မာတိကာသို့ ခုန်သွားရန်

တထာဂတ

ဝီကီပီးဒီးယား မှ

တထာဂတ ဆိုသည်မှာ မြတ်စွာဘုရားရှင်သည် မိမိကိုယ်ကိုယ် ရည်ညွှန်းရာတွင် အသုံးအများဆုံးသော ဘွဲ့တော် သို့မဟုတ် ဂုဏ်တော်တစ်ခု ဖြစ်သည်။ ဤစကားလုံးသည် ပါဠိဘာသာ၏ ဝိဘတ်ပစ္စည်း ဆက်သွယ်မှုများအပေါ် မူတည်၍ အလွန်နက်နဲပြီး ကျယ်ဝန်းသော အနက်အဓိပ္ပာယ်များစွာ ရှိနေပါသည်။ [][]

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည် -

ရှေးဘုရားရှင်တို့နှင့် တူညီသော အကျင့်တော်များ

[ပြင်ဆင်ရန်]
  • (က) ရှေးရှေးသော ဘုရားရှင်တို့သည် လောကသားတို့၏ အကျိုးငှါ မည်သို့ကျင့်ကြံ၍ ကြွလာတော်မူခဲ့သနည်း၊ ကျွန်ုပ်တို့၏ ဘုရားရှင်သည်လည်း ထိုသို့ပင် ကျင့်ကြံကြွလာတော်မူခြင်း ဖြစ်သည်။[]
  • (ခ) ဖွားမြင်တော်မူပြီးစတွင် ရှေးဘုရားရှင်များနည်းတူ မြောက်အရပ်သို့ ခုနစ်ဖဝါး လှမ်း၍ ကြွသွားတော်မူခြင်း ကို ဆိုလိုသည်။
  • (ဂ) ကာမစ္ဆန္ဒ စသော ကိလေသာများကို ရှေးဘုရားရှင်များအတိုင်း ကျော်လွန်သွားတော်မူခြင်း ဖြစ်သည်။[]

အမှန်တရားကို သိမြင်ခြင်း (ဉာဏ်တော်)

[ပြင်ဆင်ရန်]
  • (ဃ) ခန္ဓာ၊ အာယတန စသည်တို့၏ မချွတ်ယွင်း မဖောက်ပြန်သော သဘောလက္ခဏာ ကို ဉာဏ်ဖြင့် သိတော်မူခြင်းဖြစ်သည်။[]
  • (င) အရိယသစ္စာ လေးပါး တို့ကို အမှန်အတိုင်း ထိုးထွင်း၍ သိတော်မူခြင်း ဖြစ်သည်။[]
  • (စ) ခြောက်ဒွါရ၌ ထင်လာသော အာရုံများကို သဘောမှန်အတိုင်းသာ မြင်တော်မူခြင်း ဖြစ်သည်။[]

နှုတ်ထွက်စကားနှင့် ဟောကြားမှု

[ပြင်ဆင်ရန်]
  • (ဆ) အဟုတ်အမှန်ကိုသာ ဟောကြား ဆိုဆုံးမတော်မူတတ်ခြင်း ဖြစ်သည်။[]
  • (ဇ) မဖောက်မပြန် မချွတ်မယွင်း အကျိုးများသော စကားကိုသာ ဆိုတော်မူခြင်း ဖြစ်သည်။[]
  • (ဈ) ထိုထို ဟောသင့်ဟောထိုက်သည်ကိုသာ ဟောတော်မူတတ်ခြင်း ဖြစ်သည်။[၁၀]
  • (ည) အကြောင်းအားလျော်စွာ ဝေနေယျတို့၏ အလိုနှင့်ကိုက်ညီအောင် ဟောကြားတော်မူခြင်း ဖြစ်သည်။[၁၁]

ကိုယ်ကျင့်တရားနှင့် သိမြင်မှု

[ပြင်ဆင်ရန်]
  • (ဋ) ဆိုသည့်အတိုင်း ပြုမူခြင်း၊ ပြုမူသည့်အတိုင်း ပြောဆိုခြင်း ရှိတော်မူခြင်း ဖြစ်သည်။[၁၂]
  • (ဌ) လူတို့ သိသမျှ အကြွင်းမဲ့ အားလုံးကို အကုန်အစင် သိတော်မူခြင်း ဖြစ်သည်။[၁၃]
  • (ဍ) သတ္တဝါတို့၏ ကိလေသာရောဂါကို နှိမ်နင်းပေးနိုင်သော နတ်ဆေးနှင့်တူသော ဒေသနာ ရှိတော်မူခြင်း ဖြစ်သည်။[၁၄]

သစ္စာလေးပါးနှင့် ပတ်သက်၍ ဆောင်ရွက်ခြင်း

[ပြင်ဆင်ရန်]
  • (ဎ) မှန်ကန်သော တီရဏပရိညာဖြင့် ဒုက္ခသစ္စာကို သိတော်မူခြင်း ဖြစ်သည်။
  • (ဏ) မှန်ကန်သော ပဟာနပရိညာဖြင့် သမုဒယသစ္စာကို ပယ်သတ် ကျော်လွန်တော်မူခြင်း ဖြစ်သည်။
  • (တ) မှန်ကန်သော မဂ်ဉာဏ်ဖြင့် နိရောဓသစ္စာကို မျက်မှောက်ပြု တော်မူခြင်း ဖြစ်သည်။
  • (ထ) မှန်ကန်သော မဂ္ဂသစ္စာကို ကျင့်တော်မူခြင်း ဖြစ်သည်။[၁၅]

