ဃဋဇာတ်

ဝီကီပီးဒီးယား မှ

ပဉ္စကနိပါတ် - ၁။ မဏိကုဏ္ဍလဝဂ် -(၃၅၅) - ဃဋဇာတ် ရန်သူမင်း၏ အချုပ်အနှောင်ကို ခံနေရစဉ် မှာပင် ဈာန်သမာပတ်ရသော ဃဋမည်သော မင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ချုပ်နှောင်တွင်းကြ တရားထူးရ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် မိမိအား ကျေးဇူးများသော အမတ်တစ်ယောက်အား စည်းစိမ်များစွာပေး၍ ချီးမြှောက်လေ၏။

တစ်နေ့သ၌ မင်းကြီးသည် ကုန်းတိုက်တတ်သော သူတို့ စကားကို ယုံကြည်ကာ ထိုအမတ်ကို နှောင်အိမ်၌ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ နေလျက်ပင် သောတာပတ္တဖိုလ်ကို ဖြစ်စေ၏။ မင်းကြီးလည်း အမတ်၏ကျေးဇူးကို သတိရသဖြင့် နှောင်အိမ်မှ လွှတ်စေ၏။

ထိုအခါ အမတ်သည် ပန်းနံ့သာ လက်စွဲလျက် မြတ်စွာဘုရးထံ ဆည်းကပ်လေ၏။ မြတ်စွာဘုရားသည် အမတ်အား “ဒါယကာ … သင့်အား အကျိုးမဲ့ ဖြစ်သလော”ဟု မေး၏။ “အရှင်ဘုရား … အကျိုးမဲ့ကား ဖြစ်ပါ၏၊ သို့သော် ထိုအကျိုးမဲ့ဖြင့်သာ သောတာပတ္တဖိုလ်ကို ဖြစ်စေသဖြင့် အကျိုးရှိပါ၏” ဟု လျှောက်၏။ “ဒါယကာ … သင်သည်သာ ယခုအခါ အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်သည် မဟုတ်၊ ရှေးအခါ ပညာရှိတို့သည် အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်ဖူးကြပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

အမတ်နှင့်ထုတ် ရန်ပြုလုပ်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း၏ မိဖုရားကြီးဝမ်း၌ ဖြစ်၍ ဃဋ သတို့သား ဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုဃဋမင်းသားသည် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် နောက်အဖို့၌ မင်းအဖြစ်ကိုရ၍ တရားသဖြင့် မင်းပြု၏။

ထိုအခါ ဃဋမင်းသည် နန်းတွင်း၌ ပြစ်မှားသော အမတ်တစ်ယောက် အပြစ်ကို ကိုယ်တိုင်မျက်မှောက်သိ၍ တိုင်းပြည်မှ နှင်ထုတ်လေ၏။ ထိုအမတ်သည် တိုင်းပြည်မှ ထွက်ပြီးလျှင် သာဝတ္တိပြည် ဇင်္ကမင်းကြီးထံ ခစားလေ၏။

ထိုအမတ်သည် ဇင်္ကမင်းကြီးကို မိမိအလိုသို့ပါအောင် သွေးဆောင်ကာ စစ်သည်ဗိုလ်ပါနှင့်တကွ ဗာရာဏသီပြည်သို့လာ၍ တစ်ပြည်လုံး သိမ်းယူစေပြီးလျှင် ဃဋမင်းကို သံခြေချင်းခတ်လျက် နှောင်အိမ်၌ သွင်းစေ၏။ ဃဋမင်းသည် နှောင်အိမ်တွင်း၌ နေလျက်ပင် ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေနေ၏။

တရားနှလုံးသွင်း ချုပ်နှောင်တွင်း[ပြင်ဆင်ရန်]

ထိုအခါ ဇင်္ကမင်း၏ကိုယ်၌ ပြင်းစွာပူလောင်လေ၏။ ဇင်္ကမင်းသည် ဃဋမင်းထံသွား၍ ပွင့်သော ပဒုမ္မာကြာအသွင် ရွှေကြေးမုံပြင်ကဲ့သို့ ကြည်လင်သော မျက်နှာကိုမြင်လျှင် -

