တက္ကလဇာတ်

ဝီကီပီးဒီးယား မှ

ဒသကနိပါတ် - ၄၄၆။ တက္ကလဇာတ်

ယုတ်မာ ကြမ်းထမ်းသော မိခင်ကို ယဉ်ကျေး သိမ်မွေ့အောင် နည်းပရိယာယ်ဖြင့် ဆုံးမသော သားပညာရှိအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိမိချစ်သား အိမ်ထောင်ထား

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ် သူဆင်းရဲမျိုး၌ ဖြစ်သော သီတင်းသည် တယောက်သည် အမိသေလွန် သည်ရှိသော် အခစားလုပ်ခြင်း လယ်ယာထွန်ခြင်း စသောအမှုတို့ကို ပြုလုပ်လျက် အဘကိုရိုသေစွာလုပ်ကျွေးလေ၏။

ထိုအခါ အဘသည်သားအား “ချစ်သား...သင်သည် အိမ်တွင်း အိမ်ပ အလုံးစုံသော ကိစ္စတို့ကို ပြုလုပ်ရ၏၊ တယောက်သော အမျိုးသမီးကို ဆောင်ယူ လက်ထပ်သည်ရှိသော် သင်၏ကိုယ်စား အိမ်တွင်းမှုကို ပြုလုပ်ဖော် ရလတ္တံ့”ဟု ပြော၏၊ ဖခင် လက်မထပ်ပါလင့်၊ မိန်းမ တို့မည်သည် အိမ်သို့ ရောက်သည်ရှိသော် ဖခင်၏၎င်း, အကျွန်ုပ်၏၎င်း စိတ်ချမ်းသာခြင်းကို ပြုလုပ်လိမ့်မည် မဟုတ်”ဟုတားမြစ်၏၊ ဖခင်သည် တားမြစ်သော်လည်း မနာယူဘဲ အတင်းဆောင်ယူကာ လက်ထပ်လေ၏။

ဖခင်နှင့်သား တိုက် ချွေးမ မိုက်

အမျိုးသမီးသည် အိမ်သို့ရောက်စအခါ၌ ယောက္ခမအား၎င်း, လင်အား၎င်း အိမ်ဦးနတ်ကဲ့သို့ ရိုသေစွာ လုပ်ကျွေး၏။ ထိုအခါ လင်ယောက်ျားသည် အဘအား ပြုစုဖော်ရပေသည်ဟု နှစ်သက်သဖြင့် မယားအားသာ အစားအစာ ပစ္စည်းဥစ္စာတို့ကို အပ်နှင်းလေ၏၊ မယားသည် နောက်အခါ လင်နှစ်သက်မှန်း သိလျှင် မာန်တက်၍ ယောက္ခမအား ရိုသေစွာ မလုပ်ကျွေးတော့ဘဲ အမြဲဆန့် ကျင်ဘက်ကိုသာ ပြုလေ၏။

တနေ့သ၌ တအိမ်လုံး အညစ်အကြေးတို့ဖြင့် လိမ်းကျံ စေလျက် လင်ယောက်ျားလာသောအခါ အဘသက်ကြီးအို ပြုလုပ်ကြောင်း အတူတကွ မနေနိုင်တော့ကြောင်းကို ပြောဆိုကုန်းတိုက်လျက် ဤအိမ်မှ သက်ကြီးအိုကိုလည်း နှင်ချပါ၊ သို့တည်းမဟုတ် မိမိမူလည်း ဆင်းသွားမည်”ဟု ပြောဆိုလေ၏။

ထိုအခါ လင်ယောက်ျားလည်းသင်မာ

(စာကျန်နေသေး)

သည်ရှိလေ၏၊ ထိုသားသည် အမိအဘဘို့ကို လုပ်ကျွေး၏၊ နောက်အခါ အမိ သေလွန်သည် ရှိသော် အဘကိုလုပ် ကျွေး၏။