ဖြည့်ကျင့်မှုနှင့် မဟာကရုဏာ

  • (ဒ) မှန်ကန်သော ဝန်ခံမှုဖြင့် ဘုရားအဖြစ်ကို ရတော်မူခြင်း ဖြစ်သည်။[၁၆]
  • (ဓ) မဖောက်ပြန်သော မဟာကရုဏာတော် ဖြင့် သတ္တဝါတို့အကျိုးကို ကျင့်ဆောင်တော်မူခြင်း ဖြစ်သည်။[၁၇]
  • (န) သူတစ်ပါးနှင့် မဆက်ဆံသော ဉာဏ်တော်အထူး တို့ကို ကိုယ်တိုင်ရရှိတော်မူခြင်း ဖြစ်သည်။[၁၈]
  • (ပ) ဖွားမြင်ခြင်း၊ ဘုရားဖြစ်ခြင်း၊ တရားဟောခြင်းနှင့် နိဗ္ဗာန်စံခြင်းဟူသော ဗုဒ္ဓကိစ္စများကို မှန်ကန်စွာ ဆောင်ရွက်ခြင်း ဖြစ်သည်။[၁၉]

ဂုဏ်ရည်နှင့် ဖြစ်ခြင်း

[ပြင်ဆင်ရန်]
  • (ဖ) ရှေးဘုရားရှင်တို့နှင့် တန်းတူရည်တူ ဂုဏ်ကျေးဇူး ရှိတော်မူခြင်း ဖြစ်သည်။[၂၀]
  • (ဗ) အလိုအကြိုက်အားလျော်စွာ ကိုယ်၊ နှုတ်၊ စိတ် ဖြစ်ခြင်း (စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခြင်း) ရှိတော်မူခြင်း ဖြစ်သည်။[၂၁]
  • (ဘ) ဉာဏ်တော်ကြောင့် မစ္ဆေရ (ဝန်တိုမှု) စသည်တို့ ဖြစ်ခြင်းမရှိတော့ခြင်း ဖြစ်သည်။
  • (မ) ဉာဏ်တော်ကြောင့် ဘဝသစ်၌ ပြန်လည်ဖြစ်တည်ခြင်း (ပဋိသန္ဓေနေခြင်း) မရှိတော့ခြင်း ဖြစ်သည်။[၂၂]

တရား၊ သံဃာနှင့် ဆုတောင်း

[ပြင်ဆင်ရန်]
  • (ယ) မဂ်၊ ဖိုလ်၊ နိဗ္ဗာန်၊ ပရိယတ် ဟူသော သူတော်ကောင်းတရား ရှိတော်မူခြင်း ဖြစ်သည်။[၂၃]
  • (ရ) အရိယသံဃာတော်များ၏ အရှင်သခင် (သံဃာရှိသောသူ) ဖြစ်ခြင်း ဖြစ်သည်။[၂၄]
  • (လ) ရှေးရှေးက ဆုတောင်းခဲ့သည့်အတိုင်း ကျင့်တော်မူခြင်း ဖြစ်သည်။[၂၅]
  • (ဝ) ရှေးဘုရားရှင်တို့၏ ဂုဏ်အင်္ဂါရပ်များဖြင့် ပြည့်စုံတော်မူခြင်း ဖြစ်သည်။[၂၆]

နိဂုံးချုပ် သိမြင်မှု

[ပြင်ဆင်ရန်]
  • (သ) မှန်ကန်သော သစ္စာဉာဏ်ဖြင့် သိတော်မူခြင်း ဖြစ်သည်။[၂၇]
  • (ဟ) မှန်ကန်သော ဉာဏ်တော် အမြဲရှိတော်မူခြင်း ဖြစ်သည်။[၂၈]
  • (ဠ) နောက်တစ်ဖန် ပြန်မလာနိုင်အောင် ကိလေသာတို့ကို အပြီးတိုင် ပယ်သတ်တော်မူခြင်း ဖြစ်သည်။[၂၉]

နိဂုံးချုပ် တထာဂတဟူသော ဘွဲ့တော်သည် မြတ်စွာဘုရားရှင်၏ လမ်းစဉ်၊ အမှန်တရားကို သိမြင်ပုံနှင့် သတ္တဝါတို့အပေါ် ထားရှိသော မဟာကရုဏာတော်တို့ကို ဖော်ပြနေသည့် အနှစ်သာရအရှိဆုံး ဂုဏ်တော်တစ်ခု ဖြစ်ပါသည်။

ဥပမာအနေဖြင့် ဆိုရလျှင် -

[ပြင်ဆင်ရန်]

