ဇုဏှဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကာဒသကနိပါတ် - ၄၅၆။ ဇုဏှဇာတ် မင်းကြီးနှင့် ပုဏ္ဏား ငယ်ရွယ်စဉ်က မှောင်မိုက် တွင်းတိုက်မိ၍ ပျက်စီးခဲ့သောအကြောင်းကို ပုဏ္ဏား ကပြန်လည်လျှောက်ထားသဖြင့် ရွာဆုနှင့်တကွ များစွာသောအခြံအရံကို ချီးမြှင့်သော ဗာရာဏသီမင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
အမြဲအလုပ်ကျွေး မရှိသေး
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန် ကျောင်း၌ သီတင်းသုံးတော်မူစဉ်အာနန္ဒာမထေရ်အား မြတ်စွာဘုရားထံမှ ဆုရှစ်ပါးကိုရသတတ်၊ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားအား ပဌမဗောဓိ၌ ဝါတော် နှစ်ဆယ်တို့ပတ်လုံး အလုပ်အကျွေးအမြဲမရှိ။
တနေ့သ၌ မြတ်စွာဘုရားသည် ရဟန်းသံဃာ ခြံရံလျက် ဂန္ဓကုဋိတိုက်၌ နေတော်မူ၍ “ချစ်သားရဟန်းတို့ ငါဘုရားကား ကြီးရင့်တော်မူပြီ၊ အမြဲ လုပ်ကျွေးမည့်သူကို သိကြကုန်”ဟု မိန့်တော်မူ၏၊ ထိုအခါ ရှင်သာရိပုတ္တရာသည် ထ၍ရှိခိုးလျက် “လုပ်ကျွေးပါမည်”ဟု လျှောက်ထား၏၊ မြတ်စွာဘုရားသည် ပယ်တော်မူ၏၊ ထို့နောက်ရှင် မောဂ္ဂလာန်စသော မဟာသာဝကကြီးတို့သည် အသီး အသီး လုပ်ကျွေးပါမည်ဟု လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ပယ်တော်မူ၏၊ ညီတော်အာနန္ဒာကား တစုံတရာလျှောက်ထားခြင်းမရှိ၊ ဆိတ်ဆိတ်သာ နေ၏၊ ထို့နောင်မှ ရဟန်းတို့သည် ညီတော်အာနန္ဒာအား အလုပ်အကျွေးရာထူးကို တောင်းရန် တိုက်တွန်းကြကုန်၏။
ပယ်လေတောင်းလေ ဆုရှစ်ထွေ
ထိုအခါ ညီတော် အာနန္ဒာ သည်ထ၍ လက်အုပ်ချီမိုး ရှိခိုးဦးတင် ကာ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား... မြတ်စွာဘုရားသည် အကျွန်ုပ်အား–
ပယ်သောဆုလေးပါး
(၁) ကိုယ်တော်ရအပ်သောသင်္ကန်းကို မပေးခြင်း,
(၂) ဘုဉ်းပေးတော်မူသောဆွမ်းကို မပေးခြင်း,
(၃) ဂန္ဓကုဋိ တိုက်ခန်းတခုတည်း၌ အတူနေရန် မပေးခြင်း,
(၄) အကျွန်ုပ်ကိုခေါ်၍ ပင့်ဖိတ်ရာသို့ မကြွခြင်း,
တောင်းသောဆုလေးပါး
(၁) အကျွန်ုပ်ပင့်ရာသို့ ကြွတော်မူခြင်း,
