ကောရဏ္ဍိယဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ပဉ္စကနိပါတ် - ၁။ မဏိကုဏ္ဍလဝဂ် -(၃၅၆) - ကောရဏ္ဍိယဇာတ် မြင်မြင်သမျှ လူတို့ကို သီလအစောင့်ခိုင်းသော တက္ကသိုလ်ဆရာကြီးအား သဘောမကျသဖြင့် ချောက်ကြီးကို ခဲလုံးငယ်တို့ဖြင့် ပစ်ကာ ပစ်ကာပြု၍ သတိပေးသော ကောရဏ္ဍိယလုလင် အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]သီလစောင့်လော တိုက်တွန်းပြော
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရှင်သာရိပုတ္တရာသည် မုဆိုး၊ တံငါ စသော ဒုဿီလတို့အား မြင်တိုင်း မြင်တိုင်း သီလကို ယူကုန်လော၊ သီလကို ယူကုန်လောဟု ပြောဆိုတိုက်တွန်းကာ သီလကို ပေးလေ့ရှိ၏။ ထိုသူတို့သည် မထေရ်ကို ရိုသေသဖြင့် စကားကို မပယ်ဝံ့ဘဲ သီလကို ခံယူကြကုန်၏။ ခံယူကြပြီးလျှင် မစောင့်ရှောက်ကြကုန်၏။ မိမိတို့ ပြုမြဲတိုင်း အမှုကိုသာ ပြုကြကုန်၏။
ထိုအခါ ရှင်သာရိပုတ္တရာသည် တပည့်တို့အား “ငါ့ရှင်တို့ … ဤမည် ဤမည်သော သူတို့သည် ငါ့ထံ၌ သီလယူကြကုန်လျက် မစောင့်ရှောက်ကြကုန်” ဟု ပြောကြား၏။ “အရှင်ဘုရား … အရှင်ဘုရားသည် အလိုမရှိဘဲလျက် သီလကို ပေးလေ၏၊ လူတို့သည် အရှင်ဘုရားကို ရိုသေသဖြင့် စကားကို မပယ်ဝံ့၍ သာ ခံယူကြရကုန်၏၊ ယနေ့မှစ၍ အလိုမရှိသော သူတို့အား သီလကို မပေးပါလင့်” ဟု လျှောက်ထားကြကုန်၏။ မထေရ်သည် နှစ်သက်တော်မမူ။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ရှင်သာရိပုတ္တရာအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … သာရိပုတ္တရာသည် ယခုအခါ၌ သာ မြင်တိုင်း မြင်တိုင်းသော သူတို့အား သီလကို ပေးသည်မဟုတ်၊ ရှေးအခါ၌ လည်း ပေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]သီလစောင့်ရေး တိုက်တွန်းပေး
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြ`ဟမဒတ်မင်း မင်းပြုသည်ရှိသော ဘုရားအလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်အားဖြင့် ကောရဏ္ဍိယဟု ခေါ်ကြသတတ်။ ထိုကောရဏ္ဍိယသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ဆရာကြီးထံ ပညာသင်ကြားလျက် တပည့်ကြီး ဖြစ်လေ၏။
