ကေသဝဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
စတုက္ကနိပါတ် - ၅။ စူဠကုဏာလဝဂ် -(၃၄၆) ကေသဝဇာတ် ချစ်ကျွမ်းဝင်သူနှင့် ကွေးကွင်းရသဖြင့် အိမ်မရ စားမဝင် အစာမကြေ ဝမ်းသွေးသွန် စိတ္တဇရောဂါ စွဲကပ်ရာ ချစ်ကျွမ်းဝင်သူ ရသေ့နှင့် ပြန်တွေ့မှ စိတ္တဇရောဂါပျောက်သော ကေသဝရသေ့ အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]အနာထပိဏ်အလှူ မင်းအတုယူ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးကြီးအိမ်ဝယ် သံဃာငါးရာတို့အား မပြတ် ဆွမ်းလုပ်ကျွေး၏။ သူဌေးကြီးအိမ်သည် သံဃာတို့ ရေတွင်းသဖွယ်ဖြစ်၏။ သင်္ကန်းရောင်ဖြင့် ထွန်းပ၏။ ရဟန်းတို့ ကွေးခြင်း၊ ဆန့်ခြင်း စသည်တို့ကြောင့်ဖြစ်သော လေတို့ဖြင့် တိုက်ခတ်အပ်၏။
တစ်နေ့သဿ၌ ကောသလမင်းကြီးသည် မြို့တော်သို့လှည့်လည်လတ်သော် အနာထပိဏ် သူဌေးကြီးအိမ်၌ ရဟန်းသံဃာတော်တို့ကို မြင်တော်မူလျှင် “ငါသည်လည်း အရိယာသံဃာတော်တို့အား အမြဲမပြတ် ဆွမ်းလုပ်ကျွေးမည်” ဟု ကြံစည်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် နေ့စဉ် နန်းတော်သို့ သံဃာတော် ငါးရာ ဆွမ်းဘုဉ်းပေး ကြွတော်မူရန် တောင်းပန်လျှောက်ထား၏။ မွှေး၍ မွန်မြန်သော သလေးဆွမ်းဖြင့် လုပ်ကျွေး၏။ ကျွမ်းဝင်ချစ်ခင် လေးမြတ်လျက် မိမိလက်ဖြင့် လှူသူကား မရှိ၊ မင်းချင်းယောက်ျားတို့ကို လှူစေ၏။
ချမ်းကျွမ်းဝင်းငြား လှူခံစား
[ပြင်ဆင်ရန်]ရဟန်းတို့သည် မင်းကြီး နန်းတော်၌ ချစ်ခင်ကျွမ်းဝင်သူ မရှိသဖြင့် ဆွမ်းမဘုဉ်းပေးလိုကုန်။ မွန်မြတ်သော ဆွမ်းဘောဇဉ်တို့ကို ယူဆောင်ကာ မိမိတို့ ချစ်ကျွမ်းဝင်ရာ အလုပ် အကျွေး ဒါယကာတို့အိမ်သို့သွား၍ အလုပ်အကျွေးဒါယကာတို့အား ပေးကာ မွန်မြတ်သည် ဖြစ်စေ၊ ရုန့်ရင်းသည် ဖြစ်စေ ထိုဒါယကာတို့လှူသော ဆွမ်းကိုသာ ဘုဉ်းပေးကြကုန်၏။
ထိုအခါ ကောလမင်းကြီးအား များစွာသော သစ်သီးကြီးငယ်တို့ကို ဆက်သလာကုန်၏။ မင်းကြီးသည် သံဃာတော်တို့အား လှူစေ၏။ မင်းချင်းတို့သည် အလှူတင်းကုပ်သို့ လှူရန်သွားကြရာ မတွေ့ကြောင်းကို မင်းကြီးအားလျှောက်ထားကြကုန်၏။ မင်းကြီးသည် ဤအချိန်ကား ဆွမ်းဘုဉ်းပေးချိန် မဟုတ်လောဟု မေးပြန်လျှင် မှန်ပါ၏၊ သို့သော်လည်း ရဟန်းတို့သည် နန်းတော်တွင် မဘုဉ်းပေးကြဘဲ အကျွမ်းဝင်ရာ၊ ချစ်ခင်ရာ ဒါယကာအိမ်သို့ သွား၍ ဘုဉ်းပေးကြကြောင်း လျှောက်ထားကုန်၏။