တထာဂတသည် ရှေးဟောင်းမြေပုံကို ကြည့်၍ ရတနာသိုက်ကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားသော လမ်းပြကြီး နှင့် တူပါသည်။ ရှေးဘုရားရှင်တို့ သွားခဲ့သည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပြီး (က-ဂ)၊ ရတနာသိုက်ဖြစ်သည့် အမှန်တရားကို တွေ့ရှိကာ (ဃ-စ)၊ အခြားသူများကိုလည်း ထိုလမ်းကြောင်းအတိုင်း မှန်ကန်စွာ လမ်းညွှန်ပေးနိုင်သူ (ဆ-ည) ဖြစ်သောကြောင့် ဖြစ်ပါသည်။

တထာဂတအမည်ရခြင်း

[ပြင်ဆင်ရန်]

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကို တထာဂတဟု ခေါ်ဆိုရခြင်း၌ အကြောင်းတရား များစွာရှိ၏။ ယင်းသို့ အကြောင်းတစ်ရား များစွာရှိသည်တွင် အောက်ပါအချက်သည်ထဲ ထိုအထဲမှ တစ်ခုဖြစ်သည်။[၃၀]

ရဟန်းတို့ တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် အကြင်ညဉ့်၌လည်း အတုမရှိ အမြတ်ဆုံးဖြစ်သည့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်မြတ်ကြီးကို ထိုးထွင်း၍ သိမြင်တော်မူ၏။ အကြင်ညဉ့်၌လည်း ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် စံဝင်တော်မူ၏။ ထိုညဉ့်နှစ်နှစ်ညဉ့်တို့၏ အတွင်း၌ လေးဆယ့်ငါးဝါ ကာလပတ်လုံး အကြင်တရားတော်ကို ဟောကြားတော်မူ၏၊ မြွက်ဟတော်မူ၏၊ ညွှန်ပြတော်မူ၏။ ထိုဟောပြော,မြွက်ဟ, ညွှန်ပြတော်မူအပ်သော တရားအလုံးစုံသည် ဟောကြားတော်မူသည့်အတိုင်း, မြွက်ဟတော်မူသည့်အတိုင်း, ညွှန်ပြတော်မူသည့်အတိုင်း မှန်သည်သာလျှင် ဖြစ်၏။ မမှန်ဟူေသာ အခြားတစ်မျိုးသော အခြင်းအရာအားဖြင့် မဖြစ်ပေ။ ထို့ကြောင့် သင်တို့ဆရာ ငါဘုရားကို တထာဂတ ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (ဒီ-၃-၁၁၁။ အံ-၁-၃၃၂။)[၃၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. တထာဂတ ၁ (တိ) [တထာ+အာဂတ။ တထာ+ဂတ။ တထ+အာဂတ။ တထ+ဂတ။ တထ+ဒဿီ။ (ဒဿီ-ချေ၊ အာဂတ-လာ။ ကေစိ = ပါဏိနီ၊ ၆၊ ၃၊ ၁၀၉။) တထ+ဂဒ။ (ဒ-ကို တ-ပြု၊ အာ-လာ။) တထ+အာဂဒ။ တထာ+တထာ+ဂဒ။ (တထာ-တပုဒ် ကျေ။ ဒ-ကို တ-ပြု။) တထ+အာဂဒ။ တထ+အဂတ။ တထာဂတ+ဏ။ တထာ+ဂဒ။ တထာဂတသဒ္ဒေါ တာဝ သတ္တဝေါဟာရ သမ္မာသမ္ဗုဒ္ဓါဒီသု ဒိဿတိ။ ဣတိဝုတ်၊ဋ္ဌ၊၁၁၁။ (မ၊ဋ္ဌ၊၂၊၂၃။ မ၊ဋီ၊၂၊၉၇။ ဓာန်။ ဓာန်၊ဋီ၊၁၀၉၉-လည်းကြည့်။) (တထာဂတ-သံ)] (၁) ဘုရား။ (၂) ပစ္စေကဗုဒ္ဓါ။ (၃) တရား။ (၄) သံဃာ။ (၅) ရဟန္တာ။ (၆) သတ္တဝါ။
  2. Chalmers, Robert. The Journal of the Royal Asiatic Society, 1898. pp.103-115
