စူဠသေဋ္ဌိဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - အပဏ္ဏကဝဂ် - ၄- စူဠကသေဋ္ဌိဇာတ်။ ။ ပညာရှိညွှန်ကြားချက်ကိုမှီ၍ ကြွက်သေကို အရင်းပြုသဖြင့် ချမ်းသာသော စူဠန္တေဝါသိက အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဉာဏ်အလွန်လေးလံ စူဠပန်[ပြင်ဆင်ရန်]

လူ နတ်တို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဆေးဆရာ ဇီဝက၏ အမ္ဗဝန်ကျောင်း၌သီတင်းသုံးတော်မူစဉ်၊ ရာဇဂြိုဟ်ပြည် ဓနသေဋ္ဌိ သူဌေးကြီး၏ မြေး စူဠပန် အမည်ရှိသောရဟန်းတစ်ပါးသည် အလွန် ဉာဏ်ပညာ နုံ့နှေး၏။ လေးပါဒရှိ တစ်ဂါထာမျှကိုပင် လေးလပတ်လုံးသင်အံလေ့ကျက်သော်လည်း နှုတ်တက် မရနိုင်။ နောက်နောင်သော ပုဒ်တို့ကို သင်လျှင်သင်ပြီးဖြစ်သော ရှေးရှေးသော ပုဒ်တို့သည် မေ့ပျောက်လေ၏။

စာမရလျှင်ကျောင်းမှနှင်[ပြင်ဆင်ရန်]

ထိုအခါ အစ်ကိုဖြစ်သောမဟာပန်သည် သင်ပေးခြင်းငှာ မတတ်နိုင်သဖြင့် ညီဖြစ်သော သူဠပန်ကိုခေါ်၍ “ငါ့ညီ စူဠအန်... သင်ကား မြတ်စွာဘုရား သာသနာတော်နှင့် မထိုက်တန်သောသူတည်း၊ တစ်ဂါထာမျှကိုပင်လေးလသင်၍ မတတ်နိုင်လျှင် အဘယ်မှာ ရဟန်းကိစ္စပြီးအောင် ဆောင်ရွက်နိုင်မည်နည်း” ဟုပြောဆိုကာ ကျောင်းမှ နှင်ထုတ်လေ၏။

လူဝတ်ကြောင်ဖြင့်နေသော်သင့်[ပြင်ဆင်ရန်]

စူဠပန်လည်း သဒ္ဓါ၍ရဟန်းပြုကာ သာသနာတော်ကို ချစ်သဖြင့် လူ့အဖြစ်ကို မတောင့်တသူ ဖြစ်သော်လည်း“ငါ့အစ်ကိုသည် ငါ့ကို ကြင်နာခြင်း မရှိ၊ ကျောင်းမှ နှင်ထုတ်ဘိသည်၊ ငါ့မှာသာသနာတော်၌ နေသဖြင့် အကျိုးမရှိပြီ။ လူထွက်၍ ဒါန၊ သီလ၊ ဘာဝနာ စသောကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်ကာ အသက်မွေးတော့မည်” ဟု နံနက်စောစောကပင်လျှင်ကျောင်းမှ ထွက်လေ၏။

ဘုရားမ,ခါပဋိသမ္ဘိဒါ ပတ္တရဟန္တာ[ပြင်ဆင်ရန်]

မြတ်စွာဘုရားလည်း မိုးသောက်ထတော်မူ၍ လောကကို ကြည့်တော်မူလျှင် စူဠပန်ကို ငြမ်တော်မူသဖြင့် စူဠပန်သွားမည့်တံခါးမုခ်၌ နေလင့်တော်မူ၏။ စူဠပန်လည်း မြတ်စွာဘုရားကို မြင်လျှင် ရိုသေစွာရှိခိုး၍နေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် စူဠပန်ကို မေးတော်မူလျှင် အစ်ကို နှင်ထုတ်၍လူထွက်ရန် သွားတော့မည့်အကြောင်း လျှောက်ထားရာ မြတ်စွာဘုရားက “ချစ်သား စူဠပန် ...အစ်ကိုက နှင်ထုတ်သော်လည်း မသွားရ၊ သင်သည် ငါဘုရားထ့၌ ရဟန်းပြုသောသူ ဖြစ်သည်” ဟုဆုံးမကာ ဂန္ဓကုဋိတိုက်သို့ ခေါ်ဆောင်၍ တန်ခိုးဖြင့် ဖန်ဆင်းသောပုဆိုးနွမ်းကိုပေးလျက် ကမ္မဋ္ဌာန်းကို အားထုတ်စေရာ ပဋိသမ္ဘိဒါနှင့်တကွရဟန်းန္တာအဖြစ်သို့ ရောက်၍ ပိဋကတ်သုံးပုံ တတ်မြောက်လေ၏။

