ကူဋဝါဏိဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၇။ ဗီရဏထမ္ဘဝဂ် -(၂၁၈) ကူဋဝါဏိဇာတ်။ ။ သံကို ကြွက်စားသည်ဟု ပြောသောသူကို သားကို စွန်ချီသည်ဟု အချင်းချင်းချေပ ပြောဆိုကြသော ကုန်သည်စဉ်းလဲ အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ကုန်သည်စဉ်းလဲ အချိန်ဆွဲ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် ကုန်သည်စဉ်းလဲ တစ်ယောက်နှင့် ကုန်သည်ပညရှိ တစ်ယောက်ဟူ၍ ကုန်သည်နှစ်ယောက်တို့သည် ရှိကုန်၏။
ထိုကုန်သည်နှစ်ယောက်တို့သည် အချင်းချင်း မိတ်ဆွေဖွဲ့ကြပြီးလျှင် လှည်းငါးရာတို့ဖြင့် ဘဏ္ဍာတို့ကို တင်ဆောင်သွားကြရာ အမြတ်အစွန်းများစွာ ရခဲ့ကြသဖြင့် သာဝတ္ထိပြည်သို့ နြပ်လာကြကုန်၏။
ထိုအခါ ကုန်သည်ပညာရှိသည် ကုန်သည်စဉ်းလဲကို “အဆွေ ... ဥစ္စာတို့ကို ခွဲဝေကြမည်”ဟု ပြောလေ၏။ ကုန်သည်စဉ်းလဲကား “ဤသူသည် ကုန်သွယ်သွားရာဝယ် ကြာဖြင့်စွာ ငြိုငြင်သဖြင့် အိမ်ရခြင်း၊ မကောင်းသော အစာအာဟာရကို စားခြင်းတို့ဖြင့် အလွန်ပင်ပန်းဆင်းရဲခဲ့ရ၏။ ယခုအခါ မိမိတို့အိမ်ဝယ် မွန်မြတ်သော အစာအာဟာရကို စားရသဖြင့် အစာမကြေခြင်းကြောင့် သေဆုံးလိမ့်မည်။ ထိုသို့ သေဆုံးလတ်သော် အလုံးစုံသော ဥစ္စာတို့ကို မခွဲဝေရတော့ပဲ ငါ့အဖို့သာဖြစ်လိမ့်မည်”ဟု နှလုံးသွင်းကာ ယနေ့ နက္ခတ်မကောင်းသေး၊ နက်ဖြန်မှ သိရမည်။ သန်ဘက်မှ သိရမည် စသည်ဖြင့် နေ့ရွှေ့ကာ အချိန်ဆွဲ၍ နေလေ၏။
ဘုရားလျှောက်ထား ဟောမိန့်ကြား
[ပြင်ဆင်ရန်]ကုန်သည်ပညာရှိသည် ကုန်သည်စဉ်းလဲကို အတင်းနှိပ်စက်ကာ ခွဲဝေစပြီးလျှင် ပန်းနံ့သာကို လက်စွဲလျက် မြတ်စွာဘုရားထံ ဆည်းကပ်ရန် သွားလေ၏။ မြတ်စွာဘုရားသည် ကုန်သည်ပညာရှိအား “ဒါယကာ ... ဘယ်အခါ ရောက်လာသနည်း”ဟု မေးတော်မူရာ ကုန်သည်ပညာရှိသည် “ရောက်လာသည်မှာ လခွဲရှိပြီးဖြစ်ကြောင်း၊ ကုန်သည်စဉ်းလဲသည် အချိန်ဆွဲနေ၍ ဥစ္စာခွဲဝေရသဖြင့် ကြာမြင့်မှ ဆည်းကပ်လာရကြောင်း”ကို လျှောက်ထားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကုန်သည်ပညာရှိကို “ဒါယကာ ... ထိုကုန်သည်အား ယခုအခါ၌သာ စဉ်းလဲကောက်ကျစ်သည်မဟုတ်၊ ရှေးအခါ၌လည်း စဉ်းလဲကောက်ကျစ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ကုန်သည်လိမ်ငြား သံကြွက်စား
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်ရောက်လတ်သော် ဗြဟ္မဒတ်မင်း၏ တရားဆုံးဖြတ်သော အမတ်ဖြစ်လေ၏။
ထိုအခါ ရွာနေကုန်သည်တစ်ယောက်နှင့် မြို့နေကုန်သည် တစ်ယောက်ဟူ၍ ကုန်သည်နှစ်ယောက်တို့ ရှိကြရာ ရွာနေကုန်သည်ကား ပညာရှိ၏။ မြို့နေကုန်သည်ကား ကောက်ကျစ်စဉ်းလဲ၏။ ထိုကုန်သည်နှစ်ယောက် တို့သည် အဆွေခလင်ပွန်း ဖြစ်ကြကုန်၏။