  3. (၁) ဘုရား၊ (က) ထို (ရှေးဘုရားရှင်တို့) အတူ ကျင့်တော်မူသော (တထာ+အာဂတ )။ တထာ အာဂတောတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၄၇။ သံ၊ဋ္ဌ၊၂၊၂၆၅။ အံ၊ဋ္ဌ၊၁၊၈၄။ ဥဒါန၊ဋ္ဌ၊၁၁၂။ ဣတိဝုတ်၊ဋ္ဌ၊၁၁၁။ ထေရ၊ဋ္ဌ၊၁၊၄၂။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၈။ မဟာနိ၊ဋ္ဌ၊၁၅၃။ ပဋိသံ၊ဋ္ဌ၊၁၊၁၉၀။ ယထာ သဗ္ဗလောကဟိတာယ ဥဿုက္ကမာပန္နာ ပုရိမကာ သမ္မာသမ္ဗုဒ္ဓါ အာဂတာ၊ ... တထာ အမှာကမ္ပိ ဘဂဝါ အာဂတော၊ ဧဝံ တထာ အာဂတောတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉၊ ၆၀-စသည်။ ဧတ္ထ အာကာရနိယမနဝသေန ဩပမ္မသမ္ပဋိပါဒနတ္ထော တထာ-သဒ္ဒေါ။ သာမညဇောတနာယ ဝိသေသာဝဋ္ဌာနတော ပဋိပဒါဂမနတ္ထော အာဂတ-သဒ္ဒေါ။ ဒီ၊ဋီ၊၁၊၆၆။ (-သီ၊ဋီ၊သစ်၊၁၊၂၄၆။ မ၊ဋီ၊၁၊၉၈။ အံ၊ဋီ၊၁၊၁၂၅။)
  4. (ခ) ထို (ရှေးဘုရားရှင်တို့) အတူ (ဖွားလျှင် ဖွားခြင်း မြောက်သို့ ၇-ဖဝါး လှမ်း၍) ကြွသွားတော်မူသော။ (ဂ) ထို (ရှေးဘုရားရှင်တို့) အတူ ကာမစ္ဆန္ဒ-စသည်တို့ကို- သိ- ကျော်လွန်- တော်မူသော (တထာ+ဂတ-ချည်း)။ တထာ ဂတောတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉-စသည်။ (ခ) ယထာ သမ္ပတိဇာတော ဝိပဿီ ဘဂဝါ ဂတော။ပ။ ကဿပေါ ဘဂဝါ ဂတော။...တထာ အယံ ဘဂဝါပိ ဂတော။ ဒီ၊ဋ္ဌ၊၁၊၆၀-၁-စသည်။ (ဂ) အထ ဝါ ယထာ ဝိပဿီ ဘဂဝါ။ပ။ ယထာ ကဿပေါ ဘဂဝါ၊ အယမ္ပိ ဘဂဝါ တထေဝ နေက္ခမ္မေန ကာမစ္ဆန္ဒံ ပဟာယ ဂတော။ ဒီ၊ဋ္ဌ၊၁၊၆၁-၂-စသည်။ ဧဝံ“တထာဂတော”တိ ကာယဂမနဋ္ဌေန ဂတသဒ္ဒေန တထာဂတသဒ္ဒံ နိဒ္ဒိသိတွာ ဣဒါနိ ဉာဏဂမနဋ္ဌေန တံ ဒဿေတုံ “အထ ဝါ”တိ- အာဒိမာဟ။ ဒီ၊ဋီ၊၁၊၁၀၃။ မ၊ဋီ၊၁၊၁၀၁။ အံ၊ဋီ၊၁၊၁၂၀။ (-သီ၊ဋီ၊သစ်၊၁၊၃၀၇။)
  5. (ဃ) (ခန္ဓာ, အာယတန-စသည်တို့၏) မချွတ်ယွင်း- မဖောက်ပြန်- သော- သဘော- လက္ခဏာ- ကို သိတော်မူသော (တထ+အာဂတ )။ တထလက္ခဏံ အာဂတောတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉-စသည်။ ဧတံ တထလက္ခဏံ ဉာဏဂတိယာ အာဂတော၊ အဝိရဇ္ဈိတွာ ပတ္တော အနုပ္ပတ္တော (အဓိဂတော)တိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၆၄။ ဥဒါန၊ဋ္ဌ၊၁၁၄-စသည်။ (-သီ၊ဋီ၊သစ်၊၁၊၃၁၂။)
  6. (င) အမှန်တရားတို့ကို (အမှန်အတိုင်း) ထိုးထွင်း၍ သိတော်မူသော (တထ+ဂတ )။ တထဓမ္မေ ယာထာဝတော အဘိသမ္ဗုဒ္ဓေါတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၄၇- စသည်။ တထဓမ္မာ နာမ စတ္တာရိ အရိယသစ္စာနိ။..တသ္မာ တထာနံ ဓမ္မာနံ အဘိသမ္ဗုဒ္ဓတ္တာ တထာဂတောတိ ဝုစ္စတိ၊ အဘိသမ္ဗုဒ္ဓတ္ထော ဟေတ္ထ ဂတ-သဒ္ဒေါ။ ဒီ၊ဋ္ဌ၊၁၊၆၄။ (-မ၊ဋ္ဌ၊၁၊၅၁။ အံ၊ဋ္ဌ၊၁၊၈၄။ သီ၊ဋီ၊သစ်၊၁၊၃၁၄။)