“အို - ဃဋမင်းမြတ် …. တစ်ပါးသော သူတို့သည် စိုးရိမ်ကြကုန်၏၊ ငိုကြွေးကြကုန်၏၊ မျက်ရည်ယိုစီးသော မျက်နှာ ရှိကြကုန်၏၊ သင်မင်းတြ်ကား ကြည်လင်သော မျက်နှာ ရှိဘိ၏၊ အဘယ်ကြောင့် မစိုးရိမ်သနည်း”

ဟု ဃဋမင်းအား မေးလေ၏။ ထိုအခါ ဃဋမင်းသည် -

“အို - ဇင်္ကမင်းမြတ် … စိုးရိမ်ခြင်းကား လွန်ပြီးသော ချမ်းသာကို မဆောင်နိုင်၊ လာလတ္တံ့သော ချမ်းသာကိုလည်း မဆောင်နိုင်၊ ထိုကြောင့် အကျွန်ုပ်သည် မစိုးရိမ်ပါ၊ ဈာန်ဟူသော အဖော်ကြောင့် စိုးရိမ်ခြင်း မရှိပါ။

စိုးရိမ်သူသည် ခန္ဓာကိုယ် ဖျော့တော့၏၊ ကြုံလှီပိန်ချုံး၏၊ အစာကိုလည်း မစားလို၊ စိုးရိမ်ခြင်းဟူသော ငြောင့် စူးဝင်၍ ဖောက်ပြန်သူအား ရန်သတို့သည် ဝမ်းမြောက်ကြကုန်၏။

ရွာ၌ ဖြစ်စေ၊ မြို့၌ ဖြစ်စေ၊ ချိုင့်ဝှမ်းရာ၌ ဖြစ်စေ၊ ကြည်းကုန်း၌ ဖြစ်စေ စိုးရိမ်ခြင်းကြောင့် ဖြစ်လာသော ပျက်စီးခြင်းကား၊ အကျွန်ုပ်ထံသို့ လာရောက်လိမ့်မည် မဟုတ်၊ အကျွန်ုပ်သည် ဤသို့ မြင်အပ်သော ဈာန် ရှိပါ၏။

မည်သည့် မင်းအားမဆို အကျိုးစီးပွားကို ဆောင်သော အဆွေခင်ပွန်းတို့သည် ရှိကြကုန်၏၊ ထိုအဆွေခင်ပွန်းတို့တွင် တစ်ယောက်သော အဆွေခင်ပွန်းမျှ ဈာန်ချမ်းသာ ဟူသော အလုံးစုံသော အရသာကို ဆောင်ခြင်းငှာ စွမ်းနိုင်မည် မဟုတ်၊ မြေပြင်အလုံးသည်လည်း ထိုမင်းအား ဈန်ချမ်းသာကို ဆောင်လိမ့်မည် မဟုတ်” –

ဟု ဇင်္ကမင်းအား မစိုးရိမ်ခြင်း အကြောင်းကို ဟောကြား ဆုံးမလေ၏။

တိုင်းပြည်စွန့်ငြား တောထွက်သွား[ပြင်ဆင်ရန်]

ဇင်္ကမင်းသည် ဃဋမင်း၏ တရားတော်ကို ကြားနာရ၍ အလွန် ကြည်ညိုသဖြင့် ကန်တော့ တောင်းပန်ပြီးလျှင် တိုင်းပြည်ကို ပြန်လည်အပ်နှင်းကာ မိမိတိုင်းပြည်သို့ သွားလေ၏။

ဃဋမင်းလည်း အမတ်တို့အား တိုင်းပြည်ကို အပ်နှင့်ပြီးလျှင် ဟိမဝန္တာတောသို့သွား၍ ရသေ့ရဟန်းပြုကာ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဇင်္ကမင်းသည် - ယခုအခါ အာနန္ဒာ။

ဃဋမင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အကျိုးမဲ့ပြု၊ ကျိုးရှိမှု၊ ပြုကြပညဝါ။

(၂) စိုးရိမ်သောက၊ ဖြစ်လာက၊ ဒုက္ခရောက်မည်သာ။

(၃) စိုးရိမ်ခြင်းကား၊ လွန်, လာငြား၊ စီးပွားမဆောင်ပါ။

(၄) ဖျော့တော့ကြုံပိန်၊ စားမမြိန်၊ စိုးရိမ်သူတို့မှာ။

(၅) စိုးရိမ်ငြောင့်ရန်၊ စူးဝင်ပြန်၊ ရန်သူဝမ်းမြောက်မှာ။

ဃဋဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