မာတိကာသို့ ခုန်သွားရန်

တတြမဇ္ဈတ္တတာ

ဝီကီပီးဒီးယား မှ

တတြမဇ္ဈတ္တတာ[] ဆိုသည်မှာ မိမိနှင့် အတူယှဉ်ဖက် ဖြစ်ကုန်သော စိတ်နှင့် စေတသိက် (သမ္ပယုတ်တရား) တို့ကို မိမိတို့ဆိုင်ရာ ကိစ္စရပ်များ၌ အယုတ်အလွန် မရှိစေဘဲ အညီအမျှ ဖြစ်စေကာ အလယ်အလတ်၌ တည့်မတ်စွာ ထားရှိသော သဘောတရား ဖြစ်သည်။ ၎င်းသည် သောဘဏသာဓာရဏ စေတသိက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။

တတြမဇ္ဈတ္တတာ၏ သဘောသဘာဝကို အောက်ပါအတိုင်း လေးမျိုးခွဲခြား၍ လေ့လာနိုင်သည် -

၁။ လက္ခဏ (အမှတ်အသား) - သမ္ပယုတ်တရားတို့ကို မိမိတို့၏ ကိစ္စ၌ အညီအမျှ ထမ်းဆောင်စေခြင်း သဘောရှိသည် (သမဝါဟိတလက္ခဏာ)။
၂။ ရသ (ကိစ္စ) - သမ္ပယုတ်တရားတို့၏ ကိစ္စ၌ ယုတ်လျော့ခြင်း သို့မဟုတ် ပိုလွန်ခြင်းကို တားမြစ်ခြင်း (ဦနာဓိကတာနိဝါရဏရသ) ကိစ္စရှိသည်။ တစ်နည်းအားဖြင့် ဘက်လိုက်မှုကို ဖြတ်တောက်ခြင်း ကိစ္စရှိသည်။
၃။ ပစ္စုပဋ္ဌာန် (ဉာဏ်၌ ထင်လာပုံ) - အလယ်အလတ် လျစ်လျူရှုတတ်သော သဘောတရားအဖြစ် ထင်လာသည်။
၄။ ပဒဋ္ဌာန် (နီးကပ်သောအကြောင်း) - ဖဿဦးဆောင်သော ယှဉ်ဖက်သမ္ပယုတ်တရားများသည် တတြမဇ္ဈတ္တတာ ဖြစ်ပေါ်လာစေရန် အနီးကပ်ဆုံး အကြောင်းတရား ဖြစ်သည်။

အမည်၏ အဓိပ္ပာယ်နှင့် သဘောသဘာဝ

[ပြင်ဆင်ရန်]

"တတြမဇ္ဈတ္တတာ" ဟူသော အမည်မှာ မိမိနှင့်အတူ ဖြစ်ပေါ်လာသော "ထို" (တတြ) စိတ်စေတသိက်တို့၌ "အလယ်အလတ် လျစ်လျူရှုသော သဘော" (မဇ္ဈတ္တတာ) ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် သမ္ပယုတ်တရားတို့ကို အာရုံပြု၍ လျစ်လျူရှုခြင်းမျိုး မဟုတ်ဘဲ၊ သမ္ပယုတ်တရားတို့နှင့် အာရုံတစ်ခုတည်းကိုပင် ယူကာ ထိုတရားတို့၏ လုပ်ဆောင်ချက်များကိုသာ အညီအမျှဖြစ်အောင် စောင့်ကြည့်ထိန်းညှိပေးခြင်း ဖြစ်သည်။

ရထားထိန်း ဥပမာ

[ပြင်ဆင်ရန်]

တတြမဇ္ဈတ္တတာ၏ လုပ်ဆောင်ချက်ကို အာဇာနည်မြင်းတို့ကို မောင်းနှင်သော ရထားထိန်း နှင့် တင်စားလေ့ရှိသည် -

  • အာဇာနည်မြင်းတို့သည် အချင်းချင်း အယုတ်အလွန်မရှိဘဲ အညီအမျှ ပြေးသွားနေသောအခါ ရထားထိန်းသည် မြင်းတို့ကို ဆွဲခြင်း သို့မဟုတ် နှင်ခြင်း မပြုတော့ဘဲ အသင့်အတင့် ရှုစားကာ ဇက်ကြိုးကို ကိုင်ထားရုံသာ ပြုသည်။
  • ထို့အတူ တတြမဇ္ဈတ္တတာသည်လည်း သမ္ပယုတ်တရားတို့ မိမိတို့ကိစ္စ၌ အညီအမျှ ဖြစ်နေစေရန် ဘက်မလိုက်ဘဲ အလယ်အလတ်ဝယ် တည့်မတ်ပေးထားသည်။

အကျိုးသက်ရောက်မှု

[ပြင်ဆင်ရန်]