ရဟန်းတို့လည်းတရားသဘင်ဝယ် စ စူဠပန်၏ အကြောင်း စကားနှင့်စပ်၍ ပြောကြရာ မြတ်စွာဘုရားက “ချစ်သားရဟန်းတို့ ... စူဠပန်ကား ယခုအခါ၌သာ ငါဘုရားကိုမှီ၍ မြင့်မြတ်သောအဖြစ်သို့ ရောက်သည်မဟုတ်၊ ရှေးအခါ၌လည်း ရောက်ဖူးပြီး” ဟု မိန့်တော်မူရာ ရဟန်းတို့ တောင်းပန်သဖြင့်အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူလေသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

နိပိတ်တတ်သိစူဠသေဋ္ဌိ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုတော်မူစဉ် စူဠသေဋ္ဌိ မည်သော သူဌေးကြီး တစ်ယောက်သည်ရှိသတတ်။ ထိုသူဌေးကြီးသည် အသိအလိမ္မ ဉာဏ်ပညာနှင့် ပြည့်စုံ၏။ ခပ်သိမ်းသောနိမိတ်တို့ကိုလည်း ကောက်ယူတတ်၏။

တစ်နေ့သ၌ထိုသူဌေးကြီးသည် မင်းထံခစားရန် သွားလတ်သော် လမ်းခရီးဝယ် ကြွက်သေတစ်ခုကိုမြင်လျှင်ခဏခြင်း နက္ခတ်ကိုကြည့်၍ ဆင်ခြင်ကာ “အမြော်အမြင် ပညာရှိသူသည် ဤကြွက်သေကိုယူ၍အရင်းအနှီးပြုလျှင် ကြီးပွားထွန်းကားလျက် သား၊ မယား မွေးမြူနိုင်မည်” ဟု ဆိုလေ၏။

ကြွက်သေတစ်ခုအရင်းပြု[ပြင်ဆင်ရန်]

ထိုအခါ ဉာဏ်ပညာအမြော်အမြင်ရှိသော ဆင်းရဲသား တစ်ယောက်ကြားလျှင် “ဤသူဌေးကြီးသည် မသိဘဲ နှင့်ဟူးဟူးငြားငြား မဆိုတန်ရာ၊ မုခု ကြီးပွား ဖြစ်ထွန်းမည်” ဟု ယုံကြည်သဖြင့်ကြွက်သေကို စျေးသို့ ယူဆောင်ကာ ကြောင်စာကျွေးရန်ရောင်းချလျှင် တစ်ခြင်ရွေး ရလေ၏။

တစ်ခြင်ရွေးကသပြာရ[ပြင်ဆင်ရန်]

ထို ဆင်းရဲသားသည်တစ်ခြင်ရွေးဖြင့် တင်လဲဝယ်ကာ ရေအိုးတစ်လုံးဖြင့် ရေကိုယူ၍ တောမှ လာသောပန်းသည်များထံသွားကာ အနည်းငယ်စီသော တင်လဲနှင့် သောက်ရေဖြင့် လုပ်ကျွေးလေ၏။ပန်းသည်တို့ကလည်း ပန်းတစ်ဆုပ်စီ ပေး၍ သွားကြသဖြင့် ထိုပန်းကို ရောင်းချကာ တင်ဖန်တင်လဲဝယ်ပြန်၍ ရေပြည့်သော ရေအိုးဖြင့် ပန်းဥယျာဉ်သို့သွား၍ လုပ်ကျွေးလေလျှင်ပန်းသည်များက ထက်ဝက်မျှသော ပန်းတို့ကို ပေးခဲ့သဖြင့် ရောင်းချသောအခါ ခဏချင်းငွေရှစ်သပြာ ရလေ၏။

