စတုမဋ္ဌဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၄။ အသဒိသဝဂ် -၁၈၇ - စတုမဋ္ဌဇာတ်။ ။ ကိုယ်ခန္ဓာ၊ အမျိုးဇာတ်၊ အသံ၊ ဂုဏ်ကျေးဇူးဟူသော အင်္ဂါလေးပါးတို့ဖြင့် ယုတ်မာသောမြေခွေးနှင့် စကားပြောရန် စက်ဆုပ်ရွံရှာ၍ စိတ္တကုဋ်တောင်သို့ပျံသွားသော ဟင်္သာငှက်နှစ်ကောင် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ရဟန်းအိုမေးချက် တရားပွဲပျက်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဂ္ဂသာဝကနှစ်ပါးတို့ အချင်းချင်းပြဿနာ မေးဖြေနေကြစဉ် ရဟန်းအိုတစ်ပါးသည် အနီးသို့သွား၍ “အရှင်ဘုရားတို့ ... အကျွန်ုပ်သည် အရှင်ဘုရားတို့အား ပြဿနာကို မေးလိုပါ၏။ အရှင်ဘုရားတို့လည်း မိမိတို့ယုံမှားခြင်းကို အကျွန်ုပ်အား မေးတော်မူကြပါ” ဟု ပြောဆိုလေ၏။ ထိုအခါ အဂ္ဂသာဝကနှစ်ပါးတို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် နေရာမှထ၍ သွားကြကုန်၏။ အဂ္ဂသာဝက နှစ်ပါးတို့ တရားတော်ကို နာကြားရန်နေသော ပရိသတ်တို့ အစည်းအဝေးပျက်သောအခါ ရဟန်းတို့သည် မြတ်စွာဘုရားထံသို့သွား၍ ထိုအကြောင်းကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် “ရဟန်းတို့ ... ယခုအခါ၌သာလျှင် သာရိပုတ္တရာ၊ မောဂ္ဂလာန်တို့သည် ထိုရဟန်းအိုကို ရွံရှာသဖြင့် စကားမဆိုမူ၍ ဖဲသွားကြကုန်သည် မဟုတ်၊ ရှေးအခါ၌လည်း စကားမဆိုမူ၍ ဖဲသွားကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

သွားလာတည်းဝင် ချစ်ကျွမ်းဝင်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် တောအရပ်တစ်ခုဝယ် ရုက္ခစိုးနတ် ဖြစ်လေ၏။ ထိုအခါ ဟင်္သာငယ်နှစ်ကောင်တို့သည် စိတ္တကုဋ်တောင်မှ ထွက်သည်ရှိသော် ရုက္ခစိုးနတ် စောင့်အပ်သော သစ်ပင်၌ ခေတ္တနားနေလျက် ကျက်စားရာအရပ်သို့ အစာရှာဖွေလှည့်လည်ကာ ထိုသစ်ပင်၌ပင် အပန်းဖြေပြီးမှ စိတ္တကုဋ်တောင်သို့ ပြန်သွားလေ့ရှိကြကုန်၏။ ကာလမြင့်ကြာလတ်သော် ဟင်္သာငယ်တို့သည် ရုက္ခစိုးနတ်နှင့်တကွ တွေ့ကြုံဖန်များသဖြင့် ချစ်ကျွမ်းဝင်ကုန်၏။ သွားသောအခါ၊ လာသောအခါ အချင်းချင်း ဝမ်းမြောက်ဝမ်းသာ တရားစကားကို ပြောဟောလျက် ဖဲသွားကြကုန်၏။

ချင်းချင်းပြောလျက် ခွေးနှောင့်ယှက် တစ်နေ့သ၌ ဟင်္သာငယ်တို့သည် သစ်ပင်ဖျား၌ နားကုန်လျက် ရုက္ခစိုးနတ်နှင့် ပြောဟောကုန်သည်ရှိသော် မြေခွေးတစ်ကောင်သည် သစ်ပင်အောက်၌ရပ်လျက် - “အို - ဟင်္သာငယ်တို့ ... သင်တို့ကား ပကတိအားမြင့်မားလှသော သစ်ပင်ဝယ် အလွန်မြင့်သော သစ်ခွကြားသို့တက်၍ ဆိတ်ကွယ်ရာသို့ ကပ်ပြီးလျှင် တိုင်ပင် ပြောဟောကြကုန်၏။ နိမ့်ရာအရပ်သို့ သက်ဆင်း၍ တိုင်ပင်ပြောဟောလှည့်ကြပါ၊ သားများ သနင်း ငါမင်းမြတ်လည်း နားထောင်ပါမည်” – ဟု ဟင်္သာငယ်တို့နှင့်တကွ တိုင်ပင်စကား ပြောကြားလေ၏။

ရွံရှာစက်ဆုပ် မောင်းနှင်ထုတ်[ပြင်ဆင်ရန်]

ထိုအခါ ဟင်္သာငယ်တို့သည် ရွံရှာသဖြင့်ထ၍ စိတ္တကုဋ်တောင်သို့ ပြန်သွားကြကုန်၏။ ဟင်္သာငယ်တို့ ပျံသွားသောအခါ ရုက္ခစိုးနတ်သည် မြေခွေးအား - “ဟယ် ... မြေခွေးယုတ် ... အဆင်းကောင်းသော ဟင်္သာတစ်ကောင်သည် အဆင်းကောင်းသော ဟင်္သာတစ်ကောင်နှင့်၊ နတ်ဖြစ်သော ဟင်္သာတစ်ကောင်သည် နတ်ဖြစ်သော ဟင်္သာတစ်ကောင်နှင့် တိုင်ပင်ပြောဟောကြရာ၌ ကိုယ်ခန္ဓာ အမျိုးဇာတ်၊ အသံ၊ ဂုဏ်ကျေးဇူးဟူသော အင်္ဂါလေးပါးတို့ဖြင့် ယုတ်မာသော မြေခွေးနှင့် အဘယ်သို့ တိုင်ပင်ဟောပြောရအံ့နည်း၊ ဟယ်မြေခွေးယုတ်- သင်သည် သင်၏ နေရာတွင်းသို့ဝင်လော”- ဟု ခြိမ်းခြောက်နှင်ထုတ်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ ... ထိုအခါ မြေခွေးသည် - ယခုအခါ ရဟန်းအို။ · ဟင်္သာငယ်နှစ်ကောင်သည် - သာရိပုတ္တရာ၊ မောဂ္ဂလာန်။ · ရုက္ခစိုးနတ်သည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဂုဏ်မတူလျှင်၊ အရောဝင်၊ တိုင်ပင်မပြုရာ။

(၂) ဟင်္သာတိုင်ပင်၊ မြေခွေးဝင်၊ ဂုဏ်အင်မမျှပါ။

စတုမဋ္ဌဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