တတြမဇ္ဈတ္တတာသည် စိတ်အစဉ်၌ အောက်ပါ အစွန်းနှစ်ဖက်ကို တားမြစ်ပေးသည် -

  • ထိနမိဒ္ဓ လွန်ကဲသဖြင့် စိတ်ဓာတ်တွန့်ဆုတ်ခြင်း (အယုတ်)။
  • မာန ဦးဆောင်သဖြင့် စိတ်ဓာတ်မော်ကြွားခြင်း (အလွန်)။

၎င်းသည် ဆန္ဒ၊ ဝီရိယပညာ စသည့် အဓိပတိတရားများ ထူးခြားစွာ လုပ်ဆောင်နေချိန်၌ပင် ထိုတရားတို့၏ လုပ်ငန်းရပ်များကို အညီအမျှ ဖြစ်စေရန် တာဝန်ယူ ဆောင်ရွက်ပေးသည်။ ဝိပဿနာ ရှုပွားနေသော ယောဂီတို့၏ ဉာဏ်တွင် သမ္ပယုတ်တရားတို့ကို အယုတ်အလွန်မရှိဘဲ သင့်တင့်သော အားဖြင့် ရှုနေခြင်း (လျစ်လျူရှုခြင်း) အဖြစ် ထင်ရှားပေါ်လွင်လာတတ်သည်။[]

အခြားအမည်များ

[ပြင်ဆင်ရန်]

(ဆဠင်္ဂုပေက္ခာ, ဗြဟ္မဝိဟာရုပေက္ခာ, ဗောဇ္ဈင်္ဂုပေက္ခာ, ဈာနုပေက္ခာ, ပါရိသုဒ္ဓုပေက္ခာ ဟူသော အမည်များသည် “တတြမဇ္ဈတ္တတာ” စေတသိက်၏ အမည် ဖြစ်၏။ [][]

ဆက်စပ်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. တတြမဇ္ဈတ္တတာ (ထီ) [တတြ+မဇ္ဈတ္တ+တာ] တတြမဇ္ဈတ္တတာ-စေတသိက်၊ ထို(မိမိနှင့် ယှဉ်ဖက်ဖြစ်သော စိတ်, စေတသိက်)တို့၌ လွန်မှု, ယုတ်မှုတို့၏ အလယ်၌တည်သော သဘောရှိသော-ပုဂ္ဂိုလ်-တရားအပေါင်း၏ အဖြစ်၊ ထိုယှဉ်ဖက်တရားတို့၌ လျစ်လျူရှု သည်၏အဖြစ်။
  2. နိဗ္ဗာနဂါမိနိပဋိပဒါ - စတုတ္ထတွဲ - ဖားအောက်တောရဆရာတော်
  3. အဘိ၊ဋ္ဌ၊၁၊၂၁၇။ ဝိသုဒ္ဓိ၊၁၊၁၅၆။ မဟာနိ၊ဋ္ဌ၊၁၁၉။ ပဋိသံ၊ဋ္ဌ၊၁၊၁၇၄။ သာရတ္ထ၊၁၊၃၇၃။)
    တေသု ဓမ္မေသု မဇ္ဈတ္တတာ တတြမဇ္ဈတ္တတာ။ ဝိဘာဝိနီ၊၁၁၀။ တေသု ဓမ္မေသူတိ ယေသု ဓမ္မေသု သယမုပ္ပန္နော၊ တေသု အတ္တနာ သမ္ပယုတ္တေသု စိတ္တစေတသိကဓမ္မေသု။ ... မဇ္ဈေ ဌိတော အတ္တာ သဘာဝေါ ဧတဿာတိ မဇ္ဈတ္တော။ ပုဂ္ဂလော, ဓမ္မသမူဟောဝါ။ တဗ္ဘာဝေါ မဇ္ဈတ္တတာ။ မဏိမဉ္ဇူ၊၁၊၃၃၉။ (–ဝိ၊ဋ္ဌ၊၁၊၁၂၅။ အဘိ၊ဋ္ဌ၊၁၊၁၇၆-၇၊ ၂၂၂။ အဘိ၊ဋ္ဌ၊၃၊၃၈၈။ ဝိသုဒ္ဓိ၊၂၊၉၃၊ ၉၆။ ပဋိသံ၊ဋ္ဌ၊၁၊၁၇၉။ ဝိမတိ၊၁၊၇၃။ သံ၊ဋီ၊၂၊၃၉၇။ အနုဋီ၊၁၊၁၀၀။ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၄၇။) (အဘိ၊ဝတာရ၊ဋီ၊၁၊၃၀၇။ ပရမတ္ထ၊ဋီ၊၈၆-တို့၌ “တေသု တေသု”ဟု ရှိ၏။)
  4. တိပိဋကအဘိဓာန် အတွဲ-၉