စေတိယဇာတ်

ဝီကီပီးဒီးယား မှ

အဋ္ဌကနိပါတ် - (၄၂၂) - စေတိယဇာတ် စေတိယမင်းသည် ပညာသင်ဘက် သူငယ်ချင်းကို ငဲ့ကွက်ကာ ပုရောဟိတ်ရာထူးပေးလို၍ အကြီးကို အငယ်၊ အငယ်ကို အကြီးဟု မုသားဆိုသဖြင့် မြေမျိုခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

အဝိစီကျလတ် ဒေဝဒတ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မုသားဆို၍ မြေမျိုကာ အဝီစိငရဲကြီး၌ လားရခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

နတ်များခြံရံ ထီးနန်းစံ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ကမ္ဘာဦးအခါ၌ လူတို့သည် အသင်္ချေယျတိုင်အောင် အသက်ရှည်ကြကုန်၏။ ရှေးဦးစွာသော မင်းကား မဟာသမ္မတ မည်၏။ ထိုမင်း၏ သားတော်အစဉ် အဆက်တို့ကား ဥပဝရ မည်သော စေတိယမင်းတိုင်အောင် ဆယ့်တစ်ဆက်တို့ ဖြစ်ကုန်၏။

ထိုစေတိယမင်းကား စေတိယတိုင်း သောတ္တိယမြို့၌ မင်းပြုတော်မူ၏။ ထိုမင်း၏ တန်ခိုးကား -

(၁) ကောင်းကင်ဖြင့် သွားနိုင်ခြင်း၊

(၂) နတ်သား လေးယောက်တို့သည် သန်လျက်ကို ကိုင်စွဲကာ အရပ်လေးမျက်နှာမှ စောင့်ရခြင်း။

(၃) ကိုယ်မှ စန္ဒကူးနံ့ မွှေးခြင်း။

(၄) ခံတွင်းမှ ကြာညိုနံ့ မွှေးခြင်း။

ဟု လေးပါးတို့ ဖြစ်ကုန်၏။ ပုရောဟိတ် ပုဏ္ဏားကား ကပိလ မည်၏။ ထိုပုရောဟိတ်၏ ညီကား ကောရကလမ္ဗက မည်၏။

ပုရောဟိတ် ရဟန်းပြု အသစ်တင်မှု[ပြင်ဆင်ရန်]

ထိုမင်းသည် ငယ်စဉ် အခါက ကောရကလမ္ဗကအား မိမိနှင့် အတတ်ပညာ သင်ကြားဖက်ဖြစ်၍ ငါ မင်းအဖြစ်သို့ရောက်လျှင် သင့်အား ပုရောဟိတ်ရာထူးကို ပေးမည်ဟု ဝန်ခံကတိပြုခဲ့ဖူး၏။

ထိုစေတိယမင်းသည် မင်းအဖြစ်သို့ရောက်သော်လည်း အဘ လက်ထက် ပုရောဟိတ် ဖြစ်သော ကပိလအားရာထူးမှ ကျစိမ့်သောငှာ မတတ်နိုင်။ မိမိထံ ပုရောဟိတ် အခစားလာသောအခါ ၌ ကား ပူဇော်သော အခြင်းအရာကိုပြ၏။ ထိုအခါ ပုရောဟိတ်သည် ဤမင်းကား အရွယ်တူသော သူကိုသာ ခစားစေလို၏ဟု ရသေ့ရဟန်းပြုပြီးလျှင် ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ သားကို အမှီပြုကာ ဥယျာဉ်တော်မှာပင် နေလေ၏။

ပုရောဟိတ်ထားရန် မင်းကြီးကြံ[ပြင်ဆင်ရန်]

