ကောကိလဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
စတုက္ကနိပါတ် - ၄။ ကောကိလဝဂ် -(၃၃၁) ကောလိလဇာတ်။ ။ အချိန်အခါမရောက်မီ အသံပြုမိသဖြင့် ကျီးသိုက်မှ ကျီးမ၏ ထိုးဆွနှင်ထုတ်ခြင်းခံရသော ဥဩငှက်ကို သာဓကပြု၍ စကားများသော မင်းကို ဆုံးမသော အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ကျိုးကြောင်းနှိုင်းယှဉ် အပြောဆင်ခြင်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ [ပစ္စုပ္ပန်ဝတ္ထုသည် ဆိုခဲ့ပြီးသော တက္ကာရိယဇာတ်နှင့် တူ၏။]
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ကျီးသိုက်တွင်းမှ ဥဩငယ်ချ
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် မင်းကြီးအား ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ မင်းကြီးသည် စကားများ၏။ ပညာရှိအမတ်သည် ထိုင်မင်းကြီး စကားများသောအဖြစ်ကို တားမြစ်ရန် တစ်ခုသော ဥပမာကိုရှာ၍ နေ၏။
ထိုအခါ တစ်နေ့သ၌ မင်းကြီးသည် ဥယျာဉ်တော်သို့ သွား၍ မင်္ဂလာကျောက်ဖျာ၌နေ၏။ ကျောက်ဖျာထက်ရှိ သရက်ပင်လည်း ရှိ၏။ ထိုသရက်ပင်တွင် ကျီးသိုင်တစ်ခု၌ ဥဩမသည် မိမိဥကိုထား၍ သွားလေ၏။ ကျီးမသည် ဥဩဥကို မိမိဥမှတ်၍ စောင့်ရှောက်၏။ ကျီးမသည် င့ါသား ဟူသောအမှတ်ဖြင့် အစာကိုချီကာ ဥဩငယ်ကို မွေးမြူလေ၏။
ဥဩငယ်သည် အခါမဟုတ် အမွေးအတောင် မစုံမီကပင် ဥဩသံကို မြည်၏။ ထိုအခါ ကျီးမသည် ဤငှက်ငယ်ကား ယခုအခါကပင် အခြားငှက်သံကို မြည်ဘိ၏၊ ကြီးသောအခါ အသို့ ပြုလတ္တံ့နည်းဟု နှုတ်သီးဖြင့်ထိုးသတ်ကာ အသိုက်မှ ချလေ၏။ ဥဩငှက်ငယ်သည် မင်းကြီး၏ ခြေက်ရင်း၌ ကျလေ၏။
ဥပမာပြ လျှောက်ထားရ
[ပြင်ဆင်ရန်]ထိုအခါ မင်းကြီးသည် ပညာရှိအမတ်ကို “ပညာရှိ ...ဤဥဩငယ် ကျလာခြင်းကား အကြောင်း အသို့ရှိသနည်း” ဟု မေး၏။ ပညာရှိအမတ်သည် ငါကား မင်းကြီး စကားများသည်ကို တားမြစ်မည်ဟု ဥပမာတစ်ခိုကိုရှာနေရာ ယခုရခဲ့ပြီဟု ကြံစည်ကာ “အရှင်မင်းကြီး ... အလွန် နှုတ်ကြမ်း၍ အခါမဟုတ်သည်၌ စကားများသောသူတို့သည် ဤဥဩငှက်ငယ်ကဲ့သို့ ဆင်းရဲရမြဲ ဖြစ်ကုန်၏၊ ဤဥဩငယ်ကား ဥဩမ၏သား ဖြစ်သည်၊ အခါမဟုတ် အမွေးအတောင် မစုံမီက ဥဩသံကို မြည်မိသောကြောင့် ကျီးမသည် ဤငှက်ငယ်ကား ငါ့သားမဟုတ်ဟုသိ၍ နှုတ်သီးဖြင့် ထိုးသတ်သကာ အသိုက်မှ ချဘိ၏၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အခါမဟုတ်သည်၌ စကားများသောသူတို့သည် ဤသို့သော ဆင်းရဲကို ရကုန်၏”ဟု လျှောက်ထားပြီးလျှင် -
“အရှင်မင်းကြီး ... အခါမဟုတ် အမွေးအတောင်မစုံမီ မြည်မိသော ဥဩငှက်ငယ်သည် သေရသကဲ့သို့၊ ထို့အတူ အခါကာလသို့ မရောက်မီ အပိုင်းအခြားကိုလွန်၍ စကားပြောဆိုမိသောသူသည် စင်စစ် သေရ၏”
“အရှင်မင်းကြီး ... မကောင်းသဖြင့် ဆိုအပ်သော စကားသည် ခဏချင်းသတ်သကဲ့သို့၊ ကောင်းစွာ သွေးထားအပ်သော ဓားသည် မသတ်ပေ၊ မကောင်းသဖြင့် ဆိုအပ်သော စကားသည် ခဏချင်း သတ်သကဲ့သို့၊ လတ်တလော သေစေတတ်သော အဆိပ်သည် မသတ်ပေ၊ ထိုကြောင့် ပညာရှိသည် အခါကာလ ဟုတ်သည်၌ လည်းကောင်း၊ မဟုတ်သည်၌ လည်းကောင်း စကားကို စောင့်ရှောက်ရာ၏၊ စင်စစ်သဖြင့် မိမိနှင့် သဘောတူသူထံ၌လည်း အပိုင်းအခြားကို လွန်၍ မပြောဆိုရာ” –
“ဂဠုန်မင်းသည် နဂါးကို ဖမ်းယူသကဲ့သို့၊ ဉာဏ်ပညာ ရှေ့သွားရှိသော ပညာရှိကား လျောက်ပတ်သောအခါ နှိုင်းယှဉ်အပ်သော စကားကို ဆိုရာ၏၊ ပညာရှိကား ရန်သူ အလုံးစုံကို ဖမ်းယူနိုင်၏” –
ဟု မင်းကြီးအား တရားဟောလေ၏။ မင်းကြီးလည်း ပညာရှိအမတ်၏ တရားစကားကို ကြားရလျှင် ထိုအခါမှစ၍ လျှောက်ပတ်သောအခါ အတိုင်းအရှည်ရှိသော စကားကိုသာ ပြောဆိုလေ၏။ ပညာရှိအမတ်အားလည်း ကြည်ညိုသဖြင့် စည်းစိမ်ဥစ္စာများစွာကို ပေးလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဥဩငှက်သည် - ယခုအခါ ကောကာလိက။
ပညာရှိအမတ်သည် - ငါဘုရားဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) နှိုင်းယှဉ်, ပိုင်းခြား၊ ချိန်ရောက်ငြား၊ စကားကောင်းစွာဆို။
(၂) စကားဖြင့်သာ၊ ပညဝါ၊ လိုရာပြီးသကို။
(၃) စကားဖြင့်သာ၊ ယူယုတ်မာ၊ လျှင်စွာပျက်သကို။
ကောလိကဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။