ကေဠိသီလဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၆။ ဒဠှဝဂ် -၂၀၂ - ကေဠိသီလဇာတ်။ ။ လူအို၊ လှည်းအို၊ နွားအို စသည်တို့ကို ကစားကျီးစယ်၍ ဂါရဝတရား ပျက်ပြားသော မင်းယုတ်အား သိကြားမင်းက လူအိုယောင်ဆောင်ကာ ဝရဇိန် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဆုံးမရခြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]သေးငယ်ပုကွ လကုဏ္ဍက
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လကုဏ္ဍက ဘဒ္ဒိယထေရ်သည် သာသနာတော်၌ ထင်ရှားကျော်စော၏။ သာယာစွာသောအသံဖြင့် တရားဟောတတ်၏။
ပဋိသမ္ဘိဒါလေးပါးကိုရ၏။ ရဟန္တာမထေရ်ကြီး ဖြစ်၏။ မသီတိမဟာသာဝကကြီး ရှစ်ကျိပ်တို့တွင် တစ်ပါးအပါအဝင်ဖြစ်၏။ အရပ်တော်ပမာဏကား သေးငယ်ပုကွ၏။ ကစားရန်သွားလာသော သာမဏေငယ်ကဲ့သို့ဖြစ်၏။ တစ်နေ့သ၌ ထို လကုဏ္ဍကဘဒ္ဒိယထေရ်သည် မြတ်စွာဘုရားကို ရှိခိုးသွားရာ ဇေတဝန်ကျောင်းတော် တံခါးမုခ်၌နေစဉ် ဇနပုဒ်မှလာသော ရဟန်းသုံးကျိပ်တို့လည်း မြတ်စွာဘုရားကို ရှိခိုးမည်ဟု ဇေတဝန်ကျောင်းတော်သို့ ဝင်သည်ရှိသော် ထိုလကုဏ္ဍကဘဒ္ဒိယထေရ်မြင်လျှင် သာမဏေကလေးဟု ထင်မှတ်ကြလျက် သင်္ကန်းစွန်းကိုဆွဲ၍ ဦးခေါင်းကို လက်ဖြင့်ကိုင်ကာ နှာခေါင်းကို ဆွဲပြီးလျှင် နားရွက်ကိုလှုပ်၍ လက်ဆော့ကစားကုန်လျက် သွားကြကုန်၏။
ပုကွကြောင်းစုံ လျှောက်ထားပုံ
[ပြင်ဆင်ရန်]ထိုရဟန်းတို့သည် မြတ်စွာဘုရားထံ ဆည်းကပ်ကာ ပဋိသန္ဓာရ ပြုပြီးလျှင် “အရှင်ဘုရား ... သာသနာတော်၌ ထင်ရှားကျော်စော၍ တရားဟောကောင်းသော လကုဏ္ဍကဘဒ္ဒိယထေရ် ဘယ်အရပ်မှာ နေပါသနည်း” ဟု လျှောက်ကြ၏။ “ရဟန်းတို့ ... သင်တို့ ဖူးမြင်လိုကြသလော” ဟု မေးတော်မူလျှင် “အရှင်ဘုရား ... ဖူးမြင်လိုကြပါသည်” ဟု လျှောက်ပြန်၏။ “ရဟန်းတို့ ... လကုဏ္ဍကဘဒ္ဒိယထေရ်ကား တံခါးမုခ်မှာ သင်တို့ လက်ဆော့၍ ကစားခဲ့သော မထေရ်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။ “အရှင်ဘုရား ... ဆုတောင်းပတ္တာနာရှိ၍ ကုသိုလ်ကံနှင့် ပြည့်စုံသော မဟာသာဝကကြီး ဖြစ်ပါလျက် အဘယ်ကြောင့် ဘုန်းတန်ခိုးနည်းရပါသနည်း”ဟု လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့ ... မိမိတို့ပြုအပ်သော မကောင်းမှုကံကို မှီ၍ ဘုန်းတန်ခိုးနည်းရသည်”ဟု မိ်န့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]လူအိုကျီစား အပါယ်လား
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သိကြားမင်း ဖြစ်လေ၏။