ကောရကလမ္ဗကလည်း အစ်ကိုကား ရဟန်းပြု၍ သွားသော်လည်း ငါ့အား ပုရောဟိတ် ရာထူးကို မပေးခဲ့ဟု ရန်ငြိုးဖွဲ့လေ၏။ မင်းကြီးသည် တစ်နေ့သ၌ ကောရကလမ္ဗကအား “အချင်း … သင့် ပုရောဟိတ် ရာထူးကို မရဘူးလော” ဟု မေး၏။ “မှန်လှပါ မရပါ” ဟု ပြော၏။ “အဘယ်ကြောင့် မရသနည်း” ဟု မေး၏။ “မင်းကြီး … အစ်ကိုသည် ပုရာဟိတ် ပြုပေ၏” ဟု ပြောသောအခါ “အချင်း … သင့်အစ်ကို ရဟန်းပြုပြီ မဟုတ်လော” ဟု မေး၏။ “ရဟန်းပြုပါပြီ၊ သို့သော်လည်း ရာထူးကို သားအားပေးခဲ့ပါ၏” ဟု ပြောပြန်၏။ “အချင်း … သင်သည်ပင် ပုရောဟိတ် ရာထူးကို ယူလော့” ဟု ပြော၏။ “အနွယ်အဆက်မှ လာသော အစ်ကိုကို ပယ်၍ အကျွန်ုပ် ပုရောဟိတ် ရာထူးကို ယူခြင်းငှာ မတတ်ကောင်းပါ” ဟု ပြော၏။ “ငါသည် သင့်ကို အစ်ကိုပြုလုပ်၍ သင့်အစ်ကိုကို ညီ ပြုလုပ်မည်” ဟု ပြော၏။ “အဘယ်အကြောင်းဖြင့် ပြုလုပ်မည်နည်း” ဟု မေး၏။ “မုသား ဆို၍ ပြုလုပ်မည်” ဟု ပြောလေ၏။

မင်း၌ ရောက်ဖွယ် အန္တရာယ်[ပြင်ဆင်ရန်]

“အရှင်မင်းကြီး … သိတော်မူသည် မဟုတ်ပါလော၊ အစ်ကိုကား ကြီးစွာသော အံ့ဖွယ်သရဲ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏၊ အတတ်ကို ဆောင်၍ အံ့ဖွယ်သရဲ ဖြစ်သော ဂုဏ်ကျေးဇူးဖြင့် သင်မင်းကြီးကို လှည့်စားလိမ့်မည်၊ နတ်သား လေးယောက်တို့ကို ကွယ်စေလိမ့်မည်၊ ကိုယ်နှင့် ခံတွင်းမှ မကောင်းသောအနံ့ ဖြစ်စေလိမ့်မည်၊ ကောင်းကင်မှ မြေသို့ ကျစေလိမ့်မည်၊ မြေမျိုလိမ့်မည်၊ ထိုအခါ သင်မင်းကြီးတို့သည် မိမိစကား၌ မိမိ မတည်နိုင်လတ္တံ့” ဟု ပြော၏။ “အချင်း … သင်သည် ဤလို မမှတ်လင့်၊ ငါသည်ပြုလုပ်ခြင်းငှာ တတ်နိုင်လိမ့်မည်” ဟု ပြော၏။ “ဘယ်အခါ၌ ပြုလုပ်အံ့နည်း” ဟု မေး၏။ “ယနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ ပြုလုပ်အံ့” ဟု ပြောဆိုလေ၏။

မုသားအနံ့ ပြည်လုံးနှံ့[ပြင်ဆင်ရန်]

ထိုမုသား ဆိုမည်ဆိုသော စကားသည် ခဏချင်းတစ်မြို့လုံး ပျံ့နှံ့၍ သွား၏။ မင်းကြီးသည် မုသားဆို၍ အကြီးကို အငယ်၊ အငယ်ကို အကြီး ပြုလုပ်၍ ရာထူးကို ပေးလိမ့်မည်၊ မုသား မည်သည် အဘယ်သို့နည်း၊ အဖြူလော, အမည်းလော စသည်ဖြင့် ကြံစည်ကြကုန်သတတ်၊ ထိုအခါ လူတို့သည် မှန်သော စကားကို ဆိုသောကာဖြစ်၍ မုသားကား ဘယ်ပုံနေသည်ဟု မသိကြကုန်။