  7. (စ) ခြောက်ဒွါရ၌ ထင်လာသော အာရုံတို့ကို- သဘောမှန်- အပြားမှန်- အားဖြင့်သာ- သိ- မြင်- တော်မူသော (တထ+အာဂတ။ တထ+ဒဿီ )။ တထဒဿိတာယ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၄၇- စသည်။ တတ္ထ တထဒဿီတ္ထေ တထာဂတောတိ ပဒသမ္ဘဝေါ ဝေဒိတဗ္ဗော။ ဒီ၊ဋ္ဌ၊၁၊၆၅-စသည်။ ယထာ ရူပါရမ္မဏာဒယော ဓမ္မာ ယံသဘာဝါ ယံပကာရာ စ၊ ပဿတိ ဇာနာတိ ဂစ္ဆတီတိ တထာဂတောတိ ဧဝံ ပဒသမ္ဘဝေါ ဝေဒိတဗ္ဗော။ ကေစိ ပန “နိရုတ္တိနယေန ပိသောဒရာဒိပက္ခေပေန ဝါ ဒဿီ-သဒ္ဒဿ လောပံ၊ အာဂတ-သဒ္ဒဿ စာဂမံ ကတွာ တထာဂတော”တိ ဝဏ္ဏေန္တိ။ ဒီ၊ဋီ၊၁၊၁၀၈။ မ၊ဋီ၊၁၊၁၀၆။ အံ၊ဋီ၊၁၊၁၃၄။ (-သီ၊ဋီ၊သစ်၊၁၊၃၁၄။)
  8. (ဆ) အဟုတ်အမှန်ကိုသာ- ဟော- ဆို- တော်မူတတ်သော (တထ+ဂဒ )။ (ဇ) မဖောက်မပြန်- မချွတ်မယွင်း အကျိုးများသော ဟောပြောခြင်း ရှိတော်မူသော (တထ+အာဂဒ )။ (ဈ) ထိုထို ဟောသင့် ဟောထိုက်သည်ကို ဟောတော်မူတတ်သော။ (ည) ထိုထို အကြောင်း-စသည် အားလျော်စွာ ဟောတော်မူတတ်သော (တထာ+တထာ+ဂဒ-ချည်း)။
  9. (ဆ)(ဇ) တထဝါဒိတာယ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၄၇-စသည်။ (ဆ) ဂဒတ္ထာ ဟေတ္ထ ဂတ-သဒ္ဒေါ။ ဧဝံ တထဝါဒိတာယ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၆၅- စသည်။ တထံ ဂဒတိ ဘာသတီတိ တထာဂတော၊ ဒ-ကာရဿ တ-ကာရံ နိရုတ္တိနယေန စ အာကာရာဂမံ ကတွာ ဓာတုသဒ္ဒါနုဂတေန ဝါ အာကာရေနာတိ နိဗ္ဗစနံ ဒေတိ။ သီ၊ဋီ၊သစ်၊၁၊၃၁၅။ (- ဒီ၊ဋီ၊၁၊၁၀၉။ မ၊ဋီ၊၁၊၁၀၇။ အံ၊ဋီ၊၁၊၁၃၄။) (ဇ) အပိ စ အာဂဒနံ အာဂဒေါ၊ ဝစနန္တိ အတ္ထော။ တထော အဝိပရီတော အာဂဒေါ အဿာတိ ဒ-ကာရဿ တ-ကာရံ ကတွာ တထာဂတောတိ ဧဝမေတသ္မိံ အတ္ထေ ပဒသိဒ္ဓိ ဝေဒိတဗ္ဗာ။ ဒီ၊ဋ္ဌ၊၁၊၆၆- စသည်။ အာဂဒနန္တိ သဗ္ဗဟိတနိပ္ဖါဒနတော ဘုသံ ကထနံ ဝစနံ၊ တဗ္ဘာဝမတ္တော ဝါ အာ-သဒ္ဒေါ။ သီ၊ဋီ၊သစ်၊၁၊၃၁၅။
  10. (ဈ) တသ္မာ တထာဂတောတိ ဝုစ္စတီ- (ဒီ၊၃၊၁၁၁) တိ ယထာ ယထာ ဂဒိတဗ္ဗံ၊ တထာ တထေဝ ဂဒနတော ဒ-ကာရဿ တ-ကာရံ ကတွာ တထာဂတောတိ ဝုစ္စတိ။ ဒီ၊ဋ္ဌ၊၃၊၉၈။
  11. (ဈ) (ည) “တထာ တထေဝ ဂဒနတော”တိ ဣမိနာ “တထာဂတော”တိ အာမေဍိတလောပေနာယံ နိဒ္ဒေသောတိ ဒဿေတိ၊ တထာ တထေဝါတိ စ ဓမ္မအတ္ထသဘာဝါနုရူပံ, ဝေနေယျဇ္ဈာသယာနုရူပဉ္စာတိ အဓိပ္ပါယော။ ဒီ၊ဋီ၊၃၊၉၅။
  12. (ဋ) နှုတ်၏ဖြစ်ခြင်းကဲ့သို့သော ကိုယ်၏ဖြစ်ခြင်း ရှိတော်မူသော၊ ဆိုတိုင်းပြုတော်မူသော။ (ဌ) လူတို့- သိအပ်သည့်အတိုင်း သိသမျှ- အကြွင်းမဲ့ သိတော်မူသော (တထာ+ဂတ-ချည်း)။ (ဋ) တထာကာရိတာယ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၄၇- စသည်။ ဧဝံဘူတဿ စဿ ယထာ ဝါစာ၊ ကာယောပိ တထာ ဂတော ပဝတ္တောတိ အတ္ထော။ ယထာ စ ကာယော၊ ဝါစာပိ တထာဂတာ ပဝတ္တာတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၆၆-စသည်။ (-အံ၊၁၊၃၃၂။ ဒီ၊ဋီ၊၁၊၁၀၉။ သီ၊ဋီ၊သစ်၊၁၊၃၁၆။ မ၊ဋီ၊၁၊၁၀၇။ အံ၊ဋီ၊၁၊၁၃၄။)
