိသော ရသေ့တစ်ယောက်သည် ပုဆိန်ဖြင့် ထင်းတို့ကို ခွဲ၏။ နှုတ်ကြမ်း၍ အဆုံးမခက်သော ရသေ့တစ်ယောက်သည် ထိုထင်းခွဲသော ရသေ့အနီး၌ နေ၍ “ဤ၌ ပေါက်လော့၊ ဤ၌ ပေါက်လော့” ဟုဆိုလတ်သော် ထင်းခွဲသောရသေ့သည် အမျက်ထွက်၍ “သင်သည် ငါထင်းခွဲရာ၌ ဆရာလာ၍ လုပ်သည်” ဟု ထက်လှစွာသော ပုဆိန်ဖြင့် တစ်ချက်တည်း ပေါက်သဖြင့် အသက်ကုန်ခြင်းသို့ ရောက်လေ၏။ ဆရာရသေ့ကြီးသည် အလောင်းကို သင်္ဂြီုဟ်စေ၏။


ပမာဏမသိ သေဘေးထိ

[ပြင်ဆင်ရန်]

ထိုအခါ ခါတစ်ကောင်သည် ရသေ့ကျော်းအနီး တော်ပို့တစ်ခုဝယ် နေလေ၏။ ထိုအခါ နံနက်တိုင်း တောင်ပို့ထ်ိပ်၌ ရပ်လျက် ကျယ်စွာ တွန်မြည်လေ့ရှိ၏။ မုဆိုးတစ်ယောက်သည် ခါသံကိုကြားလျှင် ထိုအရပ်သို့သွားကာ ဖမ်းယူ သတ်ဖြတ်၍ စားလေ၏။

ဆရာရသေ့ကြီးလည်း ခါတွန်သံကို မကြား၍ မေးလျှင် မုဆိုးဖမ်း၍ သတ်စားကြောင်း လျှောက်ထားကြ၏။ ထိုအခါ ရသေ့ကြီးလည်း မိမိမျက်မြင်ဖြစ်သော အကြောင်းနှစ်မျိုးကို တိုက်ဆိုင်ကာ ရသေ့တို့အလယ်၌ -

“အို ရသေ့အပေါင်းတို့ … အလွန်တွန်သော ခါ၏ အသံသည် ခါကိုသတ်သကဲ့သို့၊ ထို့အတူ ပညာမရှိမိုက်မဲတွေဝေသူကို အတိုင်းအရှည် ပမာဏထက်လွန်၍ ဆိုသော စကားသည် သတ်၏” ဟု အဆုံးအမပေးလေ၏။ နောက်အခါ ရသေ့ကြီးသည် ဗြဟ္မဝိဟာရတရားကို ပွားများစေပြီးလျှင် ဗြဟ္မာ့ပြည်သို့ လားလေ၏။

ဇာတ်ပေါင်း

[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

အဆုံးအမခက်သော ရသေ့သည် - ကောကာလိက။

ရသေ့အပေါင်းသည် - ငါဘုရားပရိသတ်။

ငှက်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

[ပြင်ဆင်ရန်]

=မြည်တွန်သံမှာ တွန်သည့်ခါ လျင်စွာသတ်သလို။

အလွန်စကား လူမိုက်အား လျင်လျားသတ်သလို။

တိတ္တိရဇာတ် ပြီး၏။


စတုက္ကနိပါတ် - ၂။ ပုစိမန္ဒဝဂ် -(၃၁၉) တိတ္တိရဇာတ်။ ။ မိမိအသံအတွက် ဆွေမျိုးဖြစ်သော ခါများ မုဆိုးလက်တွင် သေကျေ ပျက်စီးရသောကြောင့် မိမိ၌ ဒုစရိုက်မှုဖြစ် မဖြစ်ရသေ့အား လျှောက်ထားသော ခါတိန်ညင်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

[ပြင်ဆင်ရန်]

ရာဟုလာသာမဏေ ချီးကျူးလေ

[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဘီပြည်ကို အမှီပြု၍ ဆီးတော်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်ရာဟုလာသည် သိက္ခာကို အလိုရှိ၏၊ ကုက္ကုစ္စကို ပြုတတ်၏၊ ဆုံးမခြင်းငှာခန့်၏။

