တတိယ သဒ္ဓမ္မသမ္မောသသုတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တတိယ သဒ္ဓမ္မသမ္မောသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်သော တရားငါးမျိုးနှင့် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန် ဖြစ်သော တရားငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]
တတိယ သဒ္ဓမ္မသမ္မောသသုတ်
[ပြင်ဆင်ရန်]ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန်ဖြစ်ကုန်၏။[၁]
အဘယ်ငါးမျိုးတို့နည်းဟူမူ’
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်’[၁]
- မကောင်းသဖြင့် ယူအပ်သောပါဠိကို မကောင်းသဖြင့် ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ မကောင်းသဖြင့် ထားအပ်သော ပုဒ် ဗျည်း၏ အနက်သဘောကိုလည်း ခဲယဉ်းစွာသိရ၏။[၁]
ရဟန်းတို့ ဤပဌမသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် အပြောရ အဆိုရ ခက်ကုန်၏၊ အပြောရ အဆိုရ့ခက်ခြင်းကို ပြုတတ်ကုန်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သည်းခံခြင်း မရှိကုန်၊ အဆုံးအမကိုရိုသေစွာ မနာယူကုန်။[၁]
ရဟန်းတို့ ဤဒုတိယသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား အကြားအမြင်များကုန် အာဂုံ (ပါဠိ) နှုတ်တက်ကုန် သုတ် အဘိဓမ္မာ ကိုဆောင်ကုန် ဝိနည်းကို ဆောင်ကုန် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ပါဠိတော်ကိုသူတစ်ပါးအား ရိုသေစွာ မပို့ချကြကုန်၊ ထိုရဟန်းတို့ ကွယ်လွန်သောအခါ ပါဠိတော်သည် အမြစ်အရင်းပြတ်၏၊ ထောက်တည်ရာ မရှိတော့ချေ။[၁]
ရဟန်းတို့ ဤတတိယသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် ကျင့်ကုန်၏၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ ကျင့်ကုန်၏၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရား ငါးပါး၌ ရှေ့သွားဖြစ်ကြကုန်၏၊ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ တာဝန်မဲ့ ဖြစ်ကြကုန်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန်မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားမထုတ်ကုန်၊ ထိုမထေရ်ကြီးတို့၏ နောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ဆရာ့အယူသို့ အစဉ်လိုက်၍ ကျင့်၏။ ထိုနောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန်ကျင့်၏၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ ကျင့်၏၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါး၌ ရှေ့သွားဖြစ်၏၊ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ တာဝန်မဲ့ဖြစ်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားမထုတ်တော့ချေ။[၁]
ရဟန်းတို့ ဤစတုတ္ထသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား သံဃာသည် ကွဲပြား၏၊ သံဃာကွဲပြားသည်ရှိသော် အချင်းချင်းဆဲရေးလည်း ဆဲရေးကြကုန်၏၊ အချင်းချင်း ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကြကုန်၏၊ အချင်းချင်းပစ်ပယ်လည်း ပစ်ပယ်ကြကုန်၏၊ အချင်းချင်း စွန့်လည်း စွန့်ကြကုန်၏၊ ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသေးသူတို့လည်း မကြည်ညိုကြကုန်၊ ကြည်ညိုပြီးသူ အချို့တို့လည်း အကြည်ညိုပျက်ရန် ဖြစ်၏။[၁]
ရဟန်းတို့ ဤပဉ္စမသဘောတရားသည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား ပျောက်ပျက်ရန် ကွယ်ပရန် ဖြစ်ကုန်၏။[၁]