  13. (ဌ) ယံ ယထာ လောကေန ဂတံ၊ ယံ တဿ တထေဝ ဂတတ္တာ “တထာဂတော”တိ ဝုစ္စတိ။ ပါဠိယံ ပန အဘိသမ္ဗုဒ္ဓန္တိ ဝုတ္တံ၊ တံ ဂတ-သဒ္ဒေန ဧကတ္ထံ။ ဒီ၊ဋ္ဌ၊၃၊၉၉။ တထေဝ ဂတတ္တာတိ တထေဝ ဉာတတ္တာ အဘိသမ္ဗုဒ္ဓတ္တာ။ ဒီ၊ဋီ၊၃၊၉၆။
  14. (ဍ) မဖောက်ပြန်- မချွတ်ယွင်း- သော နတ်ဆေးနှင့်တူသော (ဒေသနာဝိလာသ) သဗ္ဗညုတဉာဏ်, (ပုညုဿယ) များသော ကောင်းမှုရှိတော်မူသော (တထ+အာဂဒ )။ အဘိဘဝနဋ္ဌေန တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၅၉။ မ၊ဋ္ဌ၊၁၊၄၇-စသည်။ အဂဒေါ ဝိယ အဂဒေါ။ ကော ပနေသ ဒေသနာဝိလာသမယော စေဝ ပုညုဿယော စ။ ... တထော အဝိပရီတော ဒေသနာဝိလာသမယော စေဝ ပုညုဿယော စ အဂဒေါ အဿာတိ ဒ-ကာရဿ တ-ကာရံ ကတွာ တထာဂတောတိ ဝေဒိတဗ္ဗော။ ဒီ၊ဋ္ဌ၊၁၊၆၆-စသည် (ယင်း-ဋီ တို့လည်း ကြည့်။)
  15. (ဎ) မှန်ကန်သော တီရဏပရိညာဖြင့် (ဒုက္ခသစ္စာကို) သိတော်မူသော။ (ဏ) မှန်ကန်သော ပဟာနပရိညာဖြင့် (သမုဒယသစ္စာကို) လွန်တော်မူသော။ (တ) မှန်ကန်သော မဂ်ဉာဏ်ဖြင့် (နိရောဓသစ္စာကို)- ရ- ရောက်- မျက်မှောက်ပြု- တော်မူသော။ (ထ) မှန်ကန်သော မဂ္ဂသစ္စာကို ကျင့်တော်မူသော (တထ+ဂတ-ချည်း)။ တထာယ ဂတောတိပိ တထာဂတော။ တထံ ဂတောတိပိ တထာဂတော။ ဂတောတိ အဝဂတော, အတီတော, ပတ္တော, ပဋိပန္နောတိ အတ္ထော။ တတ္ထ သကလလောကံ တီရဏပရိညာယ တထာယ ဂတော အဝဂတောတိ တထာဂတော။ လောကသမုဒယံ ပဟာနပရိညာယ တထာယ ဂတော အတီတောတိ တထာဂတော။ လောကနိရောဓံ သစ္ဆိကိရိယာယ တထာယ ဂတော ပတ္တောတိ တထာဂတော။ လောကနိရောဓဂါမိနိံ ပဋိပဒံ တထံ ဂတော ပဋိပန္နောတိ တထာဂတော။ ဒီ၊ဋ္ဌ၊၁၊၆၆-၇။ မ၊ဋ္ဌ၊၁၊၅၃-၄-စသည်။ (–ဒီ၊ဋီ၊၁၊၁၀၉။ သီ၊ဋီ၊သစ်၊၁၊၃၁၇။ မ၊ဋီ၊၁၊၁၀၇။ အံ၊ဋီ၊၁၊၁၃၄။)
  16. (ဒ) မှန်ကန်သော- မချွတ်ယွင်းသော ဝန်ခံမှုဖြင့် (ဘုရားအဖြစ်ကို) ရတော်မူသော (တထ+အာဂတ )။ တထာယ အာဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ မဟာပဋိညာယ တထာယ အဘိသမ္ဗုဒ္ဓဘာဝံ အာဂတော အဓိဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၀။ ဣတိဝုတ်၊ဋ္ဌ၊၁၁၆။
  17. (ဓ) မှန်ကန်သော- မချွတ်ယွင်းသော- မဟာကရုဏာတော်ဖြင့် (တလောကလုံး၏ အကျိုးငှါ) ကျင့်တော်မူသော (တထ+ဂတ )။ တထာယ ဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ တထာယ မဟာကရုဏာယ သကလလောကဟိတာယ ဂတော ပဋိပန္နောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၉။ ဣတိဝုတ်၊ဋ္ဌ၊၁၁၇။