ရဟန်းတို့သည် တရားသဘင်ဝယ် ရှင်ရာဟုလာ၏ ဂုဏ်ကျေးဇူးကို စကားစပ်မိ၍ ပြောဆိုနေစဉ် မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ရာဟုလာသည် ယခုအခါ၌သာ ဆုံးမခြင်းငှာ ခန့်သည်မဟုတ်၊ ရှေးအခါ၌လည်း ဆုံးမခြင်းငှာ ခန့်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

[ပြင်ဆင်ရန်]

ဈာန်ယာဉ်ပျော်မွေ့ ရှင်ရသေ့

[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် တောထွက်၍ ရသေံရဟန်းပြုကာ ဟိမဝန္တာဝယ် မွေ့လျော်ဖွယ်ရှိသော တောအုပ်တစ်ခု၌နေ၍ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် ဈာန်ကစားကာနေ၏။

တစ်နေ့သ၌ ချဉ်ဆားမှီဝဲရန် ပစ္စန္တရာဇ်ရွာသို့ သွားလေ၏။ ပစ္စန္တရာဇ် ရွာသားတို့သည် ရသေ့ကိုမြင်လျှင် ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍ မထင်ရှားသောတော၌ ကျောင်းဆောက်လျက် ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးကာနေစေကုန်၏။

အမျိုးခေါ်ငင် ခါတိန်ညင်

[ပြင်ဆင်ရန်]

ထိုအခါ ရွာ၌ ငှက်မုဆိုးတစ်ယောက်သည် *တိန်ညင်ခါ တစ်ကောင်ကိုယူလျက် ကောင်းစွာသင်ကြားပြီးလျှင် ချိုင့်၌ထား၍ မွေးမြူလေ၏။ ထိုမုဆိုးသည် တိန်ညင်ခါကို တောသို့ဆောင်ကာ ထိုခါတွင်သောအသံဖြင့် လာတိုင်း၊ လာတိုင်းသော ခါတို့ကို ဖမ်းယူသတ်ဖြတ် ရောင်းချကာ အသက်မွေးလေ၏။

  • တိန်ညင် - တည်သော ကြက် ငှက် စသော သတ္တဝါတို့ကို ခေါ်သည်။

ခါသည် ငါတစ်ကောင်ကိုမှီ၍ ဆွေမျိုးတို့ ပျက်စီးကုန်၏။ ဤမကောင်းမှုကား ငါ၏မကောင်းမှု ဖြစ်သည်ဟု ကြံစည်လျက် မတွန်ဘဲ ဆိတ်ဆိတ်သာနေ၏။ မုဆိုးသည် မတွန်သောအခါ ဝါးခြမ်းစိတ်ဖြင့် ခါ၏ဦးခေါင်းကို ရိုက်နှက်၏။ ခါလည်း နာကျင့်သဖြင့် ကျယ်လောင်စွာတွန်ရပြန်၏။ ခါလည်း နာကျင်သဖြင့် ကျယ်လောင်စွာ တွန်ရပြန်၏။ မုဆိုးကား တိန်ညင်ခါကို အမှီပြု၍သာ အသက်မွေးလေ၏။

ယုံမှားကိုမေး ခါကလေး

[ပြင်ဆင်ရန်]

ခါသည် ငါကား ဆွေမျိုးတို့ကို သေစေကုန်သတည်းဟု စေတနာ မရှိခဲ့၊ ငါ့ကိုမှီ၍ မုဆိုးသည် ပါဏာတိပါတကံကို ရခဲ့၏၊ ငါသည် မတွန်သော် ထိုခါတို့ မလာကြကုန်၊ ငါ တွန်၍သာ လာကြကုန်၏၊ လာတိုင်း၊ လာတိုင်းသော ခါတို့ကို ဤမုဆိုးသည် သတ်၏၊ ဤအရာ၌ ငါ့အား မကောင်းမှုကံ ရှိလေသလော၊ မရှိလေသလောဟု ကြံစည်ကာ ယုံမှားသံသယရှိသဖြင့် ထိုယုံမှားသံသယကို မည်သူပယ်ဖျောက်နိုင်ပါအံ့နည်းဟု ပညာရှိ သူတော်ကောင်းကို ရှာဖွေလျက်သာနေ၏။