ထိုတက္ကသိုလ်ဆရာကြီးသည် မြင်တိုင်း မြင်တိုင်းသော သူတို့အား သီလကို ယူကြကုန်လော၊ သီလကို ယူကြကုန်လော့ဟု တိုင်တွန်း၍ သီလကို ပေးလေ့ရှိ၏။ လူတို့သည် သီလယူပြီး၍ မစောင့်ရှောက်ကြကုန်။ ထိုအခါ ဆရာကြီးသည် တပည့်တို့အား ထိုအကြောင်းကို ပြောကြားလေ၏။ တပည့်တို့သည် “ဆရာကြီး … လူတို့ အလိုမရှိကုန်ဘဲလျက် သီလကို ပေးဘိ၏၊ ထိုကြောင့် လူတို့သည် မစောင့်ရှောက် ကြကုန်၊ ယနေ့ကစ၍ တောင်းသောသူတို့အားသာ သီလကို ပေးပါလော့၊ မတောင်းသောသူတို့အား မပေးပါလင့်” ဟု ပြောကြကုန်၏။ ဆရာကြိးသည် နှလုံးမသာ ဖြစ်လေ၏။ နောက်အခါ၌ လည်း မြင်တိုင်း မြင်တိုင်းသော သူတို့အား ပေးပြန်၏။
ဆရာပြောချင် ပရိယာယ်ဆင်
[ပြင်ဆင်ရန်]တစ်နေ့သ၌ လူတို့သည် ပုဏ္ဏားတို့အား မင်္ဂလာရွတ်ရန် ပင့်ဖိတ်ကြကုန်၏။ ဆရာကြီးသည် ကောရဏ္ဍိယကို ခေါ်၍ “အမောင် … မင်္ဂလာရွတ်ရာသို့ ငါ မလိုက်လို၊ ပုဏ္ဏားလုလင် ငါးရာကို ခေါ်၍ သင်သွားလေ၊ ပူဇော်သက္ကာရ အလှူဝတ်ကို ခံယူ၍ ငါ့အဖို့လည်း ဆောင်ယူခဲ့လော့” ဟု မှာကြားလိုက်၍ လွှတ်လိုက်၏။ ကောရဏ္ဍိယလုလင်သည် မင်္ဂလာရွတ်ရာသို့သွား၍ ပြန်လတ်သော် ခရီးလမ်းကြား၌ ချောက်တစ်ခု မြင်လျှင် ငါတို့ဆရာသည် မတောင်းဘဲ မြင်တိုင်း မြင်တိုင်းသော သူတို့အား သီလကို ပေးဘိ၏၊ ယနေ့မှစ၍ တောင်းသောသူတို့အားသာလျှင် သီလပေးအောင် ငါ ပြုမည်ဟု ကြံစည်ပြီးလျှင် တစ်ပါးသော လုလင်တို့ ချမ်းသာစွာနေကုန်စဉ် ထ၍ ကြီးစွာသော ကျောက်ခဲတို့ကို ချီ၍ ချောက်ထဲသို့ အဖန်ဖန် ချလေ၏။
ဆရာလောမေး အဖြေပေး
[ပြင်ဆင်ရန်]ထိုအခါ ကောရဏ္ဍိယလုလင်ကို တစ်ပါးသော လလင်တို့သည် “ဆရာ … အဘယ်ကြောင့် ဤသို့ ပြုဘိသနည်း” ဟု မေးကြသော်လည်း တစ်စုံတစ်ခုသော စကားကိုမျှ မဆို၊ ထိုအခါ လုလင်တို့သည် လျင်စွာ သွားကုန်၍ ဆရာကြီးအား ထိုအကြောင်းကို ပြောကြကုန်၏။ ဆရာကြီးလည်း လျင်စွာ လာလတ်၍ -
“ကောရဏ္ဍိယ … သင်သည် တော်ထဲ၌ လျင်မြန်စွာ ကျောက်ခဲကြီးတို့ကို ယူ၍ ယူ၍ အဖန်ဖန် ချောက်ထဲသို့ ချဘိ၏၊ ဤချောက်ကို ဖို့ရာ၌ သင့်အား အဘယ်အကျိုးရှိသနည်း”
ဟု ကောရဏ္ဍိယအား မေးလေ၏။ ကောရဏ္ဍိယသည် ဆရာကြီး၏ စကားကို ကြားလျှင် -
“ဆရာကြီး … မြစ်သမုဒ္ဒရာတို့ တည်ရာဖြစ်သော ဤမြေကြီးကို မြေတောင်ကျောက်တောင်တို့ကို ဖြို၍ လက်ဝါးပြင်ကဲ့သို့ ညီညွတ်အောင် ပြုမည်၊ ထို့ကြောင့် အကျွန်ုပ်သည် ကျောက်ခဲကြီးတို့ကို ယူ၍ ယူ၍ ချောက်ထဲသို့ ချပါ၏”