တစ်နေ့သ၌ ရွာနေကုန်သည်သည် မြို့နေကုန်သည်ထံ သံထွန်သွား ငါးရာတို့ကို အပ်နှံ၍ထား၏။ ထိုအခါ မြို့နေကုန်သည်သည် သံထွန်သွားတို့ကို ရောင်းချသုံးစွဲပြီးလျှင် သံထွန်သွားတို့ထားရာအရပ်၌ ကြွက်ချေးတို့ကို ကြဲဖြန့်၍ ထားလေ၏။ နောက်အဖို့တွင် ရွာနေကုန်သည်သည် လာလတ်၍ “အဆွေ ... အကျွန်ုပ် အပ်နှံထားသော သံထွန်သွားတို့ကို ပေးပါ” ဟု တောင်းလေ၏။ မြို့နေကုန်သည်သည် “အဆွေ ... သင့် သံထွန်သွားတို့ကို ကြွက်တွေစားကုန်ပြီ”ဆို၍ ကြွက်ချေးတို့ကို ပြလေ၏။
ပညာရှိထုံး ဥပါယ်သုံး
[ပြင်ဆင်ရန်]“အဆွေ ... ကြွက်တွေ စားကုန်လျှင်လည်း စားကြပါစေတော့၊ ကြွက်တွေစားကုန်သည်ကို အဘယ်မှာ တတ်နိုင်မည်နည်း” ဟု ပြောဆိုပြီးလျှင် မြစ်ဆိပ်သို့ ရေချိုးရန် မြို့နေကုန်သည် သားငယ်ကိုခေါ်၍ သွားကာ အဆွေခင်ပွန်းတစ်ယောက်အိမ်တွင် “ဤသူငယ်ကို ဘယ်မှမသွားပါစေလင့်” ဟု မှာထားအပ်နှံပြီး တိုက်တွင်း၌ ချုပ်နှောင်ထားခဲ့၍ ရေချိုးပြီးလျှင် အိမ်သို့ပြန်လာလေ၏။
မြို့နေကုန်သည်သည် သားငယ်ကို မမြင်လျှင် “အဆွေ ... အကျွန်ုပ်သားငယ် ဘယ်မှာနည်း” ဟု မေးလေ၏။ “အဆွေ သင့်သားငယ်ကို မြစ်ကမ်းနားမှာထား၍ အကျွန်ုပ် ရေငုပ်နေသောအခါ စွန်တစ်ကောင်လာပြီး ချီသွားရာ ဟစ်အော်ကာ လုပ်ခုပ်တီး၍ ခြောက်လှန့်သော်လည်း မချခဲ့ဘဲ ပျံသွားသည်” ဟု ပြောလေ၏။ “အဆွေ ... သင်ကား မဟုတ်မမှန်သောစကားကို ပြောဆိုဘိသည်၊ သူငယ်ကိုချီ၍ ပျံသွားနိုင်သော စွန်မည်သည်မရှိ”ဟု ပြော၏။ “အဆွေ ... ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်သားကား စွန်ချီသွားသည်ကို ငါအဘယ်မှာ တတ်နိုင်မည်နည်း”ဟု ပြောဆိုလတ်သော် အချင်းချင်း အမျက်ထွက်ကြ၍ “ဟယ် ... ထွန်သွားသူခိုး ဟယ် .... သူငယ်သူခိုး” စသည်ဖြင့် ငြင်းခုံကာ တရားဆုံးဖြတ်ရာသို့ ရောက်ကြကုန်၏။
နှစ်ဦးကျေအေး ဆုံးဖြတ်ပေး
[ပြင်ဆင်ရန်]မြို့နေကုန်သည်သည် ရှေးဦးစွာ စတင်၍ တရားသူကြီးအား “အရှင် ... ဤရွာနေကုန်သည်ကား ကျွန်ုပ်သားငယ်ကို မြစ်ဆိပ်ရေချိုးရာသို့ ခေါ်သွားပါသည်။ အိမ်ပြန်လာ၍ မေးသောအခါ သားငယ်ကို စွန်ချီသွားပါသည်ဟု ပြောပါသည်။ စွန်ချီနိုင်မချီနိုင်ကို အဆုံးအဖြတ်ပေးတော်မူပါ” ဟု လျှောက်ထားလေ၏။ ထိုအခါ တရားသူကြီးသည် ရွာနေကုန်သည်ကို -
မေး။ ။ “အချင်း ... သားငယ်ကို စွန်ချီသွားသည်မှာ ဟုတ်မှန်သလော”
ဖြေ။ ။ “အရှင် ... ဟုတ်မှန်ပါသည်”
မေး။ ။ “အချင်း ... လောက၌ သားငယ်ကို ချီသွားနိုင်သော စွန်မည်သည် မရှိ”
