ကောသိယသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ

ကောသိယသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိယပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် အာဠဝီမြို့၊ အဂ္ဂါဠစေတီတွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပိုးလုပ်သူတို့ထံ ချဉ်းကပ်၍ “ဒါယကာတို့ များစွာသော ပိုးကောင်တို့ကို ပြုတ်ကြလော့၊ ငါတို့အားလည်း ပေးကြလော့၊ ငါတို့သည်လည်း ပိုးချည်နှင့် ရောသော အခင်းကို ပြုလုပ်ခြင်းငှါ အလိုရှိသည်” ဟု ဆို၏။

ထိုအခါ ပိုးလုပ်သူတို့သည် “မိမိတို့ပင် အသက်မွေးမှုကြောင့် လည်းကောင်း၊ သား မယားကြောင့်လည်းကောင်း၊ ငယ်သော များစွာသော သတ္တဝါတို့ကို သတ်ကြရ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အဘယ်ကြောင့် ပိုးချည်နှင့်ရောသော အခင်းကို အလိုရှိသည်ဟု ဆိုကြသနည်း” ဟု ကဲ့ရဲ့ကြ၏။ ထို့နောက်အလိုနည်းသော ရဟန်းတို့သည်လည်း ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလား” ဟု မေးမြန်း၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း “ဟုတ်မှန်ကြောင်း” ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ်[ပြင်ဆင်ရန်]

“အကြင်ရဟန်းသည် ပိုးချည်နှင့်ရောသော အခင်းကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်