ထိုအခါ အဘသည် သားအလိုမရှိဘဲ အဖန်ဖန် ငြင်းဆန်ပယ်ပါလျက် အမျိုးသမီးတယောက်ကို အိမ်သို့ ဆောင်ယူကာ သားနှင့်လက်ထပ်လေ၏၊ ထိုအမျိုးသမီးသည် အဘအား၎င်း, လင်ယောက်ျားအား၎င်း၊ ရိုသေစွာလုပ် ကျွေး၏၊ နောက်အဖို့၌ ယောက္ခမအိုနှင့် လင်ယောက်ျားကို ကုန်းတိုက်လေ၏။

ချွေးမစိတ်ရိုင်း အဖသတ်ခိုင်း

“အရှင်...သက်ကြီးအိုကားအကျွန်ုပ်ကိုအမြဲ ခိုက်ရန်ပြုဘိ၏၊ ခက်ထန်ကြမ်း ကြတ်၏၊ သင့်အဘနှင့်အတူမနေနိုင်ပါ၊ သင့်အဘလည်း အိုမင်းပြီ၊ မချွတ်လျှင် နှစ်ရက် သုံးရက် လွန်လျှင် သေလတံ့၊ သို့အတွက် သုသာန်သို့ ဆောင်ယူ၍ သတ်ရမည်” ဟု ပြောဆိုလေ၏၊ လင်ယောက်ျားလည်း မိန်းမယုတ်ကုန်းတိုက်သည်ကို ယုံကြည်သဖြင့် “ရှင်မ...လူတယောက်ကို သတ်ရသည်မှာ လွယ်ကူသော အလုပ် မဟုတ်၊ ဘယ်လိုသတ်ရမည်နည်း”ဟုပြော၏၊ “အရှင်... မည်သည့်ရွာ၌ အမိ၏ဥစ္စာရှိသည် ဖခင်အသက်ရှင်စဉ် တောင်းမှရမည်ဟုဆို၍ လှည်း၌တင်ကာ သုသာန်သို့ ဆောင်ယူပြီးလျှင် တွင်းထည့်၍ ပေါက်တူး နှောင့်ဖြင့် ရိုက်သတ်ပြီး မြေမြှုပ်ခဲ့ရမည်”ဟုနည်းပေးလေ၏။

ဖခင်သတ်ရန် သားမိုက်ကြံ

လင်ယောက်ျား ဖြစ်သော သဝိဋ္ဌကသည် မယားစကားကိုနားထောင်ကာ သုသာန်သို့သွားရန် စီစဉ်လေ၏။

ထိုသဝိဋ္ဌကအား ခုနစ်နှစ်အရွယ် သားတယောက်ရှိ၏၊ ပညာရှိ၏၊ မိဘတို့တိုင်ပင်သော စကားကို ကြားလျှင် ငါ့အမိကား ယုတ်မာ၏၊ အဘကို ပိတုဃာတကကံ ပြုလုပ်ရန် တိုက်တွန်းဘိ၏၊ ငါနည်းပြ၍ ဆုံးမမည်ဟု ကြံစည်၍ အဘိုးနှင့် အတူ အိပ်၏၊ သဝိဋ္ဌကလည်း မယားပြောကြားသောအချိန်၌ ယာဉ်ကိုက၍ ဖခင်အား “ဖခင်...လာပါ၊ မြီတောင်း “သွားမည်” ဟု ဆို၍ လှည်းပေါ်သို့တက်စေ၏၊ သားငယ်သည် ရှေးဦးစွာ ယာဉ်သို့ တက်နှင့်၏၊ သဝိဋ္ဌကလည်း တားမြစ်ခြင်းငှါ မတတ်နိုင်၊ သားငယ်နှင့် အတူသာလျှင် သုသာန်သို့ မောင်းနှင်၏၊ ရောက်လျှင် အဘနှင့် သားငယ်ကို တနေရာမှာထား၍ ပေါက်တူးကိုယူလျက် ပုန်းကွယ်ရာ၌ တွင်းကို တူးလေ၏။