တစ်ဖန်မိုးကြီးလေကြီးကျ၍ မင်းဥယျာဉ်ဝယ် သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်တို့ကျိုးကျလေလျှင် ဥယျာဉ်မှူးထံ သွားကာ ထုတ်ယူရှင်းလင်းရန် ခွင်ပန်၍ ရပြန်လျှင်သူငယ်တို့ ကစားရာအရပ်သို့သွားလျက် တင်လဲကျွေး၍ ခေါ်ငင်ကာ ဥယျာဉ်ရှိ ထင်း၊ သစ်ရွက်၊သစ်ခက်ခြောက်တို့ကို ထုတ်ယူ၍ သယ်ငယ်စေပြီးလျှင် ဥယျာဉ်တံခါးတွင် ပုံ၍ထားလေ၏။ထိုအခါ မင်း၏ အိုးတော်လုပ်တို့သည် အိုးဖုတ်ရန် ဝယ်လေလျှင် ငွေဆယ့်ခြောက်သပြာနှင့်အိုးငါးရာ ရလေ၏။

မိတ်ဖွဲ့မှုတွက်လွန်တိုးတက်[ပြင်ဆင်ရန်]

နှစ်ဆယ့်လေးသပြာရသည်ရှိသော် မြို့တံခါးအနီးဝယ် ရေချမ်းစဉ်တည်ကာ မြက်ရိတ်သမား ငါးရာတိုပအား နေ့စဉ်ရေဖြင့် လုပ်ကျွေး၏။ မြက်ရိတ်သမား ငါးရာတို့လည်း “အဆွေ ... အသင်ကားကျွန်ုပ်တို့အပေါ်မှာ ကျေးဇူးများလှသည်၊ အကြောင်းကိစ္စ ရှိသောအခါ ပြောပါ” ဟုဆိုကုန်။ ဆင်းရဲသားလည်း “အဆွေတို့ ... ကောင်းပြီ၊ အကြောင်းကိစ္စ ရှိသောအခါပြောကြားပါမည်၊ ကျေးဇူးပြုကြပါ” ဟု ဆို၍ မိတ်ဆွေဖွဲ့လေ၏။ တခြားဖြစ်သောကျေးဇူးများမည့် ကုန်းပွဲစား၊ ရေပွဲစား၊ ကုန်သည်ကြီးတို့နှင့်လည်း ရင်းနှီးစွာမိတ်ဆွေဖွဲ့လေ၏။

မြက်ရိတ်သမားစုကျေးဇူးပြု[ပြင်ဆင်ရန်]

တစ်နေ့သ၌ကုန်းပွဲစား မိတ်ဆွေသည် ဆင်းရဲသားအား “အဆွေ ... နက်ဖြန် ဤမြို့သို့ မြင်းငါးရာနှင့်မြင်းကုန်သည်တို့ လာကြလိမ့်မည်” ဟု ပြောကြားလေလျှင် မြက်ရိတ်သမားတို့ထံသွားကာ“အဆွေတို့ ... ယနေ့ ကျွန်ုပ်အား မြက်တစ်စည်းစီ ပေးကြပါ၊ ကျွန်ုပ် မြက်မရောင်းမီအဆွေတို့မြက်ကို မရောင်းကြပါနှင့်” ဟု ဆိုလေ၏။ မြက်ရိတ်သမားတို့လည်း ကောင်းပြီဟုဝန်ခံကာ မြက်အစည်း ငါးရာတို့ကို ယူ၍ ဆင်းရဲသားအိမ်သို့ ပို့ကြလေ၏။မြင်းကုန်သည်တို့လည်း တစ်မြို့လုံးတွင် မြက်ရှာမရသဖြင့် ဆင်းရဲသားထံမှာငွေအသပြာတစ်ထောင်ပေးကာ ဝယ်ကြရကုန်၏။

အဆင့်ဆင့်ပန်ကြား အစောင့်ထား[ပြင်ဆင်ရန်]

နှစ်ရက်၊ သုံးရက် အလွန်တွင်ရေကြောင်းပွဲစား မိတ်တွေက ရေဆိပ်တွင် ကုန်လှေကြီးတစ်စင်း ဆိုက်ရောက်ကြောင်းပြောလျှင် ငွေရှစ်သပြာတို့ဖြင့် သပ်ရပ်သော ရထားတစ်ခု ငှားရမ်းကာ အခြွေအရံများနှင့်မြစ်ဆိပ်သို့ သွားပြီးလျှင် လှေသူကြီးအား လက်စွပ်တစ်ကွင်းပေး၍ ကတိစာချုပ်ပြုလုပ်လျက် ပါသမျှကုန်ကို သိမ်းယူကာ မြစ်ဆိပ်တွင် လုံခြုံသော နေရာတစ်ခုကို စီးမံ၍နေပြီးလျှင် မိမိထံသို့ လာလိုသူများကို အဆင့်ဆင့်နှင့် ပန်၍ ဝင်ရန်အစောင့်အရှောက်များကို ထားလေ၏။