(၂) အရှင်ဘုရားကို ဖူးမျှော်ရန်လာသော ပရိသတ် ကိုလာသောခဏ၌ ဖူးမျှော်စေခြင်းငှါခွင့်ရခြင်း,
(၃) ယုံမှားသင်္ကာဖြစ်သောခဏ၌ မေးလျှောက်ခြင်း ငှါခွင့်ရခြင်း,
(၄) မျက်ကွယ်၌ဟောအပ်သောတရားတို့ကိုအကျွန်ုပ်အား ဟောကြားခြင်း,
ဤသို့ပယ်အပ်သော ဆုလေးပါး၊ တောင်းအပ်သော ဆုလေးပါးအားဖြင့် ရှစ်ပါးသောဆုတို့ကို ခွင့်ပြုပေးသနားတော်မူပါလျှင် အကျွန်ုပ် အမြဲလုပ်ကျွေးပါမည်” ဟု လျှောက်ထားလေ၏၊ မြတ်စွာဘုရားလည်း ရှေးဆုတောင်း ပါလျက်ဖြည့်ဆည်းပူးအပ်သော ပါရမီရှိသော ပုဂ္ဂိုလ် ထူးဖြစ်ရကား တောင်းသောဆုရှစ်ပါးကို ပေးပြီးလျှင် အမြဲလုပ်ကျွေးရန် ခွင့်ပြုတော်မူ၏။
ရှင်အာနန္ဒာဂုဏ်အင်္ဂါ
ရှင်အာနန္ဒာလည်း ထိုအခါမှစ၍ နှစ်ဆယ့်ငါးဝါတို့ပတ်လုံး မြဲသောအလုပ် အကျွေးဖြစ်လေ၏၊ ရှင်အာနန္ဒာကား ငါးပါးသောဌာန၌ ဧတဒဂ်ရတော်မူ၍ ခုနစ်ပါးသော ဂုဏ်အင်္ဂါနှင့်လည်း ပြည့်စုံ၏။
ဂုဏ်အင်္ဂါ ၇-ပါး
(၁) သောတာပတ္တိဖိုလ်ကိုရသည်နှင့် ပြည့်စုံခြင်း,
(၂) ရှေးကောင်းမှုအကြောင်းနှင့် ပြည့်စုံခြင်း,
(၃) မိမိစီးပွားကိုပေးသည်နှင့် ပြည့်စုံခြင်း,
(၄) ဘုရားမျက်မှောက်၌နေရသည်နှင့် ပြည့်စုံခြင်း,
(၅) အသင့်အတင့် နှလုံးသွင်းခြင်းနှင့်ပြည့်စုံခြင်း,
(၆) ဘုရားကိုမှီရသည်နှင့် ပြည့်စုံခြင်း,
(၇) ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို ဆောင်နိုင် သည်နှင့် ပြည့်စုံခြင်း,
ဤသို့လျှင် ရှင်အာနန္ဒာသည် ဆုရှစ်ပါး ဂုဏ်အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ သာသနာတော်ဝယ် ကောင်းကင်၌ နေလအသွင် အလွန်ထင်ရှားလေ၏။
တနေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် မြတ်စွာဘုရားသခင်သည် ရှင်အာနန္ဒာအား ဆုရှစ်ပါးကိုပေးသဖြင့် ရောင့်ရဲစေကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရားကြွလာတော်မူ၍ သိတော်မူလျှင်– “ရဟန်းတို့... ငါဘုရားသည် အာနန္ဒာအား ယခုအခါ၌သာလျှင် တောင်းသောဆုကို ပေးသည်မဟုတ်၊ ရှေးအခါ၌လည်း ပေးဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ညမှောင်အမိုက် နှစ်ဦးတိုက်