ဟု ဆရာကြီး ပြန်ကြားပြောဆိုလေ၏။
ဥပမာပြောမှ သတိရ
[ပြင်ဆင်ရန်]ကောရဏ္ဍိယ စကားကိုကြားလျှင် ဆရာကြီးသည် -
“ကောရဏ္ဍိယ … တစ်ယောက်တည်းသော လူသည် လက်ဖြင့်ပြုလုပ်၍ ညီညွတ်အောင် ပြုခြင်းငှာ မတတ်ကောင်း၊ ဤချောက်ကိုပြည့်စေခြင်းငှာ ကျောက်ခဲတို့ကို ရှာစဉ် သင်သည် အသက်ရှည်သော လူ့ပြည်ကို စွန့်ရလိမ့်မည်ဟု ငါထင်မိ၏ -
ဟု ကောရဏ္ဍိယအား အကြောင်းပြကာ ပြောဆိုပြန်၏။ ကောရဏ္ဍိယလုလင်သည် ထိုစကားကို ကြားလျှင် -
“ဆရာကြီး … လူတစ်ယောက်ဖြစ်သော အကျွန်ုပ်သည် ဤမြေကြီးကို ညီညွတ်အောင် ပြုခြင်းငှာ အကယ်၍ မစွမ်းနိုင်ပါမူ ဤအတူ ဆရာကြီးလည်း အထူးထူး အပြားပြား များစွာသော အယူရှိကုန်သော ဤသူတို့ကို သင့်အလိုသို့ ဆောင်ခြင်းငှာ စွမ်းနိုင်လိမ့်မည် မဟုတ် ” –
ဟု ဆရာကြီးကို ဥပမာ ဥပမေယျဖြင့် ပြောဆိုပြန်၏။
တပည့်ဉာဏ်စွမ်း ဆရာချီးမွမ်း
[ပြင်ဆင်ရန်]ထိုအခါ ဆရာကြီးသည် မိမိ၏ အမူအရာကို မနှစ်သက်၍ ပြုလုပ်ကြောာင် သိသဖြင့် “ကောရဏ္ဍိယ … သင်သည် သင့်လျော်သောစကားကို ဆိုဘိ၏၊ ယခုအခါ ငါသည် ဤသို့ သဘောရှိသောအမှုကို မပြုတော့အံ့” ဟု ဝန်ခံကာ မိမိကိုယ်ကို ဆန့်ကျင်သောအဖြစ်ကို သိသဖြင့် -
“ကောရဏ္ဍိယ … သင်ကား ငါ့ကို အကျဉ်းချုပ် ဥပမာဖြင့် အကျိုးစီးပွားကို ပြောဆိုဘိ၏၊ သင့်စကားသည် သင်ဆိုတိုင်း မှန်ပေ၏၊ ဤမြေကြီးကို ညီညွတ်အောင် ပြုခြင်းငှာ မတတ်ကောင်းသကဲ့သို့ ထို့အတူ လူတို့ကို ညီညွတ်အောင် ပြုခြင်းငှာ မတတ်ကောင်းပေ” –
ဟု ကောရဏ္ဍိယကိုလည်း ချီးမွမ်းပြီးလျှင် အိမ်သို့ခေါ်၍ သွားလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ တက္ကသိုလ်ဆရာကြီးသည် - ယခုအခါ သာရိပုတ္တရာ။
ကောရဏ္ဍိယလုလင်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) တောင်းခံလာကြ၊ ကျင့်သီလ၊ ပေးမှသင့်သည်သာ။
(၂) မြင်မြင်တိုင်းလူ၊ ပေးပြန်မူ၊ စောင့်သူရခဲစွာ။
(၃) လူဟူသမျှ၊ ကျင့်သီလ၊ ညီမျှပြုခဲစွာ။
(၄) တောင်, ချိုင်, မြစ်တွေ၊ တည်သည့်မြေ၊ ညီစေပြုခဲစွာ။
ကောရဏ္ဍိယဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။