ပုရောဟိတ်သားသည် ထိုစကားကိုကြားလျှင် အဘရသေ့ထံသွား၍ “ခမည်းတော် … မင်းကြီးသည် မုသားဆိုကာ ဖခင်ကို အငယ်ပြု၍ ဘထွေးကို ဘကြီးပြုပြီးလျှင် ပုရောဟိတ် ရာထူးကို ဘထွေးအား ပေးလိမ့်မည်” ဟု ပြော၏။ “အမောင် … မုသားဆို၍ ပေးခြင်းငှာ တတ်နိုင်မည် မဟုတ်” ဟု ပြော၏။ “ဘယ်နေ့၌ ဆိုလိမ့်မည်နည်း” ဟု ပြော၏။ “ထိုနေ့၌ ငါ့ကိုလာ၍ ပြောကြားလော” ဟု ရသေ့သည် သားအား မှာထားလိုက်၏။

မင်းကြီးမုသား ရသေ့တား[ပြင်ဆင်ရန်]

လူတို့လည်း ခုနစ်ရက်မြောက်သောနေ့၌ မုသားကို ကြည့်ရှုမည်ဟု မင်းရင်ပြင်၌ ညောင်စောင်း အဆင့်ဆင့်ခင်းကာ နေကြကုန်၏။ ပုရောဟိတ်သားလည်း အဘရသေ့ကို ပြောကြားလေ၏။ ရသေ့လည်း လာ၍ မင်းကြီးရှေ့မှ နိသီဒိုက်ကိုခင်း၍ ထက်ဝယ်ဖွဲ့ခွေနေတော်မူလျက် “မင်းကြီး … သင်သည် မုသားဆိုကာ အငယ်ကို အကြီးပြု၍ ပုရောဟိတ် ရာထူးကို ပေးမည် ကြားရသည်၊ မှန်သလော” ဟု မေး၏။ “ဆရာ … မှန်ပါသည်” ဟု လျှောက်ထားလေ၏။ ထိုအခါ ရသေ့သည် -

“မြတ်သောမင်းကြီး … မုသားကို ဆိုသည်ရှိသော် တရားကိုသတ်သည် မည်၏၊ စင်စစ် သင်သတ်အပ်သော် ကြီးသူတို့အား အရိုအသေပြုခြင်း တရားသည် မိမိကိုယ်ကို ပြန်၍ သတ်၏၊ မသတ်အပ်သောတရားသည် တစ်စုံတစ်ယောက်သော သူကိုမျှမသတ်၊ ထို့ကြောင့် တရားကို မသတ်ရာ၊ အသတ်ခံရသော တရားသည် သင့်ကိုပြန်၍ မသတ်ပါစေလင့်” –

ဟု မင်းကြီးကို အဆုံးအမ ဩဝါဒပေးလေ၏။ ထို့နောက် တစ်ဖန် -

“မြတ်သောမင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် ထိုပြဿနာကို သိလျက် မဟုတ်မမှန် ပြောကြားငြားအံ့၊ မဟုတ်မမှန်သော စကား ဆိုသော သင်မင်းကြီးအား အစောင့်နတ် လေးပါးတို့ ဖယ်သွားကြလိမ့်မည်၊ ကိုယ်နှင့် ခံတွင်းမှ အပုပ်နံ့ နံလာလိမ့်မည်၊ ကောင်းကင်မှ မြေသို့ ကျလိမ့်မည်” –

ဟု မုသားအပြစ်ကို ပြကာ ဆုံးမလေ၏။

မုသားဆိုဖွယ် တန်ခိုးကွယ်[ပြင်ဆင်ရန်]