ထိုအခါ ဗြဟ္မဒတ်မင်းသည် အိုမင်းဟောင်းနွမ်းသော လူ၊ဆင်၊မြင်း၊ နွားလှည်း စသည်တို့ကို တွေ့မြင်လျှင် ကစားတတ်သောအလေ့ရှိ၏။ ဆင်အို၊ မြင်းအိုကိုမြင်လျှင် လိုက်စေ၏။ လှည်းအိုကို မြင်လျှင် ဖျက်စေ၏။ မိန်းမအိုကို မြင်လျှင်ခေါ်စေ၍ ဝမ်းဗိုက်၌ တွန်းထိုးကာ လဲစေ၏။ တစ်ဖန် ထစေပြီးလျှင် ထိတ်လန့်စေ၏။ ယောကျ်ားအိုကို မြင်လျှင် ကျွမ်းသမားကဲ့သို့ မြေပေါ်မှာ ကျွမ်းထိုးခိုင်း၏။ မမြင်ပြန်လျှင်လည်း လူအိုရှိသည်ဟု ကြားသော အိမ်သို့သွားစေ၍ အခေါ်ခိုင်းကာ ကစားပြန်၏။
လူတို့သည် ရှက်ကြောက်ကုန်သည်ဖြစ်၍ မိမိတို့ မိအို၊ ဖအိုတို့ကို တိုင်းပြည်တစ်ပါးသို့ ပို့ထားကြရကုန်၏။ မိဘကို လုပ်ကျွေးသောတရားသည် ကွယ်ပျောက်လေ၏။ မင်းခစားတို့လည်း မင်းကြီးကို အတုယူကာ ကစားလေ့ရှိကြကုန်၏။ သေတိုင်း၊ သေတိုင်းသော သူတို့သည် အပါယ်ဘုံသို့ သွားကြသဖြင့် နတ်ပရိသတ်တို့သည် ဆုတ်ယုတ်ကုန်၏။
လူအိုဟန်ပြ သိကြားမ
[ပြင်ဆင်ရန်]သိကြားမင်းသည် ဖြစ်လာသော နတ်သစ်တို့ကို မမြင်သည်ဖြစ်၍ ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိလျှင် ဗြဟ္မဒတ်မင်းကို ဆုံးမမည်ဟု လူအိုဟန် ဖန်ဆင်း၍ ဟောင်းနွမ်းသော အဝတ်ကို ဝတ်ဆင်ကာ လှည်းအို၌ ရက်တက်ရည်အိုးနှစ်လုံးကိုတင်လျက် နွားအိုနှစ်ကောင်ကို လှည်း၌တပ်၍ မောင်းနှင်သွားလေရာ ဗြဟ္မဒတ်မင်းကြီးလည်း ပွဲသဘင်နေ့ဖြစ်၍ တန်ဆာဆင်အပ်သော မင်္ဂလာဆင်တော်ကို စီးပြီးလျှင် မြို့ကို လှည့်လည်ခိုက်နှင့် ပက်ပင်းပါ တွေ့လေ၏။
ဗြဟ္မဒတ်မင်းကြီးလည်း လှည်းအိုကိုမြင်လျှင် မင်းချင်းတို့အား ရှေ့မှလာသော လှည်းအိုကို ဖယ်ရှားကြလောဟု ပြောဆိုလေ၏။ မင်းချင်းတို့လည်း “အရှင်မင်းကြီး ... အဘယ်မှာနည်း အကျွန်ုပ်တို့ မမြင်ကြကုန်” ဟု လျှောက်ထားကြကုန်၏။ သိကြားမင်းသည် မိမိအာနုဘော်ဖြင့် မင်းကိုသာ ပြလေ၏။
လက်နက်ပြလျက် ခြိမ်းခြောက်ချက်
[ပြင်ဆင်ရန်]သိကြားမင်းသည် မင်းကြီးနှင့် နီးကပ်လာသောအခါ လှည်းအိုကို မင်းကြီးအပေါ် ကောင်းကင်တွင် မောင်းနှင်ကာ ဦးခေါင်းပေါ်တွင် ရက်တက်ရည်အိုး တစ်လုံးကို ခွဲလျက်သွားပြီးလျှင် တစ်ဖန်ပြန်လှည့်ကာ ရက်တက်ရည်အိုး တစ်လုံးကို ခွဲပြန်၏။ မင်းကြီး၏ ဦးခေါင်းနှင့်တကွ တစ်ကိုယ်လုံးမှ ရက်တက်ရည်တို့သည် ယိုစီး၍ ကျဆင်းကုန်၏။ ထိုအခါ မင်းကြီးသည် တစ်ကိုယ်လုံး ရက်တက်ရည် ပေကျံနေသဖြင့် အလွန်ငြီးငွေ့ စက်ဆုပ်ရွံရှာ၏။ ရှက်လည်းရှက်၏။