လွန်လေပြီးသောအခါ ဗာရာဏသီ၊ ပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုမင်း၏ သားဖြစ်၍ ဇုဏှအမည်ရှိ၏၊ ထိုဇုဏှမင်းသားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာသင်ကြားနေစဉ် တနေ့သ၌ ညအခါဝယ် ဆင်ဆရာအိမ်မှ မိမိ နေရာသို့ပြန်လာရာ မှောင်မိုက်သဖြင့် မမြင်၍ ထမင်းခွက် ကိုင်လာသော ပုဏ္ဏားတယောက်ကို တိုက်မိလေ၏၊ ပုဏ္ဏားသည် လဲသဖြင့် ထမင်းခွက်ကျ၍ ကွဲလေ၏၊ ထိုအခါပုဏ္ဏားသည် လူးလည်း၍ ငိုကြွေးမြည်တမ်းလေ၏။
မင်းသားသည် ပုဏ္ဏားကိုသနားသဖြင့် လက်ကိုကိုင်၍ထူမ၏၊ ပုဏ္ဏားလည်း “ချစ်သားသင်သည် ငါ့ထမင်း ခွက်ကို တိုက်မိ၍ ကွဲဘိ၏၊ ထမင်းခွက်ဘိုးကိုပေးပါ” ဟု တောင်းလေ၏၊ “ပုဏ္ဏား... ယခုငါသည် သင်၏ထမင်း ခွက်ဘိုးကိုမပေးနိုင်၊ ငါကား ဗာရာဏသီမင်း၏သားတော် ဇူလှမည်သော မင်းသားဖြစ်၏၊ ငါမင်းဖြစ်သောအခါလာ၍တောင်းပါ ပေးမည်”ဟု ကတိထားလေ၏၊ မင်းသားလည်း အတတ်ပညာ ပြည့်စုံတတ်မြောက်လတ်သော် ဗာရာဏသီပြည်သို့ ပြန်လေ၏။
ရှေးကဖြစ်ဟောင်းထမင်းဘိုးတောင်း
မင်းကြီးလည်း သားတော်ရောက်လာလျှင် ငါအသက်ရှင်စဉ်ပင် သားတော်၏မင်းအဖြစ်ကို ကြည့်ရှု လိုသည်ဟု ပြောဆိုကာ မိမိ၏ထီးနန်းစည်းစိမ်ကို သားတော်ဇုဏှမင်းသားအား လွှဲအပ်ပြီးလျှင်, အဘိသိက်သွန်း၍ မင်းမြှောက်လေ၏၊ ဇုဏှမင်းလည်း တရားနှင့်အညီမင်းပြု၏၊ ထိုအကြောင်းကို ထမင်းခွက်ကွဲဘူးသော ပုဏ္ဏားကြားလျှင် ငါ့ထမင်းခွက်ဘိုးကို တောင်းမည်ဟုကြံစည်ကာ ဗာရာဏသီပြည်သို့သွား၍ မြို့တော်ကို ဆင်တော်ဖြင့် လက်ျာရစ် လှည့်လည်တော်မူသော မင်းကြီးကို မြင်လောက်ရာအရပ် တခုမှနေ၍ လက်ကိုမြှောက်လျက် (အောင်စေသတည်း-အောင်စေသတည်း)ဟု ဆုတောင်းလေ၏၊ မင်းကြီးသည် မမြင်သဖြင့် လွန်၍သွားလေ၏၊ ပုဏ္ဏားသည် မင်းကြီးမ သောအဖြစ်ကိုသိလျှင်–
“အို-မင်းမြတ်...အကျွန်ုပ်စကားကို နာတော် မူဦးလော၊ အရှင်မင်းကြီးထံ ... အလှူခံလိုသောကြောင့် ဤအရပ်သို့ရောက်လာပါ၏၊ အိုမင်းမြတ် အရပ်ဝေးမှလာ၍ အလှူခံခြင်းငှါ ရပ်ကုန်သော ပုဏ္ဏားတို့ကို မကြည့်ရှုဘဲမသွားသင့်ဟု ပညာရှိတို့ ပြောဆိုကြကုန်၏” –