သားငယ် မေးမှု ပြောကြားပြု

ထိုအခါ သားငယ်သည် ယာဉ်မှ ဆင်းသက်၍ အဘထံသို့ သွားကာ-

“ဖခင်သုသာန်တောအလယ်၌ သထွေးဥ, ကညင်ဥ, ပိန်းဥ, မျောက်ဥတို့ မရှိကုန်၊ သို့ပါလျက် သင်သည် တယောက်ထီးတည်း ဘယ်အကျိုးငှါ တွင်းကို တူးဘိသနည်း”—

ဖခင်အား ပဋိသန္ဓာရ စကားဖြစ်စေ၍ တွင်းတူး ခြင်းအကြောင်းကို မေးလေ၏၊ သဝိဋ္ဌကလည်း သားငယ် စကားကိုကြားလျှင်–

“ချစ်သား သင့်အဘိုးကား အလွန်အား နည်းပြီ၊ အိုမင်းခဲ့ပြီ၊ အနာများစွာ နှိပ်စက်ခဲ့ပြီ၊

ထို့ကြောင့် ငါသည် ယနေ့ ဤတွင်း၌ သင့်အဘိုးကို မြှုပ်သတ်မည်၊ စင်စစ်သင့်အဘိုး၏ အားနည်း အိုမင်း ဆင်းရဲလျက် အသက်ရှည်ခြင်းကို ငါမနှစ်သက်”-

ဟု သားငယ်အား တွင်းတူးခြင်းအကြောင်းကို ပြောဆိုလေ၏။

ဘိုးအိုသတ်ဘွယ် သားဥပါယ်

ထိုအခါ သားငယ်သည် ဖခင်အား ဥပါယ်တခုဖြင့် ဆုံးမပြောဆိုလို၍-

“ဖခင်...သင်ကား ယုတ်မာစွာ အဘိုးကို ဆင်းရဲမှ လွတ်စေကြောင်း အကြံကို ရအပ်ပြီ၊ သင်သည် ပစ္စုပ္ပန် သံသရာနှစ်ဖြာသော အကျိုး စီးပွားကိုလွန်သော ကြမ်းကြုတ်သောပိတုဃာတက ကံကို ပြုဘိ၏”-

ဟု ဖခင်အား အကြောင်းပြ၍ ပြောဆိုပြီးလျှင် ဖခင် လက်မှပေါက်တူးကိုယူ၍ မနီးမဝေး အရပ်၌ တွင်းတခုကို တူးပြန်၏၊ “ဖခင်သည် သားငယ်အား အဘယ်ကြောင့် တွင်းကိုတူးပြန်သနည်း”ဟုမေးလေ၏၊ သားငယ်သည်–

“ဖခင် သင်ဖခင်ပြုသော အမှုကို အကျွန်ုပ် နည်းလမ်းရပေပြီ၊ အကျွန်ုပ်လည်း သင်ဖခင် အိုမင်းသောအခါ မြှုပ်သတ်မည်ဟု တွင်းကို တူးအပ်၏၊ ဖခင်၏အလေ့အကျင့်ကို အတုယူ၍ ကျင့်ကာ သင်ဖခင်ကို ဤတွင်း၌ မြှုပ်သတ်မည်”—

ဟု ဖခင်အား သတိရအောင် ပြောဆို၏။

ကံကြီးပြစ်မှားသော သားကတား

ထိုအခါ သဝိဋ္ဌကသည် သားငယ်ပြောစကားကို ကြားသဖြင့် ကဲ့ရဲ့လို၍—

“ချစ်သား...သင်သည် ရုန့်ရင်း ကြမ်းကြုတ် သောစကားတို့ဖြင့် ငါ့ကို နှိပ်စက် ထိပါး၍ ဖြေဆိုဘိ၏၊ ချစ်သား...သင်သည် ငါ၏ရင်၌ဖြစ်သော သားဖြစ်ပါလျက် ငါ၏အကျိုးစီးပွားကို အလိုမရှိ သည်ဖြစ်၏”