မင်းကြီးသည် ရသေ့စကားကိုကြားလျှင် ထိတ်လန့်ကြောက်ရွံ့ရကား ကောရကလမ္ဗကကို ကြည့်လေ၏။ ကောရကလမ္ဗကလည်း “မင်းကြီး … မကြောက်လင့်၊ ရှေးမဆွကပင် ဤလို ဖြစ်လိမ့်မည်ဟု အကျွန်ုပ် ပြောအပ်သည် မဟုတ်ပါလော” ဟု အားပေးလေ၏။ မင်းကြီးလည်း ရှေးအခါက မိမိ စီစဉ် ထားသောအတိုင်း (အရှင်ဘုရား … အရှင်ဘုရားကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏) ဟု မဟုတ်မမှန် မုသားကို ဆိုလေ၏။ မုသားဆိုခြင်းကြောင့် နတ်သားလေးယောက်တို့သည် မုသား ဆိုသော မင်းကြီးအား မစောင့်ရှောက်လိုကုန်ဟု သန်လျက်တို့ကို မင်းကြီးခြေရင်း၌ ချကာ ဖယ်သွားကြကုန်၏။ ခံတွင်းမှ ကြက်ဥပုပ်နံ့၊ ကိုယ်မှ မစင်နံ့တို့သည် နံကုန်၏။ ကောင်းကင်မှ မြေသို့ လျှောကျ၏။ ဤသို့ တန်ခိုးလေးပါးတို့သည် ကါယ်ပျောက်ကုန်၏။

မုသားဆိုပြန် မြေမျိုခံ[ပြင်ဆင်ရန်]

ထိုအခါ ပုရောဟိတ် ဖြစ်ဖူးသော ရသေ့ကြိးသည် မင်းကြီး၏ မုသားဆိုသော အဖြစ်ကို တားဆီးလို၍ -

“စေတိယ မည်သော မင်းမြတ် … သင်မင်းမြတ်သည် ဟုတ်မှန်သော စကားကို အကယ်၍ ဆိုငြားအံ့၊ ရှေး၌ ကဲ့သို့ ဖြစ်စေလော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ဆိုငြားအံ့၊ မြေ၌ တည်လော့” –

ဟု မင်းကြီးအား အလုံးစုံသော တန်ခိုးတို့ကို ပကတိအတိုင်းပြုမည်ဟု ပြောဆို၏။ နောင်တစ်ဖန် “မြတ်သော မင်းကြီး … သင် ရှုလော့၊ ရှေးဦးစွာ မုသားဆိုခြင်းကြောင့် တန်ခိုးလေးပါးတို့သည် ကွယ်ပျောက်ကုန်၏၊ ယခုလည်း ရှေးကပတိအတိုင်း ပြုခြင်းငှာ တတ်ကောင်းသေး၏” ဟု ပြောဆို ဆုံးမသော်လည်း မနာယူဘဲ (သင်ကား ညီငယ်ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏) ဟု နှစ်ကြိမ်မြောက် မုသားဆိုပြန်၏။ ထိုအခါ စေတိယမင်းအား ဖမျက်တိုင်အောင် မြေမျိုလေ၏။

မင်းမုသားပြော ရသေ့ဟော[ပြင်ဆင်ရန်]

ထိုအခါ ရသေ့ကြီးသည် မုသားပြောခြင်းကြောင့် မင်းကြီး၌ ရောက်လတ္တံ့သော အပြစ်တို့ကို ပြောလို၍ -

“မြတ်သောမင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် သိလျက် မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်း၏ တိုင်းနိုင်ငံ၌ မရွာသင့်သော အချိန်၌ မိုးရွာတတ်၏၊ ရွာသင့်သော အချိန်၌ ကား မိုးမရွာလေ” –

ဟု အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးသည် မနာယူလေ။ ရသေ့ကြီးသည် တစ်ဖန် -

“စေတိယမည်သော မင်းမြတ် … သင်မင်းမြတ်သည် ဟုတ်မှန်သော စကားကို အကယ်၍ ဆိုငြားအံ့၊ ရှေး၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို ဆိုငြားအံ့၊ မြေ၌ ဝင်လော့” –

ဟု မင်းကြီးအား ရှေးပကတိအတိုင်း ပြုမည်ဟု ပြောဆို ဆုံးမပြန်၏။ မင်းကြီးလည်း မနာယူဘဲ (သင်ကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏)ဟု သုံးကြိမ်မြောက် မုသားဆိုပြန်၏။ ထိုအခါ မင်းကြီးအား ပုဆစ်တိုင်အောင် မြေမျိုလေ၏။

ခါးထိမြေမျို မုသားဆို[ပြင်ဆင်ရန်]

