ကောမာရပုတ္တဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၉၉) ကောမာရပုတ္တရဇာတ်။ ။ ပျော်ရွှင်မြူးထူး အကစားကြူးသည့် မျောက်ရူးကိုပင် ငြိမ်သက်အောင် ဆုံးမခြင်းငှာ စွမ်းနိုင်သော ကောမာရပုတ္တရသေ့အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]စကားများထွေ ထိတ်လန့်စေ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် ကစားလေ့ရှိကြကုန်၏။ ပြာသာဒ် အထက်ထပ်တွင် မြတ်စွာဘုရား သီတင်းသုံးတော်မူသည်ရှိသော် အောက်ထပ်တွင် နေထိုင်ကာ မြင်ဖူး၊ ကြားဖူးသော စကား အစရှိသည်တို့ကို ပြောဆိုကြကုန်လျက် ခိုက်ရန်ပြုကြကုန်၏။ ပြက်ရယ်လည်း ပြုကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်ကို ခေါ်တော်မူ၍ “ရဟန်းတို့ကို ထိတ်လန့်အောင်ပြုလော့” ဟု မိန့်တော်မူ၏။ ရှင်မောဂ္ဂလာန်သည် ကောင်းကင်သို့ ပျံတက်ကာ ပြာသာဒ်ထုပိကာကို ခြေမတော်ဖြင့် တိုက်ခတ်လျက် ပြာသာဒ်တစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်စေ၏။ ရဟန်းတို့လည်း သေဘေးမှ ကြောက်ရွံ့ကြသဖြင့် ပြင်ပ၌ထွက်၍ နေကုန်၏။ ထိုရဟန်းတို့ ကစားတတ်သော အလေ့သည် သံဃာ့ဘောင်တွင် ထင်ရှားလေ၏။
တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ ... တချို့ရဟန်းတို့သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြုပါလျက် ကစားသော အလေ့ဖြင့် နေကြကုန်၏၊ ကမ္မဋ္ဌာန်းတရားကို အားမထုတ်ကြကုန်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... ထိုရဟန်းသည် ယခုအခါ၌သာ ကစားတတ်သောအလေ့ရှည်သည် မဟုတ်၊ ရှေးအခါ၌လည်း ကစားတတ်သောအလေ့ ရှိဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ရသေ့ပျော်မြူး ကစားကြူး
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ပုဏ္ဏားမျိုး၌ဖြစ်၍ ကောမာရပုတ္တဟု အမည်တွင်၏။ ထိုကောမာရပုတ္တသည် နောက်အဖို့၌ နောက်အဖို့၌ တောထွက်ကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာအရပ်၌ နေ၏။
ထိုအခါ ကစားတတ်သော အလေ့ရှိသော တခြားရသေ့တို့သည် ဟိမဝန္တာအရပ်မှာပင် ကျောင်းဆောက်ကာ နေလာကုန်၏။ ထိုရသေ့တို့အား ကသိုဏ်း ပရိကံမျှလည်း မရှိကုန်။ ရယ်မြူးကုန်လျက် အထူးထူးအပြားပြားအားဖြင့် ကစားပျော်မွေ့ကာ အချိန်ကာလကို ကုန်လွန်စေကြ၏။ ထိုရသေ့တို့ထံဝယ် မျောက်တစ်ကောင်လည်း ရှိ၏။ ထိုမျောက်လည်း ရသေ့တို့ကဲ့သို့ ကစားတ်သောအလေ့ရှိ၏။ မျက်နှာကို ရှုံ့မဲ့ကာ အထူးထူးအပြားပြားပြုလျက် ကစားကာနေ၏။