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏။[၁]
အဘယ်ငါးမျိုးတို့နည်းဟူမူ’
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည်’[၁]
- ကောင်းစွာ ယူအပ်သော ပါဠိကို ကောင်းမွန်စွာ ထားအပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင်ကြားကုန်၏၊ ရဟန်းတို့ ကောင်းစွာ ထားအပ်သော ပုဒ် ဗျည်း၏ အနက်သဘောကိုလည်း လွယ်ကူစွာ သိရ၏။[၁]
ရဟန်းတို့ ဤပဌမသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ပြောဆိုလွယ်ကူကုန်၏၊ ပြောဆိုရလွယ်ကူခြင်းကိုပြုတတ်သော တရားတို့နှင့် ပြည့်စုံကုန်၏၊ သည်းခံကုန်၏၊ အဆုံးအမကို ရိုသေစွာ နာယူကုန်၏။[၁]
ရဟန်းတို့ ဤဒုတိယသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်ကုန်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား အကြားအမြင်များကုန် အာဂုံ (ပါဠိ) နှုတ်တက်ကုန် သုတ် အဘိဓမ္မာကိုဆောင်ကုန် ဝိနည်းကို ဆောင်ကုန် မာတိကာကို ဆောင်ကုန်သော ရဟန်းတို့သည် ပါဠိတော်ကိုသူတစ်ပါးအား ရိုသေစွာ ပို့ချကြကုန်၏၊ ထိုရဟန်းတို့ ကွယ်လွန်သောအခါ ပါဠိတော်သည်အမြစ်အရင်းမပြတ်၊ ထောက်တည်ရာ ရှိပေ၏။[၁]
ရဟန်းတို့ ဤတတိယသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား မထေရ်ကြီး ရဟန်းတို့သည် ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ကြကုန်၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ မကျင့်ကြကုန်၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရားငါးပါး၌ တာဝန်မဲ့ဖြစ်ကုန်၏၊ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ ရှေ့သွားဖြစ်ကုန်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်ကုန်၏၊ ထိုမထေရ်ကြီးတို့၏နောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ဆရာ့အယူသို့ အစဉ်လိုက်၍ ကျင့်၏။ ထိုနောင်လာ နောက်သား တပည့်အပေါင်းသည်လည်း ပစ္စည်းလေးပါး ပေါများရန် ဘုန်းတန်ခိုးကြီးမားရန် မကျင့်ပေ၊ (သိက္ခာ သီလကို) လျော့ပေါ့စွာ မကျင့်ပေ၊ အောက်သို့ သက်ဆင်းကြောင်း နီဝရဏတရား ငါးပါး၌ တာဝန်မဲ့ ဖြစ်၏၊ ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’၌ ရှေ့သွားဖြစ်၏၊ မရောက်သေးသည့် (ဈာန် မဂ် ဖိုလ်) သို့ရောက်ရန် မရသေးသည့် (ဈာန် မဂ် ဖိုလ်) ကို ရရန် မျက်မှောက်မပြုရသေးသည့် (နိဗ္ဗာန်) ကို မျက်မှောက်ပြုရန် လုံ့လကို အားထုတ်၏။[၁]
ရဟန်းတို့ ဤစတုတ္ထသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]
- ရဟန်းတို့ နောက်တစ်မျိုးကား သံဃာသည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံ ခိုက်ရန် မရှိဘဲပါတိမောက် အတူပြသည်ဖြစ်၍ ချမ်းသာစွာ နေ၏၊ ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော် အချင်းချင်းဆဲရေးလည်း မဆဲရေးကြကုန်၊ အချင်းချင်း ခြိမ်းခြောက်လည်း မခြိမ်းခြောက်ကြကုန်၊ အချင်းချင်းပစ်ပယ်လည်း မပစ်ပယ်ကြကုန်၊ အချင်းချင်း စွန့်လည်း မစွန့်ကြကုန်၊ ထိုညီညွတ်သော သံဃာ၌ မကြည်ညိုသေးသူတို့လည်း ကြည်ညိုကြကုန်၏၊ ကြည်ညိုပြီးသူတို့လည်း အကြည်ညို တိုးပွားရန် ဖြစ်၏။[၁]
ရဟန်းတို့ ဤပဉ္စမသဘောတရားသည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန်မကွယ်ပရန် ဖြစ်၏။[၁]
ရဟန်းတို့ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်တံ့ရန် မပျောက်ပျက်ရန် မကွယ်ပရန်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁]