ကူဋဝါဏိဇဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၁၀။ လိတ္တဝဂ် -၉၈-ကူဋဝါဏိဇဇာတ် ကုန်သည်နှစ်ယောက် ကုန်သွယ်ကြသဖြင့် အရင်း အမြတ်ကို အညီအမျှမပေးလို၍ ကောက်ကျစ်သော အတိပဏ္ဍိတအကြောင်း။

ပစ္စပ္ပုန်ဝတ္ထု[ပြင်ဆင်ရန်]

ကုန်သည်စဉ်းလဲ အမြတ်မခွဲ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိမြို့ဝယ် ကောက်ကျစ်စဉ်းလဲသော ကုန်သည်နှင့် ဖြောင့်မတ်သော ကုန်သည်နှစ်ဦးတို့သည်နေကြကုန်၏။

တနေ့သ၌ ထိုကုန်သည်နှစ်ဦးတို့သည် အမြတ်အစွန်း အညီအမျှ ခံစားရန် တိုင်ပင်ညီညွတ်ကာ ဇနပုဒ်သို့ ကုန်သွယ်သွား၍ ပြန်လာကြကုန်၏။

ကောက်ကျစ်စဉ်းလဲသော ကုန်သည်လည်း ငါ၏အဖော်သည်ကား ဇနပုဒ်မှာ အစားအသောက်ဆင်းရဲသည်၊ ယခုအခါ ကောင်းသောဘောဇဉ်ကို စားရသဖြင့် အစာမကျေ၍ သေလတ္တံ၊ သေလျှင် ငါများများရမည်ဟု ကြံစည်ကာ ရုတ်တရက် ဥစ္စာကိုမဝေခြမ်းသေးဘဲ နက်ဖြန်ခါဝေမည်, သံဘက်ခါ ဝေမည်ဟုပြောကာ မဝေလိုသေးသဖြင့် ဟိုနေ့, သည်နေ့, ရွှေ့ဆိုင်း၍နေလေ၏။

ဖြောင့်မတ်သော ကုန်သည်လည်း မဝေလိုသေးသော ကုန်သည်စဉ်းလဲကို နှိပ်စက်ကာ အတင်းဝေစေပြီးလျှင် မြတ်စွာဘုရားထံ ဆည်းကပ်လျက် အကြောင်းစုံလျှောက်ထားလေ၏၊ ထိုအခါ မြတ်စွာဘုရားသည် “သီတင်းသည်... ဤကုန်သည်စဉ်းလဲကား ယခုအခါ၌သာ စဉ်းလဲသော ကုန်သည်ဖြစ်သည်မဟုတ်၊ ရှေးအခါ၌လည်း ဖြစ်ဘူးပြီ၊ ယခုအခါ၌သာ သင့်ကိုလှည့်စားလိုသည်မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတို့ကို လှည့်စားရန်အားထုတ်ခဲ့ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဖေါက်ပြန်လောဘ အတိပဏ္ဍိတ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုပြည်ဝယ် ပဏ္ဍိတမည်သော ကုန်သည်နှင့် အတိပဏ္ဍိတမည်သော ကုန်သည်နှစ်ဦးတို့သည် နေကြကုန်၏။

တနေ့သ၌ ထိုကုန်သည်နှစ်ဦးတို့သည် ရရှိသောအမြတ်အစွန်းကို အညီအမျှခံစားရန် တိုင်ပင်ညီညွတ်ကာ လှည်းငါးရာဖြင့် ဗာရာဏသီပြည်မှ ဇနပုဒ်သို့သွား၍ ရောင်းချပြီးသောအခါ ပြန်လာကြကုန်၏။

ရသော အမြတ်အစွန်းကို ဝေကြသောအခါ အတိပဏ္ဍိတမည်သော ကုန်သည်က ငါနှစ်စုရထိုက်သည်၊ ထိုအခါ ပဏ္ဍိတမည်သော ကုန်သည်က အဘယ့်ကြောင့်နှစ် စုရထိုက်သနည်း၊ ငါကား အတိပဏ္ဍိတ ဖြစ်၍နှစ်စုရထိုက်သည်၊ သင့်မှာကား ပဏ္ဍိတသာဖြစ်၍ တစုသာရထိုက်သည်၊ “အဆွေ သင်နှင့်ငါ အရင်းအနှီးလည်း အညီအမျှ စိုက်ထုတ်ကြရသည်၊ အလုပ်လည်း အညီအမျှပင် လုပ်ခဲ့ကြရသည် သို့ပါလျက် အဘယ့်ကြောင့် နှစ်စု ရထိုက်သနည်း”ဟုဆိုလေ၏။

အဘကိုပင် ရုက္ခစိုးသွင်[ပြင်ဆင်ရန်]

