ဂိဇ္ဈဇာတ်

ဝီကီပီးဒီးယား မှ

(၂)ဇာတ် ရှိပါသည်။ ဒုကနိပါတ် - ၂။ သန္ထဝဝဂ် -၁၆၄ - ဂိဇ္ဈဇာတ်။ ။ ကျေးဇူးသိတတ်၍ ကျော့ကွင်းမှ လွတ်သော မိဘလုပ်ကျွေးသည့် လင်းတအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

မိဘလုပ်ကျွေး ကောင်းချီးပေး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အမိအဖကို လုပ်ကျွေးသော ရဟန်းတစ်ပါး ရှိသတတ်။

ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံသို့ ယူဆောင်သွားကြရာ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... သင်သည် လူတို့ကို လုပ်ကျွေး၏ဟု ငါကြားတော်မူသည် မှန်သလော” ဟု မေးတော်မူ၏။ “အရှင်ဘုရား ... မှန်ပါသည်” ဟု လျှောက်၏။“အဘယ်သူတို့ကို လုပ်ကျွေးသနည်း” ဟု မေးတော်မူလျှင် “မိဘတို့ကို လုပ်ကျွေးပါသည်” ဟု လျှောက်ထားလျှင် “ချစ်သား ရဟန်း ... ကောင်းစွ၊ ကောင်းစွ”ဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ “ချစ်သား ရဟန်တို့ ... ဤရဟန်းကို မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည် ကျေးဇူးတုံ့ကို သိသောအားဖြင့် အဆွေမတော်သူတို့အားလည်း ကျေးဇူးဆက်ကြကုန်၏။ မိဘတို့ကို လုပ်ကျွေးခြင်းကား ဤရဟန်း၏ တာဝန်ဖြစ်ပေသည်” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

လင်းတကိုကျွေး မြတ်သူဌေး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဂိဇ္ဈကုဋ်တောင်ဝယ် လင်းတမျိုး၌ ဖြစ်၍ မိဘတို့ကို လုပ်ကျွေးလျက်နေ၏။

အခါတစ်ပါး၌ သည်းထန်စွာ လေနှင့်တကွ မိုးရွာလတ်သော် လင်းတတို့သည် သည်းမခံနိုင်ကုန်သည် ဖြစ်၍ ဗာရာဏသီမြို့သို့ သွားကာ မြို့တံခါးအနီး၊ ကျုံးအနီးတို့၌ ချမ်းအေးခြင်းကြောင့် ခိုက်ခိုက်တုန်လျက် နေကြကုန်၏။

ထိုအခါ ဗာရာဏသီသူဌေးသည် မြို့မှထွက်၍ မြစ်သို့ ရေချိုးရန် သွားသည်ရှိသော် ဆင်းရဲပင်ပန်းနေသော လင်းတတို့ကိုမြင်လျှင် တစ်နေရာတွင် စုဝေးစေ၍ မီးမွှေးပေးကာ လှုံစေပြီးလျှင် အမဲသားတို့ကို အယူခိုင်းကာ ကျွေးမွေးလေ၏။

လင်းတတို့သည် မိုးစဲလတ်သော် ခံ့ကျန်းသောကိုယ်ရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်သို့ သွားကြကုန်၏။ ရောက်လျှင် စည်းဝေးလျက် “အချင်းတို့ ... ဗာရာဏသီသူဌေးသည် ငါတို့အား ကျေးဇူးပြုဖူး၏။ ကျေးဇူးတုံ့ကို ပြန်၍ ဆပ်ခြင်းငှာသင့်၏။ သို့အတွက် လင်းတတို့တွင် အဝတ်တန်ဆာကို ရသော လင်းတသည် ကောင်းကင်မှနေ၍ ဗာရာဏသီသူဌေး အိမ်ပေါ်သို့ ပစ်ချရမည်” ဟု တိုင်ပင်ကာ ကတိကဝတ် ထားကြကုန်၏။

ကျေးဇူးတုံ့လည် ဆက်ကြသည်[ပြင်ဆင်ရန်]

ထိုအခါမှစ၍ လင်းတတို့သည် နေလှန်းထားသော အဝတ်တန်ဆာတို့ကို လူတို့ မေ့လျော့နေခိုက် ချီးသုတ်ကာ ဗာရာဏသီသူဌေး အိပ်ပေါ်၌ ချကြကုန်၏။ သူဌေးလည်း လင်းတတို့ ဆောင်ယူလာသည်ကိုသိလျှင် အလုံးစုံသော အဝတ်တန်ဆာတို့ကို အသီးအသီး မှတ်သား၍ ထားလေ၏။

ပြည်သူတို့သည် မင်းကြီးထံသွား၍ မြတ်သောမင်းကြီး မြို့ကို လင်းတတို့ ဖျက်ဆီးကြသည်ဟု လျှောက်ကြသော အခါ “အမောင်တို့ ... လင်းတ တစ်ကောင်ကို မိအောင်ဖမ်းကြလော့၊ အလုံးစုံသော အဝတ်တန်ဆာတို့ကို ပြနရစေမည်” ဟု အမိန့်ပေးလေ၏။ လူတို့သည် ထိုထိုအရပ်၌ ကျော့ကွင်းထောင်ကာ ဖမ်းကြလျှင် မိဘကို လုပ်ကျွေးသော လင်းတကို မိလေ၏။ လူတို့သည် မင်းကြီးထံသို့ ဆောင်ယူကြကုန်၏။

ဗာရာဏသီသူဌေးလည်း မင်းထံ ခစားသွားရာ လူတို့ လင်းတ တစ်ကောင်ကို ဖမ်းယူလာသည်ကို မြင်လျှင် “အမောင်တို့ ... မသတ်ကြပါလင့်” ဟု တားမြစ်ကာ မင်းကြီးထံ အတူတကွ သွားလေ၏။ မင်းကြီးထံ ရောက်လျှင် လူတို့သည် လင်းတကို မင်းကြီးအား ပြကြ၏။

ထိုအခါ မင်းကြီးသည် လင်းတကို “အို လင်းတ ... သင်တို့သည် လူတို့ အဝတ်တန်ဆာကို ယူကုန်သလော” ဟု မေး၏။ “မင်းကြီး ... ယူပေကုန်၏” ဟု လျှောက်၏။ “အို လင်းတ ... အဘယ်သူအား ပေးကုန်သနည်း” ဟု မေးပြန်၏။ “မင်းကြီး ... ဗာရာဏသီသူဌေးအား ပေးကြပါသည်” ဟု လျှောက်လေ၏။ “အိုလင်းတ ... အဘယ်ကြောင့် ပေးကြသနည်း” ဟု မေးသောအခါ၊ “မင်းကြီး ... ဗာရာဏသီ သူဌေးကား အကျွန်ုပ်တို့အား အသက်ကိုပေးသော ကျေးဇူးရှင်ဖြစ်ပါသည်။ ကျေးဇူးတုံ့ကို ပြန်၍ဆပ်လိုသောကြောင့် ပေးကြပါသည်” ဟု ဆိုလေ၏။

ကျော့ကွင်းမမြင် ကြမ္မာငင်[ပြင်ဆင်ရန်]

မင်းကြီးသည် တစ်ဖန် လင်းတကို -

“အို လင်းတ ... လင်းတတို့မည်သည်မှာ ယူဇနာ တစ်ရာ ဝေးကွာသောအရပ်၌ တည်ရှိသော အကောင်းပုပ်ကို မြင်နိုင်ကြသတတ်၊ သို့ပါလျက် မိမိတို့ကို မိစေရန် ထောင်ထားသော ကွန်နှင့် ကျော့ကွင်းကို အဘယ့်ကြောင့် မမြင်နိုင်ပါသနည်း” –

ဟု မေးလေ၏။ လင်းတလည်း မင်းကြီး၏ စကားကို ကြားလျှင် -

“မြတ်သောမင်းကြီး ... သတ္တဝါတို့မှာ ပျက်စီးခြင်းသို့ ရောက်လိုသောအခါ၊ အသက်သေဆုံးလိုသောအခါတို့၌ မိမိတို့မိစေရန် ထောင်ထားသော ကွန်နှင့် ကျော့ကွင်းတို့ကို အနီးသို့ ရောက်နေလျက်လည်း မမြင်နိုင်ပါ” –

