ခေမာထေရီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဥပ္ပလဝဏ်ထေရီ သည် ဗုဒ္ဓ မြတ်စွာဘုရားရှင်တော်မြတ် လက်ထက်တော်တွင် ပညာကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်သည်။ ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် ပညာ ကြီးမားလှသောကြောင့် အများကပင် အံ့ဩကြည်ညိုကြသည်။ ခေမာသည် လည်းကောင်း၊ ဥပ္ပလဝဏ်သည် လည်းကောင်း ဤဗုဒ္ဓမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်လတ္တံ့။ ဟု ကောဏ္ဍညဗုဒ္ဓဘုရားဟောခဲ့သည်။

အမည်[ပြင်ဆင်ရန်]

သာဂလ အမည်ရှိသော တိုင်းပြည်တွင် ခေမာမိဖုရားကို ဖွားမြင်သည်။ ခေမာမိဖုရားကို ဖွားမြင်သောအခါ စိုးရိကြောင့်ကြခြင်း(ဥပဒ္ဒဝေါ) ဖြစ်ပေါ်ခြင်း အလျင်းမရှိ၊ အိမ်တော်တစ်ခုလုံးသည်လည်း အေးငြိမ်းချမ်းသာစွာ ဖြစ်လေသောကြောင့် ခေမာမိဖုရားဟု အမည်တွင်၏။ ခေမာမိဖုရား၏ ကိုယ်ရောင်အဆင်းသည် ရွှေစင်ကဲ့သို့ ဝင်းဝါတင့်တယ်၏။ သူမ၏ အဆင်းသည် နှစ်သက်မြတ်နိုးဖွယ် အလွန်ကောင်း၏။ ခေမာမိဖုရား အရွယ်ရောက်လာသောအခါ ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီး၏ မိဖုရား ဖြစ်လာသည်။ [၁]

ဘုရားရှင်အား မဖူးဝံ့[ပြင်ဆင်ရန်]

ရာဇဂြိုဟ်ပြည်ရှင် ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားသာသနာအပေါ် အလွန်ကြည်ညိုကိုင်းရှိုင်း၏။ ရာဇဂြိုဟ်ပြည်၏ တောင်ဘက်အရပ်တွင်ရှိသော ဝေဠုဝန်ကျောင်းတော်သည် သုံးဂါဝုတ်သာ ခြား၏။ ထိုသို့ နီးပင်နီးသော်ငြားလည်း ခေမာမိဖုရားသည် မြတ်စွာဘုရားအား မဖူးဝံ့ ဖြစ်နေရှာသည်။ ခေမာမိဖုရား၏ စိတ်သန္တာန်တွင် မြတ်စွာဘုရားသည် အဆင်းတင့်တယ်သူကို ချီးမွမ်းခြင်းမပြု၊ အဆင်းကို တပ်မက်ခြင်းသည် ပစ္စုပ္ပန်၊ သံသရာတို့၏ အပြစ်ဖြစ်သည်ဟု ကဲ့ရဲ့သည်ဟု ကြားသိကာ မြတ်စွာဘုရားအား မဖူးဝံ့ မမြော်ဝံ့ ဖြစ်ရရှာသည်။ [၁]

ဘုရားရှင်နှင့် တွေ့ပုံ[ပြင်ဆင်ရန်]

မင်းကြီးကလည်း မိမိသည် ဘုရားဒါယကာဖြစ်ပါလျက် မိဖုရားဖြစ်သူမှာ ဘုရားရှင်အား မဆည်းကပ်မကိုးကွယ်ဘဲ နေမည်ဆိုပါက မသင့်လျော်ပေ။ ထို့ကြောင့် မိဖုရားအား ဘုရားရှင်ကို ကြည်ညိုကိုင်းရှိင်းရိုကျိုးလာစေရန် ကြံဆောင်လေ၏။ မင်းကြီးသည် မြတ်စွာဘုရားသီတင်းသုံးတော်မူရာ ဝေဠုဝန်ဥယျာဉ်၏ အလွန်သယာနှစ်သက်ဖွယ်ကောင်းပုံကို သီချင်းသီကုံးစေ၏။ ထို့နောက် သီချင်းအား ခေမာမိဖုရားကြားလောက်သော အရပ်မှ သီချင်းကို သီဆိုစေ၏။ ထိုသီချင်းကို ကြားလျှင် ခေမာမိဖုရားသည် ဝေဠုဝန်ဥယျာဉ်ကို ကြည့်တော်မူလိုသော စိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာ၏။ ထို့နောက် မင်းကြီးအား ဥယျာဉ်အား ကြည့်လိုကြောင်း သွားရောက်လျောက်ထား၏။

မင်းကြီးလည်း မိဖုရားအား “မိဖုရား သွား၍ ရှုချေကာမူ ဝေဠုဝန်ဥယျာဉ်ကား သဘောစင်စစ်လျှင် မျက်စိအရသာကို ဆောင်တတ်၏။ သစ်သီးပန်းမန် အရောင်အဝါဖြင့်လျှင် အခါခပ်သိမ်း ဥယျာဉ်သည် တောက်ပ၏။ ဘုရားသခင်၏ အရောင်အဝါတို့ဖြင့် ဥယျာဉ်တော်သည် မွေ့လျော်ဖွယ် ကောင်း၏။ မိဖုရား ဥယျာဉ်ကို မြင်ဖူးအောင် မြင်အောင် ကြည့်ခဲ့လေ၊ ဘုရားသခင်ကိုလည်း ဖူးမြင်ခဲ့ပါ၊ မမြင်ဖူးဘဲ မပြန်အပ်” ဟု ဆိုလေသည်။

မိဖုရားလည်း မင်ကြီး၏ စကားကို အာမမခံဘဲ ထွက်သွားလေသည်။ မိဖုရားသွားသော အချိန်သည် မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူသည့် အချိန်နှင့် တိုက်ဆိုင်သွားသည်။ မင်းကြီးလည်း မိဖုရား၏ နောက်သို့ လိုက်လံချောင်းမြောင်းကြည့်ရှုစေ၏။ မိဖုရားအား ဥယျာဉ်ကို ကြည့်ရှုစေရုံမျှနှင့် မပြန်စေနှင့်၊ ဘုရားသခင်ကို ဖူးမြော်စေပြီးမှ ပြန်အောင် ဆောင်ရွက်ရန် မှာလိုက်၏။ မိဖုရားသည်လည်း ဥယျာဉ်ကို ကြည့်၍ ပြီးဆုံးလျှင် ပြန်မည်ဟု ဆုံးဖြတ်ထား၏။ သို့သော် ချောင်းမြောင်းသူ မင်းချင်းတို့သည် မိဖုရားကို မြတ်စွာဘုရားထံသို့ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ [၁]

အကျွတ်တရား ရပုံ[ပြင်ဆင်ရန်]

မိဖုရားသည် ကျောင်းတော်တွင် မရှိဟု ထင်မှတ်ကာ ဂန္ဓကုဋိတိုက်သို့ ဝင်သွား၏။ မြတ်စွာဘုရားသည် မိဖုရားဝင်လာသည်ကို မြင်တော်မူသောအခါ အပါးတွင် ယပ်ခတ်တော်မူနေသည့် နတ်သမီးတစ်ယောက်ကို ဖန်ဆင်း၏။ ခေမာမိဖုရား၏ စိတ်ထဲတွင် အလွန်တရာ ဆင်းရည်ရုပ်ဝါ လှပတင့်တယ်သော အဖြစ်ကို မိမိကိုယ်တိုင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးပါတကားဟု အံ့ဩချီးမွမ်း၏။ မိဖုရားလည်း ကြည့်နေဆဲမှာပင် မြတ်စွာဘုရားသည် အဓိဋ္ဌာန်တန်ခိုးဖြင့် ယပ်တော်ခံလျက်ရှိသည် သတို့သမီး၏ ရုပ်ရည်ကို ငယ်ရွယ်နုပျိုသော အရွယ်မှ သူလတ်အရွယ်သို့ ဖန်ဆင်းကာ ဖြစ်ပေါ်စေ၏။ ထို့နောက် သူလတ်အရွယ်မှသည် သူအိုအရွယ်သို့ ပြောင်းစေကာ သူအိုတို့၏ လက္ခဏာဖြစ်ကြသော အသားအရေပိန်လှီခြောက်ကပ်ခြင်း၊ သွားပါးများကို အကျိုးကျိုးဖြစ်ခြင်း၊ ဦးခေါင်းထက်မှ ဆံပင်တို့၏ ဖြူဖြူဖွေးခြင်းစသည့် မတည်မမြဲ ဖောက်ပြန်တတ်သော ရုပ်ခန္ဓာကြီးကို ဖြစ်ပေါ်စေသည်။ မူလက တင့်တယ်လှပခဲ့သော သတို့သမီးအရွယ် ပြေပြစ်နုနယ်လှပသော အဆင်းတို့သည် ဖောက်လဲဖောက်ပြန်ဖြစ်ပေါ်လာသည်ကို မြင်ရသော ခေမာမိဖုရားသည် ဝင်သက်ထွက်သက်တို့သည် မငြိမ်မသက် ရှူးရှူးရှားရှားဖြစ်ပေါ်လာကာ စိတ်ထဲဝယ် မသက်မသာ ဖြစ်ရလေသည်။ ထို့နောက် ဤသို့ ဖောက်ပြန်သော ခန္ဓာကိုယ်ကဲ့သို့ ငါ၏ ခန္ဓာကိုယ်သည်လည်း အတူတူပင်ဖြစ်၏၊ ငါသည်လည်း ထိုခန္ဓာကိုယ်ကဲ့သို့ အိုရ၊ နာရ၊ သေရ မည်မှာ မလွဲပါလားဟု ကြီးစွာသော သံဝေဂများ ဖြစ်ပေါ်လေသည်။ [၁]

လူအဖြစ်နှင့်ပင် ရဟန္တာမ ဖြစ်ခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားရှင်သည်လည်း ခေမာမိဖုရား၏ ရင်တွင်းရှိ စိတ်အကြံကို သိတော်မူလေသည်။ မြတ်စွာဘုရားသည် ခေမာမိဖုရားအား “ကိုယ်နှင့် ဤသို့ ဖောက်ပြန်သော သတို့သမီး၏ ကိုယ်သည် အတူတူပင် ဖြစ်၏။ သတို့သမီး၏ ကိုယ်သည် ဖောက်ပြန်သည်ကို မြင်သော် နှစ်လိုတပ်မက်ဖွယ်မရှိသည်အတူ မိမိကိုယ်သည်လည်း မချွတ်ဖောက်ပြန်မည် ဖြစ်သောကြောင့် မနှစ်လိုအပ်၊ မတပ်မက်အပ်ဟု မြတ်စွာဘုရားသည်” ဟောကြားတော်မူ၏။ ဘုရားသခင်ဟောကြားသော တရားတော် ဆုံးတော်မူသောအခါ ခေမာမိဖုရားသည် ရဟန္တာမအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုသို့ ရဟန္တာမ ဖြစ်သောနေရာ၌ပင် ဘုရားရှင်အပေါ် ယခင်က အမှတ်မှားခဲ့မိသည်များကို ကန်တော့၍ တောင်းပန်၏။

ထိုနေ့၌ပင် ခေမာမိဖုရားသည် မြို့ထဲသို့ ဝင်သွား၍ ဗိမ္ဗိသာရမင်းကြီးထံမှ ရဟန်းပြုခွင့်တောင်း၏။ မိဖုရား၏ ခွင့်တောင်းသော စကားကို ကြားလျှင် မင်းကြီးသည် လက်အုပ်ချီကာ “မိခင် အလိုအတိုင်း ဖြစ်စေတော့” ဟု ခွင့်ပြုကာ အဆောင်အရွက်တို့ဖြင့် ရဟန်းမိန်းမတို့၏ ကျောင်းဆောင်သို့ပို့ကာ ရဟန်းပြုစေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ပါရာယနဝတ္ထု