တစ်နေ့သ၌ ငှက်မုဆိုးသည် ခါများစွာတို့ကို ယူပြီးလျှင် ရေသောက်မည်ဟု ရသေ့ကျောင်းသို့ဝင်၍ ခါတိန်ညင်ချိုင့်ကို ရသေ့အထံ၌ထားလျက် ရေသောက်ပြီးလျှင် သဲပြင်၌ လျောင်းကာ အိပ်ပျော်လေ၏။ ထိုအခါ ခါသည် မုဆိုး အား အိပ်ပျော်နေသည်ကိုသိ၍ ငါ၏ ယုံမှားသံသယကို ရသေ့အား မေးမည်။ သိလျှင် ငါ့အား ဖြေကြားလိမ့်မည်ဟု ကြံစည်ကာ ချိုင့်တွင်နေလျက် -

“အရှင်ဘုရား ... အကျွန်ုပ်သည် ဤငှက်မုဆိုးကိုမှီ၍ စင်စစ် ချမ်းသာစွာ အသက်မွေးရပါ၏၊ စားဖို့ အစာကိုလည်း ရပါ၏၊ သို့သော်လည်း ဘေးရန်အတွင်း၌သာ နေရပါ၏၊ အကျွန်ုပ်၏ ဂတိသည် အဘယ်သို့ ဖြစ်လတ္တံ့နည်း” –

ဟု ရသေ့အား လျှောက်ထားလေ၏။ ရသေ့လည်း ခါ၏စကားကိုကြားလျှင် -

“အို-ခါငှက် ... မကောင်းမှုကို ပြလုပ်ဖို့ရန် သင်၏ စိတ်စေတနာသည် အကယ်၍ မညွတ်ပါမူ တစ်စုံတစ်ရာ လုံ့လမပြုကောင်းသော စိတ်ရှိသော သင့်အား မကောင်းမှုသည် မလိမ်းကျံပေ” –

ဟု ခါအား ဖြေကြားလေ၏။ ခါသည် ထိုစကားကို ကြားလျှင် တစ်ဖန် -

“အရှင်ဘုရား... ငါတို့ ဆွေမျိုးနေ၏ဟု ခါများစွာတို့သည် လာကုန်၏၊ အကျွန်ုပ်ကိုစွဲ၍ မုဆိုးသည် ပါဏာတိပါတကံကို ရရှိ၏၊ ထိုမကောင်းမှုကံ၌ အကျွန်ုပ်စိတ်သည် ယုံမှားသံသယ ရှိပါ၏” –

ဟု ရသေ့အား လျှောက်ပြန်၏။ ထိုအခါ ရသေ့သည် -

“အို-ခါငှက် ... သင်၏စိတ်သည် အကယ်၍ မပြစ်မှားပါမူ သင့်ကိုစွဲ၍ မုဆိုးပြုအပ်သော ပါဏာတိပါတကံသည်သင့်ကို မလိမ်းကျံပေ၊ တစ်စုံတစ်ရာ လုံ့လမပြုကောင်းသော စိတ်ရှိသော သင့်အား မကောင်းမှုသည် မလိမ်းကျံပေ” –

ဟု ခါအား ဖြေကြားပြန်၏။ ခါသည်လည်း ရသေ့ ပညာရှိကိုမှီ၍ ယုံမှားသံသယ ကင်းလေ၏။ မုဆိုးသည် အိပ်ရာမှ နိုးလတ်သော် ရသေ့ကို ရှိခိုးပြီးလျှင် ခါချိုင့်ကို ယူ၍ သွားလေ၏။

ဇာတ်ပေါင်း

[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခါငှက်သည် - ယခုအခါ ရာဟုလာ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

[ပြင်ဆင်ရန်]

(၁) လုံ့လမပြု၊ စိတ်ကောင်းမှု၊ မကုမလိမ်းကျံ။

(၂) မပြစ်မှားမှု၊ ကိုယ့်စွဲပြု၊ အကုမလိမ်းကျံ။

တိတ္တိရဇာတ် ပြီး၏။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