ကောလသမင်းကြီးသည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး … ဘောဇဉ် မည်သည်ကား အကျွမ်းဝင်သူတို့ ပေးလှူအပ်သော ဘောဇဉ်သည် မြတ်၏၊ အကျွမ်းဝင်ခြင်းနှင့်တူသော တစ်ပါးသော အရသာမည်သည် မရှိ၊ အကျွမ်းမဝင်သူတို့ ပေးလှူအပ်သော စတုမဓုသည်ပင် ဟင်းရွက်လောက် မထိုက်တန်၊ ရှေးပညာရှိတို့သည် ရောဂါဖြစ်လတ်သော် ဆေးသမား ငါးယောက်တို့ ကြပ်မတ်ကုသပါလျက် ရောဂါမပျောက်ငြိမ်းနိုင်ဘဲ အကျွမ်းဝင်သူထံ ရောက်၍ ဆားမခတ်သော ရေဖြင့် ပြုတ်ဖျော်အပ်သော သစ်ရွက်ပြုတ် တို့ကို စားသုံးရ၍ ရောဂါပျောက်ငြိမ်းဖူးကုန်၏”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ရသေ့နှစ်ဦးပင် ချစ်ကျွမ်းဝင်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်အားဖြင့် ကပ္ပဟု ထင်ရှားသတတ်။ ထိုကပ္ပလုလင်သည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညတို့ကို သင်ကြားပြီးလျှင် နောက်အဖို့၌ ရသေ့ရဟန်းပြုလေ၏။
ထိုအခါ ကောသဝ မည်သော ရသေ့သည် ရသေ့ငါးရာခြံရံကာ ဂိုဏ်းဆရာကြီးဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။ ကပ္ပရသေ့သည် ကေသဝရသေ့ထံ ဆည်းကပ်ကာ ရေသေ့ငါးရာတို့ အကြီးအကဲတပည့် ဖြစ်လျက်နေ၏။ ကေသဝရသေ့ကြီးကား ကပ္ပရသေ့အား အလွန်ချစ်မြတ်နိုး၏။ အစီးအပွားကို အလိုရှိ၏။ ထို ဆရာ၊ တပည့် ရသေ့နှစ်ပါးတို့သည် အချင်းချင်း အလွန်အကျွမ်းဝင်ကြကုန်၏။
ချဉ်ဆားရှာသွား မင်းပင့်ထား
[ပြင်ဆင်ရန်]နောက်အဖို့၌ ကေသဝ ရသေ့ကြီးသည် ချဉ်၊ ဆား မှီဝဲလိုသဖြင့် တပည့်တို့ကို ခေါ်၍ သွားရာ ဗရာဏသီပြည်သို့ရောက်လျှင် မင်းကြီး ဥယျာဉ်တော်၌ နေ၏။ နောက်နေ့နံနက် ဆွမ်းခံဝင်လတ်သော် မင်းကြီး အိမ်တံခါးသို့ ရောက်လေ၏။ မင်းကြီးသည် မြင်လျှင် ရသေ့တို့ကို ပင့်၍ ဆွမ်းကပ်လှူပြီးလျှင် ဥယျာဉ်တော်၌ သီတင်းသုံးရန် တောင်းပန်လေ၏။
မိုးလလွန်လျှင် ကေသဝရသေ့သည် ဟိမဝန္တာသို့သွားရန် ပန်ကြား၏။ မင်းကြီးလည်း “အရှင်ဘုရားတို့ … အိုမင်းပါပြီ၊ အကျွန်ုပ်ထံ အမြဲ သီတင်းသုံးရစ်ပါ၊ တပည့်တို့ကို သာ ပြန်၍ လွှတ်တော်မူပါ” ဟု တောင်းပန်လျှောက်သဖြင့် ကေသဝရသေ့ကြီးလည်း တပည့်တို့ကို ဟိမဝန္တာအရပ်သို့လွှတ်ကာ မိမိမူကား ဥယျာဉ်တော်၌ သာ နေရစ်၏။ ကပ္ပရသေ့လည်း တပည့်အပေါင်း ခြံရံကာ ဟိမဝန္တာသို့ ပြန်၍ နေလေ၏။