ဟု မင်းကြီးအား ပြောကြားလေ၏။

ပြန်ပေးမည်ဟု မှတ်သားပြု[ပြင်ဆင်ရန်]

မင်းကြီးလည်း လင်းတ စကားကိုကြားလျှင် “သူဌေးကြီး ... လင်းတတို့သည် သင့်အား အဝတ်တန်ဆာတို့ကို ပေးကြသည်ဆိုရာ မှန်သလော” ဟု မေးလေ၏။ “မင်းကြီး ... မှန်ပါသည်” ဟု လျှောက်၏။ “သူဌေးကြီး ... သင်သည် အဝတ်တန်ဆာတို့ကို ဘယ်လိုထားသနည်း” ဟု မေး၏။ “မင်းကြီး ... အဝတ်တန်ဆာတို့ကို ဥစ္စာရှင်တို့အား ပြန်ပေးရန် နှလုံးသွင်းကာ အသီးအသီးမှတ်သား၍ ထားပါသည်” ဟု လျှောက်လေ၏။ မင်းကြီးလည်း လင်းတို့ကို လွှတ်စေ၍ သူဌေးကိုလည်း အလုံးစုံသော အဝတ်တန်ဆာတို့ကို ဥစ္စာရှင်တို့အား ပြန်ပေးစေ၏။

ဤဒေသနာတော်၏အဆုံး၌ မိဘကို လုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ဗာရာဏသီသူဌေးသည် - သာရိပုတ္တရာ။

မိဘကိုလုပ်ကျွေးသော လင်းတသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကျေးဇူးကြီးလှ၊ မိနှင်ဖ၊ ခယလုပ်ကျွေးပါ။

(၂) ပျက်စီးချိန်တန်၊ သေချိန်တန်၊ ဘေးရန်မမြင်ပါ။

(၃) ယူဇနာရာမြင်၊ လင်းတပင်၊ မမြင်ကျော့ကွင်းမှာ။

ဂိဇ္ဈဇာတ် ပြီး၏။


နဝကနိပါတ် - ၄၂၇ - ဂိဇ္ဈဇာတ် ဖခင် လင်းတ၏ အဆုံးအမကို မနာယူဘဲ အလွန်မြင့်စွာ ပျံသဖြင့် ဝေရမ္ဘလေဝှေ့၍ သေရသော လင်းတ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဆရာဆုံးမပြန် လက်မခံ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးအမခက်သော ရဟန်းပျိုတစ်ပါး ရှိလေ၏။ ထိုရဟန်းသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ဆုံးမလွယ်သော သောဝစ္စဿတာဂုဏ်နှင့် မပြည့်စုံလေ။

ဆရာဥပဇ္ဈာယ် သီတင်းသုံးဖော်တို့ကို ကိုယ် နှုတ် နှလုံး သုံးပါးလုံးတို့၌ စောင့်ရှောက်ထိန်းသိမ်းရန် အကျိုးအကြောင်းပြ၍ ဆိုဆုံးမသောအခါ မနာယူဘဲ မိမိကို မဆုံးမထိုက်လေ]န် မိမိနှင့် မသက်ဆိုင်လေဟန်ဖြင့် ပြုလုပ်ကာ နေ၏။