သိကြားမင်းသည် မင်းကြီး ဆင်းရဲပင်ပန်းနေသည်ကို သိလျှင် လှည်းပျောက်ကွယ်စေ၍ သိကြားအသွင်ဖြင့် ဝရဇိန်လက်နက်ကို ကိုင်စွဲကာ ကောင်းကင်ထက်၌ ရပ်လျက် မင်းကြီးအား -
“ဟယ် - တရားမစောင့်သော မင်းယုတ် ... သင်မအိုတော့ဘူးလား၊ သင့်ကိုယ်မှာ အိုခြင်းတရား မညှဉ်းဆဲတော့ဘူးလား၊ သင်သည် သူအိုတို့ကို ကစားကျီစား၍ နှိပ်စက်ညှဉ်းဆဲဘိ၏။ သင့်ကို အတုယူကာ မင်းခစားတို့လည်း နှိပ်စက်ညှဉ်းဆဲကြကုန်၏။ သေတိုင်း၊ သေတိုင်းသောတို့သည် အပါယ်ဘုံသို့ ရောက်ကြကုန်၏။ မိဘကိုလုပ်ကျွေးရန် အခွင့်မရကြကုန်၊ သင်ဤအမှုကို မရှောင်ကြဉ်လျှင် ဤဝရဇိန်လက်နက်ဖြင့် သင့်ဦးခေါင်းကို ခွဲပစ်မည်။ ဤနေ့မှစ၍ ဤအမှုကို မပြုလင့်” – ဟု တင်းကျပ်စွာ ခြိမ်းခြောက်ပြီးလျှင် မိဘတို့ ဂုဏ်ကျေးဇူးကို ဟောပြောလျက် ကြီးသောသူတို့ကို အရိုအသေပြုရသော ကောင်းမှု၏အကျိုးကို ဖော်ပြကာ ဆုံးမပြီးလျှင် မိမိနေရာ တာဝတိံသာနတ်ရွာသို့ ပြန်သွားလေ၏။ မင်းကြီးလည်း ထိုအခါမှစ၍ ထိုအမှုမျိုးကို ပြုလုပ်ရန် စိတ်မကူးဝံ့တော့ချေ။
တရားပြသ ဆိုဆုံးမ
[ပြင်ဆင်ရန်]မြတ်စွာဘုရားသည် ဤသို့ အတိတ်ဇာတ်ကို ဆောင်တော်မူပြီး၍ ရဟန်းတို့အား - “ရဟန်းတို့ ... ခန္ဓာကိုယ်ဖြင့် အကြီးအငယ် နှိုင်းယှဉ်ဖွယ် မရှိသောကြောင့် ဟင်္သာ၊ ဥဒေါင်း၊ ဆင်၊ သား၊ သမင်၊ ချေ၊ အလုံးစုံသော သတ္တဝါတို့သည် ခြင်္သေ့မင်းကို ကြောက်ရကုန်သကဲ့သို့ ထို့အတူ လူတို့တွင် ငယ်သော်လည်း ပညာရှိသောသူသာ အကြီးအကဲဖြစ်၏။ ပညာမရှိသူမှာ ခန္ဓာကိုယ်ကြီးသော်လည်း အကြီးအကဲ မဖြစ်နိုင်၊ ထို့ကြောင့် သင်တို့သည် လကုဏ္ဍကဘဒ္ဒိယထေရ်ကို ခန္ဓာကိုယ်အားဖြင့် သေးငယ်သော်လည်း ပညာအားဖြင့် သေးငယ်သည်ဟု မမှတ်ထင်ကြကုန်လင့်” ဟု အဆုံးအမ ပေးတော်မူ၏။
ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကို ပြတော်မူသည့်အဆုံး၌ တချို့သော ရဟန်းတို့သည် သောတာပန်၊ တချို့သကဒါဂါမ်၊ တချို့အနာဂါမ်၊ တချို့ရဟန္တာအဖြစ်သို့ ရောက်ကုန်၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ လကုဏ္ဍကဘဒ္ဒိယ။
သိကြားမင်း - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ကြီးငယ်ဆိုရာ၊ ကိုယ်ခန္ဓာ၊ နှိုင်းကာမမှတ်လင့်။
(၂) ပညာဖြင့်သာ၊ ကြီး,ငယ်မှာ၊ နှိုင်းကာထားလေသင့်။
(၃) ပညာမကြွယ်၊ လူတွင်ငယ်၊ ကြွယ်သူကြီးလေမင့်။
ကောဠိသီလဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။