ကျွမ်းဝင်သူကွဲ ရောဂါစွဲ
[ပြင်ဆင်ရန်]ကေသဝရသေ့သည် ကပ္ပရသေ့နှင့် ကွဲကွာလတ်သော် ငြီးငွေ့ ပျင်းရိကာ ကပ္ပရသေ့ကို မြင်လိုသောကြောင့် အိမ်၍ မပျော်လျှင် စားသော အစာသည် ကောင်းစွာအကြေ၊ ဝမ်းသွေးသွန်သောရောဂါ ဖြစ်လေ၏။ ဝေဒနာ သည်းထန်လတ်သော် မင်းကြီးသည် ဆေးသမားကြီး ငါးယောက်တို့ကို ခေါ်ကာ ကြပ်မတ် ကုသစေ၏။ ရောဂါကား မသက်သာလေ။
ထိုအခါ ရသေ့ကြီးသည် မင်းကြီးကို “မြတ်သောမင်းကြီး … သင်တို့သည် ငါ၏သေခြင်းကို အလိုရှိသလော၊ သို့မဟုတ် ရောဂါပျောက်ကင်းခြင်းကို အလိုရှိသလော” ဟု မေး၏။ “အရှင်ဘုရား … ရောဂါပျောက်ကင်းခြင်းကို အလိုရှိပါသည်” ဟု လျှောက်၏။ “မြတ်သောမင်းကြီး … သည်လိုဖြစ်လျှင် ငါ့ကို ဟိမဝန္တာသို့ပို့ပါ” ဟု ပြော၏။ “အရှင်ဘုရား …. ကောင်းပြီး” ဟု လျှောက်ထားပြီးလျှင် -
မိတ်ဆွေထံရောက် ရောဂါပျောက်
[ပြင်ဆင်ရန်]နာရ၏အမတ်ကိုခေါ်၍ လမ်းပြ မုဆိုးနှင့်တကွ ရသေ့ကြီးကို ဟိမဝန္တာသို့ ပို့ရန် စေခိုင်းတော်မူ၏။ နာရဒအတ်လည်း ရသေ့ကြီးကို ဟိမဝန္တာသို့ အရောက်ပို့ကာ ပြန်ခဲ့၏။
ကေသဝရသေ့ကြီး စိတ္တဇရောဂါသည် ကပ္ပရသေ့ကို မြင်ကာမျှ၌ ပင် ပျောက်ကင်းလေ၏။ ငြီးငွေ့ပျင်းရိခြင်းလည်း ပြေလေ၏။ ကပ္ပရသေ့သည် ကေသဝရသေ့ကြီးအား ဆားမခတ်သော ရေဖြင့် ပြုတ်ဖျော်အပ်သော သစ်ရွက်နှင့်တကွ ကြိတ်ဆန်၊ မြက်သီးဆန် ယာဂုကို ပေးလေ၏။ ခဏချင်းလျှင် ဝမ်းသွေးသွန်သော ရောဂါလည်း ငြိမ်းလေ၏။
ရောဂါပျောက်ငြား မင်းလျှောက်ထား
[ပြင်ဆင်ရန်]တစ်ဖန် မင်းကြီးသည် ကေသဝရသေ့ အကြောင်းကိုသိအောင် စုံစမ်းချေဟု နာရဒအမတ်အား ဟိမဝန္တာသို့ လွှတ်ပြန်၏။ နာရဒအမတ်လည်း သွား၍ စုံစမ်းရာ ရောဂါကင်းပျောက်နေသော ကေသဝရသေ့ကြီးကို မြင်လျှင် “အရှင်ဘုရား … ဗာရာဏသီမင်းကြီးသည် ဆေးသမား ငါးယောက်ကို ကြပ်မတ်၍ ကုသစေပါလျက် ရောဂါပျောက်ကင်းအောင် မတတ်နိုင်ဘဲ ကပ္ပရသေ့သည် အဘယ်သို့ ကုသပါသနည်း” ဟု မေးမြန်းပြီးလျှင် -
“အရှင်ဘုရား … ဘုန်းကြီးသော ကေသဝရသေ့သည် အလုံးစုံ လိုရာဝတ္ထုနှင့် ပြည့်စုံသော ဗာရာဏသီမင်းကြီးကို စွန့်လွှတ်၍ ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ အဘယ်ကြောင့် မွေ့လျော်ဘိသနည်း”