ဟု သားငယ်အား ဆုံးမစကားပြောဆိုပြန်၏၊ ပညာရှိသော သားငယ်သည်–

“ဖခင်...အကျွန်ုပ်ကား သင်ဖခင်၏အကျိုး စီးပွားကို အလိုမရှိသည် မဟုတ်၊ သင်ဖခင်၏ အကျိုး စီးပွားကို အလိုရှိခဲ့၏၊ ယုတ်မာသော အနန္တရိယကံကို ပြုကျင့်မည်ဖြစ်သော သင်ဖခင်ကို အကျွန်ုပ်သည် ... တားမြစ်ထိုက်ပါ၏၊ ထိုထက် အလွန် သင်ဖခင်သည် အကျွန်ုပ်တို့ကို တားမြစ် ထိုက်ပါ၏”။

မိဘ ဂုဏ်ထူး သားငယ်ချီးကျူး

“ဖခင်ယုတ်မာသော အကျင့်ရှိသော သားသည် မပြစ်မှားထိုက်သော အမိ အဘတို့ကို သတ်ပုတ်ညှဉ်းဆဲဘိ၏၊ အမိ

အဘတို့ကို သတ်ပုတ်ညှဉ်းဆဲသော ထိုသားယုတ်သည် သေ၍ တမလွန်ဘဝ၌ ယုံမှားမရှိ ငရဲသို့လားရ၏။

“ဖခင်ကောင်းသော အကျင့်ရှိသော သားသည် အမိအဘတို့ကို ထမင်း အဖျော်တို့ဖြင့် လုပ်ကျွေးမွေးပြု၏၊ အမိအဘတို့ကို လုပ်ကျွေး မွေးမြူသော သားလိမ်မာသည် သေ၍တမလွန်ဘဝ၌ ယုံ မှားမရှိ နတ်ရွာသုဂတိသို့ လားရ၏” ဟုဖခင်အား ဥဒါန်းဂါထာတို့ကို ကျူးရင့်ကာတရား ဟောလေ၏။

သားငယ်ဟောပြ သဘောကျ

သားငယ်၏ ပြောကြားသော တရားစကားကို ကြားရလျှင် ဖခင်သည်–

“ချစ်သား...သင်ကား ငါဖခင်၏ အကျိုးစီးပွားကို အလိုမရှိသည်မဟုတ်၊ အလိုရှိပေ၏၊ ချစ်သား သင့်မိခင်သည် တိုက်တွန်းအပ်သည် ဖြစ်၍ ငါသည် ဤသို့သဘောရှိသော ကြမ်းကြုတ်သော အနန္တရိယကံကို ပြုမည်ဟု ကြံစည်မိပါ၏”

ဟု သားငယ်အား ပြောဆို၍ အမှန်အတိုင်း ဝန်ခံလေ၏၊ သားငယ်သည် “ဖခင်... မိန်းမတို့သည် ဒေါသဖြစ်လာသော် မနှိပ်ငြားအံ့၊ အဖန်တလဲလဲ မကောင်းမှုကို ပြုတတ်၏၊ ထို့ကြောင့် နောက်ထပ်တဖန် မကောင်းမှုကို မပြုဝံ့အောင် ပုတ်ခတ်ကြိမ်းမောင်းပါ”ဟုပြောဆိုပြီးလျှင်–

“ဖခင်... သင်၏ မယားသည် ယုတ်မာသော သဘောရှိ၏၊ ထိုမယားသည် သင်ဖခင်အား တပါးသောဆင်းရဲကိုလည်း ဖြစ်စေရာ၏၊ ဖခင်၏ မယားကား အကျွန်ုပ်ကို မွေးဖွားသော အမိရင်းလည်း မှန်၏၊ ထိုမိခင်ကို အိမ်မှ နှင်ထုတ်ပါ”— မိခင်၏ အပြစ်ကို ပြောဆို၍ ဆုံးမရန် နည်းပေး၏။