ဟု အသံကျယ်စွာဖြင့် ပဋိသန္ဓာရစကား ပြောကြားလေလေ၏။
အလှူခံပုဏ္ဏား မင်းမေးငြား
မင်းကြီးကြားလျှင် ဆင်ကို ချွန်းအုပ်၍ နောက်သို့လှည့်စေပြီးလျှင်–
“အို-ပုဏ္ဏား... ငါနားထောင်ပါအံ့၊ ရပ်တည် ပါအံ့၊ ဤအရပ်သို့ ရောက်လာခြင်းအကြောင်းကို ပြောဆိုပါ၊ ငါ့ထံ၌ ဘာကိုအလိုရှိ၍ ဤအရပ်သို့ လာသနည်း၊ ငါတိုက်တွန်းပါ၏၊ အလိုရှိရာကိုပြောဆိုပါ”
ဟု အကြောင်းကိုမေးမြန်းကာ ဘိတ်မန္တကပြုလေ၏၊ ထိုအခါပုဏ္ဏားသည်–
“အို-မင်းမြတ်... အကျွန်ုပ်အား ငါးရာသော ရွာဆုကို၎င်း, ကျွန်မတရာကို၎င်း, နို့ညှစ်နွားမ ခုနစ် ရာကို၎င်း, အထောင်မကသော ရွှေစင်နိက္ခုကို၎င်း, အဆင်းသဏ္ဌာန် အမျိုးဇာတ်တူသော မယားနှစ်ယောက်တို့ကို၎င်း ပေးလှူတော်မူပါ။ ”
“အို-ပုဏ္ဏားသင့်အား ဂုဏ်ကျေးဇူးကြီးသော အကျင့်သည်၎င်း, ဆန်းကြယ်သောသဘောရှိသော မန္တရားသည်၎င်း, သင့်စကားကို လိုက်နာသော နတ်အချို့သည်၎င်း ရှိပါကုန်သလော ငါမင်းမြတ်၏ အကျိုးစီးပွားကို ပြုခဲ့ဘူးပါသလော။”
နောက်ကြောင်းဖြစ်ရပ် လျှောက်တင်အပ်
“အို-မင်းမြတ်... အကျွန်ုပ်အား ဂုဏ်ကျေးဇူးကြီးသော အကျင့်သည်၎င်း, ဆန်းကြယ်သော သဘောရှိသောမန္တရားသည်၎င်း, အကျွန်ုပ်စကားကို လိုက် နာသော နတ်အချို့သည်၎င်း မရှိပါကုန်၊ အရှင်မင်းမြတ်၏ အကျိုးစီးပွားကိုလည်း မပြုခဲ့ဘူးပါ၊ ရှေးအခါ ပေါင်းဆုံမိကာမျှ ဖြစ်ဘူးပါ၏”။
“အို-ပုဏ္ဏား... ငါ့အား ယခုမြင်ရခြင်းကား ရှေးဦးစွာမြင်ခြင်းတည်း၊ ရှေးအခါ၌ မသိစဖူး၊ ဘယ်အခါ ဘယ်အရပ်၌ သင်နှင့်ပေါင်းဆုံမိကာမျှ ဖြစ်ဘူးသနည်း၊ ပြောကြားပါ။”
“အို-မင်းမြတ်...ဂန္ဓာရမင်း၏ နှလုံးမွေ့လျော် ဘွယ်ရှိသော တက္ကသိုလ်ပြည်၌ နေဘူးပါကုန်၏၊ ထိုပြည်ဝယ် အလွန်မှောင်မိုက်သော ညအခါ၌ သင်မင်းကြီး၏ ပခုံးစွန်းနှင့် ကျွန်ုပ်၏ပခုံးစွန်းသည် တိုက်ခတ် မိပါ၏၊ ထိုသို့တိုက်ခတ်မိရာ၌ နှစ်ဦးသောအကျွန်ုပ်တို့သည် ရပ်ကုန်လျက် အသက်ထက်ဆုံးအောက်မေ့အပ်သောစကားကို ပြောဘူးပါကုန်၏၊ ထိုအခါ ပေါင်းဆုံမိကာမျှဖြစ်ဘူးပါ၏။ ထိုမှနောက်၌၎င်း, ရှေး၌၎င်း မသိဘူးကြပါ”။