ထိုအခါ ရသေ့ကြီးသည် တစ်ဖန် မုသားဆိုသဖြင့် အကျိုးခံစားရသော ဥပမာကို ပြလို၍ -

“မြတ်သောမင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းသည် သိလျက် ထိုပြဿနာကို မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်း၏လျှာသည် မြွေ၏ လျှာကဲ့သို့ နှစ်ခွ ဖြစ်၏”။

“စေတိယ မည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို ကအယ်၍ ဆိုငြားအံ့၊ ရှေး၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို ဆိုငြားအံ့၊ အလွန် မြေသို့ ဝင်လော့” –

ဟု မင်းကြီးအား အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးသည် မနာယူဘဲ (သင်ကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏) ဟု လေးကြိမ်မြောက် မုသားကို ဆိုပြန်၏။ ထိုအခါ ခါးတိုင်အောင် မြေမျိုလေ၏။

မုသားဆိုလုပ် ချက်တိုင်မြုပ်[ပြင်ဆင်ရန်]

ထိုအခါ ရသေ့ကြီးသည် နောက်ထပ်တစ်ဖန် မုသားဆို ကျူးလွန်သောသူအား ငါးနှင့် ဥပမာပြလိုသဖြင့် ဝ

“မြတ်သော မင်းကြီး … ပြဿနာကို အမေးခံရသော မင်းသည် သိပါလျက် ထိုပြဿနာကို မဟုတ် မမှန် ဖြေဆိုငြားအံ့၊ ငါးအား လျှာသည် မဖြစ်သကဲ့သို့ ထိုမင်းအား လျှာသည် မဖြစ်ပါ” ။

“စေတိယမည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ ရှေးအခါ၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ အလွန် မြေထဲသို့ ဝင်လော့ ”-

ဟု မင်းကြီးအား အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးသည် မနာယူဘဲ (သင်ကား ညီငယ် ဖြစ်၏၊ ကောရကလမ္ဗကကား အစ်ကိုကြီး ဖြစ်၏)ဟု ငါးကြိမ်မြောက် မုသားကို ဆိုပြန်၏။ ထိုအခါ ချက်တိုင်အောင် မြေမျိုလေ၏။

ဆုံးမ မလိုက် မင်းအမိုက်[ပြင်ဆင်ရန်]

ထိုအခါ ရသေ့ကြီးသည် နောက်ထပ်တစ်ဖန် မုသားဆိုသော သူအား သားယောကျ်ား မဖွားမြင်သော အဖြစ်ကို ဆုံးမလိုသဖြင့် -

“မြတ်သော မင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် သိပါလျက် ထိုပြဿနာကို မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်း၏ အမျိုး၌ သားမိန်းမတို့သာ ဖွားမြင်ကုန်၏။ သားယောကျ်ားတို့ မဖွားမြင်ကုန်”။

“စေတိယမည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ ရှေးအခါ၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ လွန်စွာ မြေသို့ ဝင်လော့” –

ဟု မင်းကြီးအား အပြစ်ပြ၍ ဆုံးမပြန်၏။ မင်းကြီးလည်း မနာယူဘဲ ရှေးနည်းအတူ ခြောက်ကြိမ်မြောက် မုသားဆိုပြန်၏။ ထိုအခါ သားမြတ်တိုင်အောင် မြေမျိုလေ၏။

မုသားပြစ်ဒဏ် အဝီစိခံ[ပြင်ဆင်ရန်]

ထိုအခါ ရသေ့ကြီးသည် နောက်ထပ်တစ်ဖန် မုသားကျူးလွန်ခြင်း အမှုသည် အပါယ်ငရဲသို့ ကျတတ်သော အဖြစ်ကို ဆုံးမလို၍ -

“မြတ်သော မင်းကြီး … ပြဿနာကို အမေးခံရသော သင်မင်းကြီးသည် သိပါလျက် ထိုပြဿနာကို မဟုတ်မမှန် ဖြေဆိုငြားအံ့၊ ထိုမင်းအား သားယောကျ်ားတို့ မမွေးဖွားကုန်၊ မွေးဖွားပါကုန်သော်လည်း မိဘတို့အား ကျေးဇူးမပြုကြဘဲ ထိုထိုအရပ်သို့ ဖယ်သွားကုန်၏”။