ပြန်လာတူတွဲ မယားဆဲ

သဝိဋ္ဌကလည်း သားပညာရှိ၏ စကားကို ကြားရလျှင် ဝမ်းမြောက်သဖြင့် ချစ်သား သွားမည်ဆို၍ သားအဖ မြေးအဘိုးတို့သည် ယာဉ်ဖြင့် အိမ်သို့ပြန်ကြကုန်၏။ ယုတ်မာသော မယားလည်း အသရေမရှိသော သက်ကြီးအို သူယုတ်သည် ငါ့အိမ်မှ ထွက်လေပြီ ဟု အလွန် နှစ်သက်ရွှင်လန်းလျက် အိမ်ကို နွားချေးစိုတို့ဖြင့် လိမ်းကျံပြီးလျှင် ဃနာနို့ထမင်းကို ချက်၍ လင်နှင့်သားတို့ လာရာ လမ်းခရီးကိုသာ ကြည့်မြော်၍ နေနှင့်၏၊ ပြန်လာသော သားအဖ မြေးအဘိုးတို့ကို မြင်လျှင် အိမ်မှထွက်လေပြီးသော သက်ကြီးအိုသူယုတ်ကို ပြန်၍ခေါ် လာပြန်ပြီ ဟု လွန်စွာ အမျက်ထွက်လျက် “ဟယ်-ကောက်ကျစ်စဉ်းလဲသော သူယုတ်...အိမ်မှ ထွက်လေပြီးသော အသရေမရှိတဲ့ သက်ကြီးအိုသူယုတ်ကို တဖန်ပြန်၍ ခေါ်လာပြန်ပြီ” ဟု ဆီးကြိုဆဲရေးကာ ရန်တွေ့လေ၏။

ရိုက်ပုတ်နှင်ထုတ် မယားယုတ်

သဝိဋ္ဌကလည်း တစုံတရာစကား မဆိုသေးဘဲ ယာဉ်ကို ချွတ်ပြီးလျှင်– “ဟယ်-မိန်းမယုတ်...နင်ဘယ်စကားကို ဆိုသနည်း”ဟု ပြောဆိုငေါက်ငမ်းကာ မယားကို ပြင်းထန်စွာ ရိုက်ပုတ်ညှဉ်းဆဲထောင်းထုပြီးလျှင်– “ဤနေ့မှစ၍ နင်ဤအိမ် သို့မဝင်ရ”ဟု ကြိမ်းမောင်းကာ ခြေနှစ်ချောင်းကို ကိုင်၍ ထုတ်လေ၏၊ ထို့နောက် အဘအိုနှင့် သားငယ်တို့ကို ရေချိုးစေပြီးလျှင် သားအဖမြေးအဘိုး သုံးယောက်တို့သည် အတူတကွ ထမင်းစားကုန်၏၊ မိန်းမယုတ်ကား နှစ်ရက် သုံးရက် အခြားအိမ်၌သာနေရ၏။

ထိုအခါ သားငယ်သည် “ဖခင်... ငါ့အမိသည် ဤသို့ ကြိမ်းမောင်းကာမျှဖြင့် သိမည်မဟုတ်၊ မိခင် နှလုံးမသက် သားအောင်ပြုရန် မည်သည့်ရွာ၌ ဦးရီး၏သမီးကို ဆောင်ယူ၍ အိမ်ရှင်မ ပြုမည်ဟု သတင်းလွှင့်ကာ ပန်းနံ့သာစသည်တို့ကိုစီရင်၍ လှည်းတို့ကိုကလျက် လယ်တောသို့သွားပြီးလျှင် ညချမ်းအခါ၌ ပြန်လာခဲ့လော့”ဟု ဖခင်အားနည်းပေး ပြန်၏၊ ဖခင်လည်း သားပညာရှိ နည်းပေးတိုင်း ပြုလုပ်