ဟု သူတစ်ပါးနှင့် စကားပြောနေသည့်အလား ကေသဝရသေ့ကြီး၏ မွေ့လျော်ခြင်းအကြောင်းကို မေးလေ၏။
ရောဂါပျောက်ကြောင်း ဆေးနည်းကောင်း
[ပြင်ဆင်ရန်]ကေသဝရသေ့ကြီးလည်း နာရဒအမတ်စကားကို ကြားလျှင် -
“နာရဒအတ် … ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ ကောင်းသော မွေ့လျော်ဖွယ်၊ ကြည်နူးဖွယ် သစ်ပင်များ ရှိကုန်၏၊ ကပ္ပရသေ့၏ ကောင်းသော စကားတို့သည်လည်း ငါ့ကို မွေ့လျော်စေကုန်၏” –
ဟု နာရဒအမတ်အား ပြောကြားပြီးလျှင် ငါ့ကို မွေ့လျော်စေသော ကပ္ပရသေ့သည် ဆားမခတ်သော ရေဖြင့် ပြုတ်ဖျောအပ်သော သစ်ရွက်နှင့် ကြိတ်ဆန်၊ မြက်သီး ဆန် ယာဂုကို သောက်စေသဖြင့် ငါ့ကိုယ်၌ စွဲကပ်သော ရောဂါသည် ပျောက်ကင်းလေ၏ဟု ပြောကြားပြန်၏။ ထိုအခါ နာရဒအမတ်သည် -
“အရှင်ဘုရား … စင်ကြယ်သော သလေးဆန် သားပြွမ်းဆွမ်းသည် အရှင်ကို မနှစ်သက်စေဘဲ အဘယ်မူ၍ ဆားမပါသော သစ်ရွက်ပြုတ် ကြိတ်ဆန်၊ မြက်သီးဆန် အာဟာရသည် နှစ်သက်စေဘိသနည်း” ဟု ကေသဝ ရသေ့ကြီးအား မေးမြန်းပြန်၏။
ကျွမ်းဝင်မိတ်ဟောင်း ရသာကောင်း
[ပြင်ဆင်ရန်]ထိုအခါ ကေသဝ ရသေ့ကြီးသည် -
“နာရဒအမတ် … အကျွမ်းဝင်သူရှိရာ၌ သာယာအပ်သော ဘောဇဉ်ဖြစ်စေ၊ မသာအုပ်သော ဘောဇဉ်ဖြစ်စေ၊ နည်းသော ဘောဇဉ်ဖြစ်စေ၊ များသော ဘောဇဉ် ဖြစ်စေ စားအပ်သော ဘောဇဉ်သည် ကောင်း၏၊ အရသာရှိ၏၊ အဘယ်ကြောင့်နည်းဟူမူ အကျွမ်းဝင်ခြင်းကား မွန်မြတ်သော အရသာ ဖြစ်ခြင်းကြောင့် ကောင်း၏၊ အရသာရှိ၏” –
ဟု နာရဒအမတ်အား အကျိုးအကြောင်း ပြကာ ပြောကြားလေ၏။ နာရဒအမတ်လည်း ကေသဝရသေ့ကြီး စကားကိုကြားလျှင် အကြောင်းစုံ သိရသဖြင့် ရသေ့တို့ကို ရှိခိုးပြီးလျှင် ဗာရာဏသီပြည်သို့ပြန်ကာ မင်းကြီးအား ကေသဝရသေ့ကြီး ပြောကြားလိုက်သော စကားလုံးစုံကို လျှောက်ထားလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။
နာရဒအမတ်သည် - သာရိပုတ္တရာ။
ကေသဝရသေ့သည် - ဗကဗြဟ္မာ။
ကပ္ပရသေ့သည် - ငါဘုရားဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ဆိုး, ကောင်း, နည်း,များ၊ ဘောဇဉ်များ၊ သုံးစားကြလေရာ။
(၂) ကျွမ်းမဝဘိ၊ မွန်မြတ်ဘိ၊ မရှိအရသာ။
(၃) ကျွမ်းဝင်ဘိတောင်း၊ ဆိုးညံ့တောင်း၊ ကောင်း၏ အရသာ။
ကေသဝဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။