  18. (န) မှန်ကန်သော- မချွတ်ယွင်းသော- (အရိယမဂ်ဉာဏ်-စသော အပိုင်းအခြား အတိုင်းအတာမရှိ သူတစ်ပါးနှင့် မဆက်ဆံသော) ဉာဏ်တော်အထူးတို့ကို ရတော်မူသော (တထ+အာဂတ )။ တထာနိ အာဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ တထာနိ နာမ စတ္တာရိ အရိယမဂ္ဂဉာဏာနိ...တထာနိ အဝိတထာနိ အနညထာနိ၊ တာနိ ဘဂဝါ အနညနေယျော သယမေဝ အဓိဂတော၊ တသ္မာ တထာနိ အာဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၉။ ဣတိဝုတ်၊ဋ္ဌ၊၁၁၇-၈။ အနန္တာပရိမေယျဘေဒါနံ အနညသာဓာရဏာနံ ပညာဝိသေသာနံ ဝသေန ဘဂဝါ တထာနိ ဉာဏာနိ အာဂတော အဓိဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၃၁။ ဣတိဝုတ်၊ဋ္ဌ၊၁၂၇။
  19. (ပ) မှန်ကန်သော- မချွတ်ယွင်းသော- (သောင်းလောကဓာတ် ရိုက်ခတ်တုန်လှုပ်စေခြင်း စသည်ဖြင့် ထူးသော) ဖွားမြင်တော်မူခြင်းသို့ ကပ်ရောက်တော်မူသော၊ မှန်ကန်သော- မချွတ်ယွင်းသော- ထူးသော အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်ကို ရတော်သော၊ မှန်ကန်သော- မချွတ်ယွင်းသော- (၄၅-ဝါ ပတ်လုံး ဓမ္မ, ဝိနယ-ကို ဟောပြပညတ်ခြင်းဟူသော) ဗုဒ္ဓကိစ္စကို ပြုကျင့်တော်မူသော၊ မှန်ကန်သော- မချွတ်ယွင်းသော- ခန္ဓာကြွင်းမရှိ ငြိမ်းအေးခြင်းသို့ ရောက်တော်မူသော (တထ+ဂတ-ချည်း)။ တထာ ဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ ယာ သာ ဘဂဝတော အဘိဇာတိ အဘိသမ္ဗောဓိ ဓမ္မဝိနယ ပညာပနာ အနုပါဒိသေသနိဗ္ဗာနဓာတု၊ သာ တထာ။ ... ဧဝမေတာ အဘိဇာတိအာဒိကာ တထာ ဂတော, ဥပဂတော, အဓိဂတော ပဋိပန္နော ပတ္တောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၃၁-၄။ ဣတိဝုတ်၊ဋ္ဌ၊၁၃၀။
  20. (ဖ) ထို (ရှေးဘုရားရှင်) တို့နှင့် တန်းတူဖြစ်သော ဂုဏ်ကျေးဇူးရှိတော်မူသော (တထာ+ဂတ )။ တထာဝိဓောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ တသ္မာ ယထာဝိဓာ ပုရိမကာ သမ္မာသမ္ဗုဒ္ဓါ၊ အယမ္ပိ ဘဂဝါ တထာဝိဓော။ ဧဝံ တထာဝိဓောတိ တထာဂတော။ ဝိဓတ္ထော စေတ္ထ ဂတ-သဒ္ဒေါ။ တထာ ဟိ လောကိယာ ဝိဓယုတ္တဂတ-သဒ္ဒေ ပကာရတ္ထေ ဝဒန္တိ။ ဥဒါန၊ဋ္ဌ၊၁၃၅။ ဣတိဝုတ်၊ဋ္ဌ၊၁၃၁။ (–ဒီ၊ဋီ၊၁၊၁၀၉။ သီ၊ဋီ၊သစ်၊၁၊၃၁၈။ မ၊ဋီ၊၁၊၁၀၇-၈။ အံ၊ဋီ၊၁၊၁၃၅။)
  21. (ဗ) အလိုအကြိုက်အားလျော်စွာ ကိုယ်, နှုတ်, စိတ် ဖြစ်ခြင်း ရှိတော်မူသော (တထာ+ဂတ )။ တထာပဝတ္တိတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ ယထာ ရုစိ တထာ ဂတံ ဂတိ ဂမနံ ကာယဝစီစိတ္တပ္ပဝတ္တိ ဧတဿာတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၃၅။ ဣတိဝုတ်၊ဋ္ဌ၊၁၃၁။ (- ဒီ၊ဋီ၊၁၊၁၀၉။ သီ၊ဋီ၊သစ်၊၁၊၃၁၇။ မ၊ဋီ၊၁၊၁၀၇။ အံ၊ဋီ၊၁၊၁၃၅)