သူတော်နှင့်တွေ့ မျောက်သိမ်မွေ့
[ပြင်ဆင်ရန်]ရသေ့တို့သည်လည်း ထိုအရပ်၌ ကြာမြင့်စွာ နေကုန်လျက် ချဉ်ဆားမှီဝဲရန် အရပ်တစ်ပါးသို့ သွားကြကုန်၏။ ထိုအခါ ကောမာရပုတ္တ ရသေ့သည် ထိုအရပ်သို့သွား၍နေ၏။ မျောက်လည်း ရှေ့ကရသေ့ကဲ့သို့ မှတ်ထင်ကာ ကစားခြင်းကိုပြု၏။ ရသေ့လည်း လုပ်ခုပ်တီး၍ ကောင်းသောအကျင့်ရှိသော ရသေ့တို့ထံ နေသောသူ မည်သည်ကား ကောင်းသောအကျင့်နှင့် ပြည့်စုံရာ၏၊ ကိုယ်၊ နှုတ်၊ နှလုံးစောင့်ရှောက်ရာ၏ဟု ပြောဆိုကာ အဆုံးအမကို ပေးလေ၏။ မျောက်လည်း ထိုအခါမှစ၍ သီလအကျင့်နှင့် ပြည့်စုံ၍လာလေ၏။ ကောမာရပုတ္တရသေ့လည်း အရပ်တစ်ပါးသို့ သွားပြန်၏။
ထိုအခါ ကစားလေ့ရှိသော ရသေ့တို့သည် ထိုအရပ်သို့ လာကြပြန်ကုန်၏။ မျောက်သည် ရှေးအခါကကဲ့သို့ ရသေ့တို့အား ကစားခြင်းကို မပြုလေ။ ထိုအခါ ရသေ့တို့သည် မျောက်အား -
“အချင်း မျောက် ... သင်ကား ရှေးအါကကဲ့သို ငါတို့ထံ သက်ဝင်ရောနှောကာ အဘယ်အကြောင့် မကစားဘိသနည်း၊ ကျောင်း၌ မျက်နှာကို ရှုံ့မဲ့ကာ အဘယ်ကြောင့် မကစားဘိသနည်း၊ ဤမျောက် ဖြစ်နေသော အလေ့အကျင့်ကို ငါတို့ မနှစ်သက်ကုန်” - ဟု ပြစ်တင်ကဲ့ရဲ့ကာ ပြောဆိုကြကုန်၏။ မျောက်သည် ရသေ့တို့စကားကိုကြားလျှင် ရသေ့တို့အား -
“အို-ရသေ့တို့ ... အကြားအမြင် ဗဟုသုတရှိသော ကောမာရပုတ္တရသေ့၏ အလွန်စင်ကြယ်သော အဆုံးအမကို ငါ ပြောဆိုမည် သင်တို့ နားထောင်ကြလော့၊ ယခုအခါ ငါ့ကို ရှေးအခါကကဲ့သို့ မအောက်မေ့ကြလင့်၊ ဆရာကောင်းကို ရရှိပြီဖြစ်၍ ဈာန်ရဖို့ အားထုတ်ကာ နေ၏” –
ဟု ပြန်ကြား ပြောဆိုလေ၏။ ထိုအခါ ရသေ့တို့သည် မျောက်၏စကားကိုကြားလျှင် -
“ဟယ်-မျောက် ... ကျောက်ဖျာ၌ စိုက်ပျိုးအပ်သော မျိုးစေ့သည် မိုးပင်ရွာသော်လည်း မပေါက်နိုင်ရာ၊ သင်ကား မွန်မြတ်စင်ကြယ်သော ဈာန်တရားကို ကြားရုံမျှသာ ကြားရ၏၊ သင် ဈာန်တရားအရာမှ ဝေးလှ၏” –
ဟု ပြောဆိုကဲ့ရဲ့ ကြကုန်၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ကစားလေ့ရှိသော ရသေ့များသည် - ယခုအခါ ကစားလေ့ရှိသော ရဟန်းများ။
ကောမာရပုတ္တရသေ့သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ရဟန်းတရား၊ မပြုငြား၊ ကစားအလေ့ပါ။
(၂) မျောက်ထက်ကဲသား၊ ရသေ့များ၊ ကစားထုံးနည်းလာ။
ကောမာရပုတ္တဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။