“စေတိယမည်သော မင်းမြတ် … ဟုတ်မှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ ရှေးအခါ၌ ကဲ့သို့ ဖြစ်လော့၊ မဟုတ်မမှန်သော စကားကို အကယ်၍ ပြောဆိုငြားအံ့၊ လွန်စွာ မြေထဲသို့ ဝင်ဦးလော့” -

ဟု မင်းကြီးအား ဆုံးမပြန်၏။ မင်းကြီးလည်း မနာယူဘဲ ရှေးနည်းအတိုင်း ခုနစ်ကြိမ်မြောက် မုသားကိုဆိုပြန်၏။ ထိုအခါ မင်းကြီးအား မြေကြီးသည် ဟင်းလင်းဖွင့်၍ ပေး၏။ အဝီစိငရဲမှ ငရဲမီးလျှံတက်ကာ ယူ၍ သွားလေ၏။

မင်း၏ သားများ ရသေ့ထံသွား[ပြင်ဆင်ရန်]

ထိုမင်းသားတို့တွင် အကြီးဆုံး မင်းသားကို “အမောင် … အရှေ့တံခါးဖြင့် ထွက်၍ သွားလော့၊ ဆင်ဖြူရတာနာကို မြင်ရာအရပ်၌ မြို့တည်လော့၊ ထိုမြို့သည် ဟတ္ထိပုရမြို့ ဖြစ်လိမ့်မည်”။ ဒုတိယမင်းသားကို “အမောင် … တောင်တံခါးဖြင့်ထွင်၍ သွားလော့၊ မြင်းဖြူရတနာကို မြင်ရာအရပ်၌ မြို့တည်လော့၊ အဿပုရမြို့ ဖြစ်လိမ့်မည်” ။ တတိယ မင်းသားကို “အမောင် … အနောင်တံခါးဖြင့် ထွက်၍ သွားလော့၊ ကေသရာဇာခြင်္သေ့ကို မြင်ရာအရပ်၌ မြို့တည်လော့၊ သီဟပုရမြို့ ဖြစ်လိမ့်မည်”။ စတုတ္ထမင်းသားကို “အမောင် … မြောက်တံခါးဖြင့် ထွင်၍ သွားလော့၊ ရတနာအလုံးစုံပြည့်သော ရထားလှည်းအိမ်ကို မြင်ရာအရပ်၌ မြို့တည်လော့၊ ဥတ္တရပဉ္စာလမြို့ ဖြစ်လိမ့်မည်” ။ ပဉ္စမမင်းသားကို “အမောင် … ဤမြို့၌ ကြီးစွာသော စေတီကို တည်ပြီးလျှင် မြို့မှထွက်၍ အနောက်မြောက်အရပ်ဝယ် တောင်ချင်းခတ်၍ ဒတ်-ဒတ် အသံပြုရာအရပ်၌ မြို့တည်လော့၊ ဒဒ္ဒရ မည်သောမြို့ ဖြစ်လိမ့်မည်” ဟု အသီးအသီး အမိန့်ပေးလေ၏။ မင်းသား ငါးယောက်တို့လည်း ဆရာရသေ့ကြီး အမိန့်အတိုင်း သွားကာ မြို့တည်၍ နေကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ စေတိယမင်းသည် - ယခုအခါ ဒေဝဒတ်။

• ကပိလပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကိုယ်နှင့်ခံတွင်း၊ ပုပ်နံ့ညှဉ်း၊ ချွတ်ယွင်းဆိုမုသား။

(၂) နတ်မစောင့်လို၊ မြေကျမျို၊ ပြောဆိုလိမ်မုသား။

(၃) ချိန်မဲ့မိုးရွာ၊ ချိန်မရွာ၊ ဆိုကာလိမ်မုသား။

(၄) လျှာနှစ်ခွ၊ လျှာမဲ့ရာ၊ ဆိုကာလိမ်မုသား။

(၅) သမီးသာရ၊ သားမရ၊ ဆိုကလိမျမုသား။

(၆) သားသမီးမဲ့၊ ရပြန်ခဲ့၊ ဘဲခဲ့ဆိုမုသား။

စေတိယဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