မိတ်ဆွေဖြစ်လင့် ဆုချီးမြှင့်
“အို-ပုဏ္ဏား... လူတို့၌ အမှတ်မရှိသောအခါ ... သူတော်ကောင်း တို့နှင့် ပေါင်းဖော်မိ၏၊ ပညာရှိတို့သည် ခဏ ပေါင်းခြင်း, အရှည်ပေါင်းခြင်းကို၎င်း, ရှေး၌ပြဘူးသောကျေးဇူးကို၎င်း, မဖျက်ဆီးကြကုန်၊ မိုက်သောသူတို့သည်သာ ခဏပေါင်းခြင်းအရှည်ပေါင်း ခြင်းကို၎င်း, ရှေး၌ပြုဘူးသောကျေးဇူးကို၎င်း ဖျက်ဆီးကြကုန်၏။ သူမိုက်တို့ကား ပြုဘူးသော ကျေးဇူးကို မသိတတ်သော သဘောရှိကြကုန်၏။ ပညာရှိ တို့ကား ခဏပေါင်းဘော်ခြင်း အရှည်ပေါင်းဘော် ခြင်းကို၎င်း, ရှေး၌ပြဘူးသော ကျေးဇူးကို၎င်းမဖျက် ဆီးကြကုန်၊ ပညာရှိတို့ကား ပြုဘူးသောကျေးဇူးကို သိတတ်သောသဘော ရှိကြကုန်၏၊ အနည်းငယ်မျှ ပြုဘူးသော ကျေးဇူးကိုသော်လည်း မဖျက်ဆီးကြကုန်။
အို-ပုဏ္ဏား... သင့်အား ငါးရာသော ရွာဆုကို၎င်း, ကျွန်မတရာကို၎င်း, နို့ညှစ်နွားမခုနစ်ရာကို၎င်း, အထောင်မကသော ရွှေစင်နိက္ခကို၎င်း, အဆင်းသဏ္ဌာန် အမျိုးဇာတ်တူသော မယား နှစ်ယောက်တို့ကို၎င်း ငါပေးပါ၏။
အို-မင်းမြတ်... ဤသို့ သူတော်ကောင်းတို့နှင့် ကပ်၍ ပေါင်းဖော်မိ၏၊ အိုမင်းမြတ်... ကောင်းကင်အလယ်၌ လမင်းသည်ပြည့်သကဲ့သို့၊ ထို့အတူ အကျွန်ုပ်သည်လည်း ရွာဆုစသည်တို့ဖြင့် ပြည့်ပေ၏၊ အို-မင်းမြတ်... အကျွန်ုပ်သည် အရှင်မင်းမြတ်နှင့် ပေါင်းဖော်ခြင်းကို ယခုအခါ ရပေပြီ”-ဟု ပုဏ္ဏားသည် မင်းကြီးအား လျှောက်ထားလေ၏၊ မင်းကြီးလည်း ပုဏ္ဏားအား တောင်းသောဆု များစွာသော စည်းစိမ် အခြံအရံကို ပေးလေ၏၊ ပုဏ္ဏားလည်း-မင်းကြီးပေးသောဆုဖြင့် ရောင့်ရဲလေသတည်း။
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့ ...
*ထိုအခါ ပုဏ္ဏားသည်–ယခုအခါ အာနန္ဒာ၊
*ဗာရာဏသီမင်းသည်–ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) တခဏပေါင်း၊ အရှည်ပေါင်း၊ သူကောင်းမိတ်မဖျက်။
(၂) နည်းငယ်ပြုဘူး၊ ကျေးဇူး၊ အထူးသိပြန်လျက်။
(၃) ရွာ, ကျွန်, ပေးနွား၊ ရွှေ, မယား၊ ဘိုးထားထမင်းခွက်။
ဇုဏှဇာတ်ပြီး၏။
***
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။