ဖြေ။ ။ “အရှင် ... ခွင့်ပြုပါ၊ အကျွန်ုပ် မေးပါရစေ၊ စွန်တို့သည် သူငယ်ကိုချီ၍ ကောင်းကင်၌ မပျံနိုင်ကုန်၊ ကြွက်တို့မူကား သံထွန်သွားတို့ကို စားနိုင်ကုန်သလော”
မေး။ ။ “အချင်း ... သင်သည် ဘယ်စကားကို ပြောသနည်း၊ ဤအမှုနှင့် သက်ဆိုင်ပါသလော”
ဖြေ။ ။ “အရှင် ... သက်ဆိုင်ပါသည်၊ အကျွန်ုပသည် ထိုသူ့အိမ်တွင် သံထွန်သွားငါးရာကို အပ်နှံ၍ ထားပါသည်။ တောင်းသောအခါ သံထွန်သွားတို့ကို ကြွက်တွေ စားကုန်ပြီဟု ပြောဆိုကာ ကြွက်ချေးတို့ကို ပြပါသည်။ အရှင် ... ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍ စားနိုင်ကုန်အံ့၊ စွန်တို့သည်လည်း သူငယ်တို့ကို ချီသွားနိုင်ကုန်လတ္တံ့၊ ကြွက်တို့သည် သံထွန်သွားတို့ကို အကယ်၍ မစားနိုင်ကုန်အံ့၊ စွန်တို့လည်း သူငယ်တို့ကို မချီနိုင်ကုန်လတ္တံ့၊ ဤသူကား သံထွန်သွားတို့ကို ကြွက်တို့ စားကြသည်ဟု ဆိုပါသည်။ ကြွက်စားနိုင် မစားနိုင်ကို အဆုံးအဖြတ် ပေးတော်မူပါ” –
ဟု လျှောက်ထားပြန်လေ၏။ ထိုအခါ တရားသူကြီးသည် ရွာနေကုန်သည်အား -
“အချင်း ... သင်သည် ကောက်ကျစ်သူကို အတုလိုက်၍ ကောက်ကျစ်ခြင်း၊ စဉ်းလဲသူကို အတုလိုက်၍ စဉ်းလဲခြင်းကိုပြုသည်မှာ အကြံကောင်းလှ၏။ သံထွန်သွားတို့ကို ကြွက်တွေ အကယ်၍ စားနိုင်လျှင် သူငယ်တို့ကို စွန်တွေ အဘယ်ကြောင့် မချီနိုင်ဘဲ ရှိကုန်အံ့နည်း မုချ ချီနိုင်ကြရမည်။
လောက၌ ကောက်ကျစ်သူကို အတုလိုက်၍ ကောက်ကျစ်သူများ၊ စဉ်းလဲသူကို အတုလိုက်၍ စဉ်းလဲသူများ ရှိကြမြဲဖြစ်၏။ သို့အတွက် သားပျောက်သူသည် ထွန်သွား ပျောက်သူအား ထွန်သွားကိုပေးစေ၊ ထွန်သွားပျောက်သူလည်း သားပျောက်သူအား သားကိုပေးစေ” ဟု တရားဆုံးဖြတ်လေ၏။
သံကြွက်မစား သားစွန်မချီ
[ပြင်ဆင်ရန်]ထိုအခါ သားပျောက်သူသည် “အရှင် ... အကျွန်ုပ်၏ သားကို အကယ်၍ ပေးအံ့၊ ထွန်သွားကို ပေးပါမည်”ဟု ဆိုလေ၏။ ထွန်သွားပျောက်သူလည်း “အရှင် ... အကျွန်ုပ်၏ ထွန်သွားကို အကယ်၍ပေးအံ့၊ သားကို ပေးပါမည်” ဟု ဆိုပြန်၏။ ဤသို့ပြောဆိုကာ အချင်းချင်းပေးကြသဖြင့် သားပျောက်သူလည်း သားကိုရ၍ ထွန်သွားပျောက်သူလည်း ထွန်သွားကို ရကြလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မြို့နေကုန်သည်စဉ်းလဲသည် - ယခုအခါ ကုန်သည်စဉ်းလဲ။
ရွာနေကုန်သည်ပညာရှိသည် - ကုန်သည်ပညာရှိ။
တရားဆုံးဖြတ်သော အမတ်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ကောက်ကျစ်သောမှု၊ ကောက်ကျစ်ပြု၊ တုကြကြံပိုင်စွာ။
(၂) စဉ်းလဲသူလည်း၊ စဉ်းလဲချည်း၊ တုနည်းလောကမှာ။
(၃) ထွန်သွားပျောက်မှု၊ သားပျောက်တု၊ နယုပဒေသာ။
ကူဋဝါဏီဇဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။