လေးလတွင်းဝယ်နှစ်သိန်းကြွယ်[ပြင်ဆင်ရန်]

ကုန်လှေကြီးတစ်စင်းဆိုက်သည်ကြားလျှင် ဗာရာဏသီ တစ်မြို့လုံး သတင်းပျံ့နှံ့ကာ ကုန်သည်များသွား၍လှေသူကြီးထံ ဝယ်ယူရန် လာကြလျှင် လှေသူကြီးက “ကုန်သည်ကြီး တစ်ဦးနှင့် စာချုပ်၍ရောင်းချပြီးပြီး၊ ၎င်းထံသွား၍ ဝယ်ယူကြပါ” ဟု ပြောသောအခါ တစ်ရာသော ကုန်သည်တို့သည်တစ်ဦး တစ်ဦးလျှင် နှစ်ထောင်စီပေး၍ ဝယ်ယူရသဖြင့် ဆင်းရဲသားအား မကြာမီ ငွေအသပြာနှစ်သိန်း ရလေ၏။

ကျေးဇူးသိတတ်တပည့်မြတ်[ပြင်ဆင်ရန်]

ငွေအသပြာ နှစ်သိန်း ရသောအခါသူ့ကျေးဇူးကို သိတတ်သော ဆင်းရဲသားသည် အသပြာ တစ်သိန်းကို ယူကာ ဆရာဖြစ်သော သူဠသေဋ္ဌိသူဌေးကြီးထံသွား၍ ပူဇော်ကန်တော့လေ၏။ စူဠသေဋ္ဌိ သူဌေးကြီးလည်း အံ့အားသင့်ကာဆင်းရဲသားကို “ချစ်သား ... ဤမျှလောက်သော ငွေအသပြာကို အသင် ဘယ်လိုရသနည်း” ဟုမေးလေလျှင်၊ ဆင်းရဲသားက “အရှင် သူဌေးကြီး ... အရှင်တို့ ညွှန်ပြသော နည်းလမ်းဖြင့် ကြွက်သေတစ်ခုကိုအရင်းအနှီးပြုကာ လေးလအတွင်းဝယ် အသပြာနှစ်သိန်း ရကြောင်း၊ တစ်သိန်းကိုကျေးဇူးဆပ်သောအားဖြင့် အရှင်သူဌေးကြီးကို ပူဇော်ကန်တော့ကြောင်း” ကို အရင်းမှစ၍အသပြာနှစ်သိန်း ရသည်တိုင်အောင် အလုံးစုံ ပြောကြားလေ၏။

စူဠန္တေဝါသိကသဌေးအရာရ[ပြင်ဆင်ရန်]

စူဠသေဋ္ဌိ သူဌေးကြီးလည်း ဆင်းရဲသားစကားကိုကြားလေလျှင် “ ဤသူငယ်ကား သူ့ကျေးဇူးကို သိတတ်သည်၊ တည့်မတ်မှန်ကန်သည်၊ပညာအမြော်အမြင်နှင့် ပြည့်စုံသည်” ဟု ကြံစည်၍ အရွယ်ရောက်သော သမီးနှင့် လက်ထပ်ကာပစ္စည်းဥစ္စာ အလုံးစုံကို လွှဲအပ်၍ သူဌေးရာထူးဖြင့် ချီးမြှောက်လေ၏။ ထို့နေ့မှစ၍ထိုသူဌေးမှာ သူဠသေဋ္ဌိ သူဌေးကြီးထံ နည်းခံ၍ ကြီးပွားလာသူ ဖြစ်သဖြင့် စူဠန္တေဝါသကိသူဌေးဟု တွင်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသေန္ဓ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

- ထိုအခါကစူဠန္တေဝါသိကသည် - ယခုအခါ စူဠပန်။

- စူလသေဋ္ဌိသူဌေးကြီးသည် - ငါဘုရားဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁)သေးငယ်မီးပွား၊ လေမှုတ်ငြား၊ ကြီးထွားမီးပုံနှယ်။

(၂)အရင်းနည်းပင်၊ ပညာရှင် များဖြင်ဥစ္စာကြွယ်။

စူဠကသေဋ္ဌိဇာတ်ပြီး၏။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