လေ၏။

မယားမာနကျ ကံတော့ဝန်ချ

အိမ်နီးချင်းမိန်းမတို့သည် ထိုမိန်းမအား အမိ... သင့် လင်ယောက်ျားသည် အခြားမိန်းမတယောက်ကို ဆောင်ယူရန် ဤမည်သောရွာသို့ သွားသတတ်”ဟု ပြောကြားကြကုန်၏၊ ထိုမိန်းမသည် ယခုငါသည် ပျက်စီးချေပြီ၊ ဤနေ့မှ စ၍ တဖန်လင့်အိမ်၌ နေခွင့်မရှိပြီဟု ကြောက်ရွံ့သည်ဖြစ်၍ ကိုးကွယ်ရာမဲ့ဖြစ်ကာ သားပညာရှိထံသို့ သွား၍ “ချစ်သား... မိခင်မှာ ချစ်သားမှတပါး ကိုးကွယ်ရာ မရှိပါ၊ ဤနေ့မှစ၍ သင်ချစ်သား အဘကို၎င်း, အဘိုးကို၎င်း တန်ဆာဆင် ထားသောဂူပုထိုးကဲ့သို့ ရိုသေစွာလုပ်ကျွေးပါမည်၊ အိမ်သို့ ဝင်ခွင့်ပြုပါ”ဟု တောင်းပန်လေ၏။

သားငယ်ဟောပြ တူနေကြ

သားငယ်သည် မိခင်... နောက်တဖန် ဤသို့သောမကောင်းမှုကို မပြုပါလင့်၊ သတိနှင့်နေပါ”ဟု ပြောဆိုဆုံးမပြီးလျှင် ဖခင်လာသောအခါ-

“ဖခင်... သင်ဖခင်၏မယားသည် ယုတ်မာ သောအကျင့်ရှိ၏၊ ထိုမယားသည် အကျွန်ုပ်ကိုမွေးဖွားသောအမိရင်း မှန်ပါ၏၊ ယုတ်မာသောအကျင့် ရှိဘူးသော ငါ့မိခင်သည် ယခုအခါ ယဉ်ကျေးသော ဆင်မကဲ့သို့ ယဉ်ကျေးလာပါပြီ၊ အလွန်ကောင်းသော စိတ်နှလုံးရှိလာပါပြီ၊ အိမ်သို့တဖန်ဝင်ခွင့်ပြုပါ”—

ဟု မိခင်ကို ပြန်လာစေရန် ဖခင်အား တရားဟောပြီးလျှင် သွား၍ မိခင်ကို အိမ်သို့ ဆောင်ယူလေ၏၊ မိခင်သည် လင်ကို၎င်း, ယောက္ခမကို၎င်း ကန်တော့တောင်းပန်၏၊ ယဉ်ကျေး၍လာ၏၊ သား, လင်, ယောက္ခမတို့ကို ရိုသေစွာ လုပ်ကျွေးမွေးမြူလေ၏၊ ထိုနှစ်ယောက်သော ဇနီးခင်ပွန်း တို့လည်း သားပညာရှိ၏ အဆုံးအမ၌တည်၍ ကုသိုလ် ကောင်းမှုကိုပြုကုန်လျက် သေလွန်သောအခါ နတ်ပြည် သို့လားကြကုန်၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည်၏အဆုံး၌ အဘကိုလုပ်ကျွေးသော ဒါယကာသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါ အဘ သား ချွေးမတို့သည်--ယခုအခါလည်း အဘ သား ချွေးမ၊

*သားငယ်ပညာရှိသည်-ငါဘုရားဖြစ်လာပြီ– ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မိခင်ဖခင်၊ ကျေးဇူးရှင်၊ အစဉ်လုပ်ကျွေးရာ။

(၂) မိဘမွေးမြူ၊ သူတော်မူ၊ နိဗ္ဗူရောက်ကြောင်းသာ။

(၃) ကျွေးတုံ မကျွေး၊ လူ အလှေး၊ မြီကြွေးဆက်တိုင်းပါ။

တက္ကလဇာတ်ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