ထိုအခါ ရဟန်းတို့သည် ထိုရရဟန်း၏ အဆုံးမခက်သော အကြောင်းကို တရားသဘင်၌ စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူလျှင် သိတော်မူ၍ “ရဟန်း … သင်သည် အကျိုးစီးပွားကို လိုလား၍ ဆုံးမသောသူတို့စကားကို အဘယ်ကြောင့် နားမထောင် မနာယူ ဘိသနည်း၊ သင် ရှေးအခါ၌ လည်း ပညာရှိတို့ စကားကို နားမထောင်သဖြင့် ဝေရမ္ဘလေဦး၌ မှုန့်မှုန့်ညက်ညက်ဖြစ်၍ သေဖူးပြီး” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဖခင် ဆုံးမ သားလင်းတ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဂိဇ္ဈကုဋ်တောင်၌ ဘုရားအလောင်းသည် လင်းတမျိုး၌ ဖြစ်၏။ သားဖြစ်သော လင်းတမင်းကား သုပတ္တ အမည်ရှိ၏။ အထောင်မကသော လင်းတတို့ဖြင့် ခြံရံ၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ မိဘအိုတို့အား လုပ်ကျွေးမွေးမြူ၏။ အားအစွမ်းနှင့် ပြည့်စုံသောကြောင့် အလွန်ဝေးလံသော အရပ်သို့ ပျံသန်းလေ့ရှိ၏။

ထိုအခါ အဘ လင်းတအိုသည် သား လင်းတမင်းအား “အမောင် … ဤမည်သော အရပ်ကို လွန်၍ မပျံအပ်၊ ပျံလျှင် ဝေရမ္ဘလေဦးသို့ ရောက်၍ မှုန့်မှုန့်ညက်ညက်ကြေ၍ သေရတတ်သည်” ဟု ဆုံးမလေ၏။

ဆုံးမ မလိုက်နာ ပျက်စီးရာ[ပြင်ဆင်ရန်]

လင်းတမင်းသည် အဘ၏ရှေ့တွင်ကား ကောင်းပြီဟု ဝန်ခံ၏။ နောက်နေ့၌ လင်းတမင်းသည် မိုးရွာပြီးသည်ရှိသော် လင်းတအပေါင်း ခြံရံလျက် ကောင်းကင်သို့ ပျံတက်လေ၏။ အဘ စကားကို နားမထောင်ဘဲ အခြားလင်းတတို့ကို ထားခဲ့၍ အလွန်ဝေးလံမြင့်မားသောအရပ်သို့ ပျံတက်သည်ရှိသော် ဝေရမ္ဘလေဦးသို့ရောက်၍ မှုန့်မှုန့်ညက်ညက် ကြေ၍ သေရလေ၏။

ဘုရားဟောပြ နောက်ဘဝ[ပြင်ဆင်ရန်]

သဗ္ဗညု မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ -

“ရဟန်းတို့ … ရှေးအခါ ဂိဇ္ဈကုဋ်တောင်ထိပ်ဝယ် ပရိသင်္ကုပထ မည်သော ခရီးလမ်းသည် ရှိခဲ့၏၊ ထိုခရီးလမ်း၌ လင်းတမင်းသည် ဖြစ်ခဲ့၏၊ ထိုလင်းတမင်းသည် မိဘအိုတို့ကို လုပ်ကျွေးမွေးမြူခဲ့၏။

ထိုလင်းတမင်းသည် မိဘအိုတို့ စားသောက်ရန် များစွာသော စပါးကြီးမြွေ အဆီတို့ကို ဆောင်၏။ အဘသည် သား လင်းတမင်းကို အဝေးသို့ ပျံသန်းသည်ကို သိ၏။

အဘသည် - ယောကျ်ားတို့ အားအစွမ်းနှင့် ပြည့်စုံ၍ အဝေးသို့ ပျံသန်းတက်သော သုပတ္တ မည်သော သားကို အမောင် … ရေတွင်ပေါ်သော ကြာကဲ့သို့ မြေကြီးကို မြင်ရသောအခါ , ဘေးပတ်လည်မှ သမုဒ္ဒရာရေ ခြံရံလျက် စက်ဝန်းကဲ့သို့ မြေကြီးကို မြင်ရသောအခါ အောက်သို့ ဆင်းခဲ့လော့၊ ထိုထက်လွန်၍ မပျံလင့်ဟု ဆိုဆုံးမပြီ” ။

ဆုံးမခက်လှ ပျက်စီးရ[ပြင်ဆင်ရန်]