  22. (ဘ) မှန်ကန်သော (ပစ္စဝေက္ခဏာစသော) ဉာဏ်တို့ကြောင့် (ပါရမီဖြည့်ရာ၌ ဆန့်ကျင်ဘက် မစ္ဆေရ-စသည်တို့၏) ဖြစ်ခြင်း ရှိတော်မမူသော။ (မ) မှန်ကန်သော (အရိယမဂ်) ဉာဏ်တို့ကြောင့် (၅-ပါးသော ဂတိတို့၌ ကိလေသ, အဘိသင်္ခါရ, ခန္ဓာ-တို့၏) ဖြစ်ခြင်း ရှိတော်မမူသော (တထ+အဂတ-ချည်း)။ တထေဟိ အဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ ဗောဓိသမ္ဘာရသမ္ဘရဏေ တပ္ပဋိပက္ခပ္ပဝတ္တိသင်္ခါတံ နတ္ထိ ဧတဿ ဂတန္တိ အဂတော။... ကိလေသာဘိသင်္ခါရပ္ပဝတ္တိသင်္ခါတံ, ခန္ဓပဝတ္တိသင်္ခါတမေဝ ဝါ ပဉ္စသုပိ ဂတိံသု ဂတံ ဂမနံ ဧတဿ နတ္ထိတိ အဂတော။... တထေဟိ အဂတောတိ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၃၅။ ဣတိဝုတ်၊ဋ္ဌ၊၁၃၁။
  23. (ယ) (မဂ်, ဖိုလ်, နိဗ္ဗာန်, ပရိယတ် ဟူသော သူတော်ကောင်း) တရား ရှိတော်မူသော။ (ရ) ၈-ပါးသော အရိယသံဃာ ရှိတော်မူသော (တထာဂတ+ဏ-ချည်း)။ တထာဂတဘာဝေန တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၁၇။ ဣတိဝုတ်၊ဋ္ဌ၊၁၁၅။ (ဃ) ကော ပနေသ တထာဂတော၊ ယဿ အတ္ထိတာယ ဘဂဝါ တထာဂတောတိ ဝုစ္စတီတိ? သဒ္ဓမ္မော။ သွာဿ အတ္တီတိ ဘဂဝါ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၃၅-၆။ ဣတိဝုတ်၊ဋ္ဌ၊၁၃၁-၂။ (၃) အနက်လည်းကြည့်။
  24. (ရ) ယထာ စ ဓမ္မော၊ ဧဝံ အရိယသံဃောပိ ...တထာဂတော။ သွာ’ဿ သာဝကဘူတော အတ္တီတိ ဘဂဝါ တထာဂတော။ ဥဒါန၊ဋ္ဌ၊၁၃၆။ ဣတိဝုတ်၊ဋ္ဌ၊၁၃၂။ (၄) အနက်လည်းကြည့်။
  25. (လ) ဆုတောင်းအားလျော်စွာ ကျင့်တော်မူသော (တထာ+ဂတ )။ ယထာ ပဏိဓာနံ၊ တထာ ဂတော အဘိနီဟာရာနုရူပံ ပဋိပန္နောတိ တထာဂတော။ ဒီ၊ဋီ၊၁၊၁၀၉။ (- သီ၊ဋီ၊သစ်၊၁၊၃၁၈။)
  26. (ဝ) ထို (ရှေးဘုရားရှင်တို့နှင့် မခြား အလားထပ်တူ ဂုဏ်အဆူဆူတို့) နှင့်- ယှဉ်- ပြည့်စုံ- တော်မူသော (တထာ+ဂတ)။ ယထာ ယုတ္တာ စ တေ ဘဂဝန္တော၊ အယမ္ပိ ဘဂဝါ တထာ ယုတ္တောတိ တထာဂတော။ ဒီ၊ဋီ၊၁၊၁၀၉။ မ၊ဋီ၊၁၊၁၀၈။ အံ၊ဋီ၊၁၊၁၃၅။ (- သီ၊ဋီ၊သစ်၊၁၊၃၁၈။)
  27. (သ) မှန်ကန်သောဉာဏ်ဖြင့် သိတော်မူသော (တထ+အာဂတ )။ တထေန ဉာဏေန အာဂတောတိ တထာဂတော။ သီ၊ဋီ၊သစ်၊၁၊၃၁၈။ ယသ္မာ သစ္စံ တစ္ဆံ တထန္တိ ဉာဏဿေတံ အဓိဝစနံ၊ တသ္မာ တထေန ဉာဏေန အာဂတောတိ တထာဂတော။ မ၊ဋီ၊၁၊၁၀၈။ (-အံ၊ဋီ၊၁၊၁၃၅။)
  28. (ဟ) မှန်ကန်သောဉာဏ် ရှိတော်မူသော (တထာ+ဂတ )။ တထာ သတျံ ဠာနံ ယသျ။ ဗျာချာသုဓာ၊ ဋီကာ။ စိန္တာမဏိ။ (တထာ-သဒ္ဒါကို အမှန်အကန်-ဟော ဟု P.S.D. ၌ ဆို၏။)
  29. (ဠ) နောက်တစ်ဖန် ပြန်မလာနိုင်လောက်အောင် ကိလေသာတို့ကို- အပြီးတိုင်လွန်- ပဟာနပရိညာဖြင့်သိ- တော်မူသော (တထာ+ဂတ )။ ယထာ ပုနရာဝ္စတ္တိနီ ဘဝတိ၊ တထာ တေန ပြကာရေဏ ဂတး ဣတိ တထာဂတး။ စိန္တာမဏိ။ (-ဝါစပ္ပတိ။ ထောမ။)
  30. 1 2 ဖားအောက်တောရဆရာတော်။ ဓမ္မစကြာနှင့် ဝိပဿနာတရားတော် |title= ရှိ ပြင်ပလင့်ခ် (အကူအညီ)