“အားအစွမ်းနှင့် ပြည့်စုံလျက် အတောင်ရှိသော လင်းတမင်းသည် လျင်မြန်သောအဟုန်ဖြင့် ပျံသန်းရာ အဘ ဆုံးမထားသောအရပ်သို့ ရောက်ခဲ့၏၊ အောက်သို့ ကြည့်လတ်သော် တောတောင်တို့ကို မြင်ရ၏။

လင်းတမင်းသည် အဘ ဆုံးမထားသော အခြင်းအရာဖြင့် ဘေးပတ်လည်မှ သမုဒ္ဒရာရေ ခြံရံလျက် စက်ဝန်းကဲ့သို့ မြေကြီးကို မြင်ရ၏။

လင်းတမင်းသည် ထိုအရပ်ကိုလည်း လွန်၍ အထက်သို့ ပျံတက်၏။ ထိုအခါ အားအစွမ်းနှင့် ပြည့်စုံသော လင်းတမင်းကို ထက်လှစွာသော ဝေရမ္ဘလေညွန့်တို့သည် မှုန့်မှုန့်ညက်ညက် ကြေအောင် တိုက်ခတ်လေ၏။

အလွန်ဝေးလံသော အရပ်သို့ ပျံတက်သော လင်းတမင်းသည် တစ်ဖန် ပျံတက်အံ့သောငှာ မတတ်နိုင်ချေ။ ဝေရမ္ဘလေတို့၏ နိုင်ငံသို့ရောက်သော ထိုလင်းတမင်းသည် ပျက်စီးခြင်းသို့ ရောက်ရလေ၏”

လင်းတပမာပြ ဆိုဆုံးမ[ပြင်ဆင်ရန်]

“လင်းတမင်းသည် အဘ၏ အဆုံးအမကို မလိုက်နာသောကြောင့် ထိုလင်းတမင်း၏ သားမယားတို့သည် လည်းကောင်း၊ မှီ၍ အသက်မွေးကြကုန်သော အခြား လင်းတတို့သည် လည်းကောင်း၊ အလုံးစုံသော လင်းတတို့သည် ပျက်စီးခြင်းသို့ ရောက်ရကုန်၏။

အဆုံးအမကို မလိုက်နာသော လင်းတမင်းကဲ့သို့ ဤသာသနာတော်၌ နေသောသူသည်လည်း ကြမ်းကြုတ်စွာ အပိုင်းအခြားကို လွန်၍ ကျင့်လျက် အကျိုးစီးပွားကို အလိုရှိ, ကြီးကုန်သော သူတို့၏ ဆုံးမစကားကို မလိုက်နာ၊ ထိုအဆုံးအမ စကားကို မလိုက်နာသောကြောင့် အလုံးစုံသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကုန်၏” –

ဟု ရဟန်းတို့အား ဟောကြား ဆုံးမတော်မူ၏။ ထိုနောက် မြတ်စွာဘုရားသည် အဆုံးမခက်သော ရဟန်းအား “ချစ်သား ရဟန်း … သင်သည် လင်းတမင်းကဲ့သို့ မပြုလင့်၊ အကျိုးစီးပွားကို လိုလားသောသူတို့ ဆုံးမအသော စကားကို လိုက်နာလေ” ဟု ထပ်မံ သတိပေးပြန်၏။ ထိုရဟန်းလည်း မြတ်စွာဘုရား ဆုံးမတော်မူသောအခါ မှစ၍ သောဝစ္စဿတာဂုဏ်နှင့် ပြည့်စုံကာ အဆုံးအမ လွယ်ကူလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ လင်းတမင်းသည် - ယခုအခါ အဆုံးအမ ခက်သော ရဟန်း။

• အဘ လင်းတသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အကျိုးလိုလား၊ ဆုံးမငြား၊ မှတ်သားလိုက်နာပါ။

(၂) အဆုံးမခက်၊ သူမိုက်ပျက်၊ အသက်ဆုံးရရှာ။

(၃) လေဝေရမ္ဘ၊ တိုက်သေရ၊ လင်းတမင်းပမာ။

ဂိဇ္ဈဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