ဤသို့ နှစ်ဦးသား အငြင်း ဖြစ်ပွားလတ်သော် အတိပဏ္ဍိတသည် ဥပါယ်တခု ရှိ၏ဟု ကြံစည်ပြီးလျှင် မိမိအဘကို

“ဘခင်သစ်ခေါင်းတခုမှာ ဝင်၍နေပါ၊ ကျွန်ုပ်တို့ နှစ်ယောက် လာမေးသောအခါ ပဏ္ဍိတမှာ တစုသာရထိုက်သည်၊ အတိပဏ္ဏိတကား နှစ်စုရထိုက်သည်ဟု အဆုံးအဖြတ် ပေးပါလော”ဟု မှာထားပြီးလျှင် ပဏ္ဍိတထံသို့ သွားလေ၏။

ရောက်လျှင် ပဏ္ဍိတအား “အဆွေ ငါနှစ်စုရထိုက် သည်ကို၎င်း, မရထိုက်သည်ကို၎င်း, ရုက္ခစိုးနတ်ကို သွား၍ မေးမည်” ဟု ပြောဆိုပြီးလျှင် မိမိစီစဉ်ထားသော သစ်ပင်သို့ နှစ်ယောက်အတူသွား၍ အတိပဏ္ဍိတက “အရှင်ရုက္ခစိုးမင်း... ကျွန်ုပ်တို့နှစ်ယောက် အငြင်းအခုံဖြစ်နေပါသည်၊ အဆုံးအဖြတ်ပေးတော်မူပါ” ဟု တောင်းပန်လေ၏၊ ထိုအခါ အတိပဏ္ဍိတအဘက သစ်ခေါင်းတွင်း၌ အောင်း၍ ရုက္ခစိုးလုပ်ကာ ... အသံဖျက်၍ “ဆိုကြစမ်း ဘယ်လိုဖြစ်ကြတာလဲ”ဟု မေးလေ၏၊ ထိုအခါ အတိပဏ္ဍိက “မှန်လှပါ ဤသူက ပဏ္ဍိတ အကျွန်ုပ်က အတိပဏ္ဍိတ ဟုခေါ်ပါသည်၊ ကျွန်ုပ်တို့နှစ်ဦး သဘောတူ ကုန်ကိုစပ် ဘက်၍ ကူးကြပါသည်၊ အဘယ်သူက များများရထိုက် ပါသနည်း”ဟု မေးလေ၏၊ ထိုအခါ ရုက္ခစိုးလုပ်သူက “ကောင်းပြီ ပဏ္ဍိတက တစုသာရထိုက်သည်၊ အတိပဏ္ဍိတက နှစ်စုရထိုက်သည်”ဟု အဆုံးအဖြတ်ပေးလေ၏။

သစ်ပင်မီးတိုက် လိမ်သူမြိုက်[ပြင်ဆင်ရန်]

ထိုသို့ ဆုံးဖြတ်သံကိုကြားလျှင် ပဏ္ဍိတသည် ယခုဆုံးဖြတ်သူကား ရုက္ခစိုး ဟုတ်သည် မဟုတ်သည်ကို သိရမည်ဆိုကာ ကောက်ရိုးတို့ကိုယူကာ သစ်ခေါင်းကို အပြည့်ထည့်ပြီးလျှင် မီးတိုက်လေ၏၊ ရုက္ခစိုးလုပ်သူ အတိပဏ္ဍိတ၏ အဘလည်း မီးတောက် ထလာသောအခါ ကိုယ်တပိုင်းကို မီးလောင်သည်ဖြစ်၍ သစ်ပင်ထက်သို့ တက်ကာ သစ်ကိုင်းဖျားကို ကိုင်လျက် တွဲလျားဆွဲပြီးလျှင် မြေသို့ဆင်း၍– “အချင်းတို့ လောက၌ ပဏ္ဍိတ အမည်ခံ ပညာရှိသူကား ကောင်းမြတ်လှ၏၊ အတိပဏ္ဍိတ အမည်ခံ ကောက်ကျစ်စဉ်းလဲသူကား မကောင်းပါ။ အတိပဏ္ဍိတ အမည်ခံ သားမိုက်သည် ဥစ္စာကို မတရားလိုချင်မှုကြောင့် ငါ့ကိုယ်မှာ မီးလောင် ခံရသည်”

ဟု ရောက်လာသူအပေါင်းအား အတိအလင်း ပြောကြားလေ၏။

ထို့နောက် ကုန်သည်နှစ်ဦးတို့သည် ရသမျှဥစ္စာကို အညီ အမျှ ခွဲဝေယူကြရကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်-

ရဟန်းတို့...

  • ထိုအခါအတိပဏ္ဍိတသည်-ယခုအခါကောက်ကျစ်စဉ်းလဲသော ကုန်သည်။
  • ပဏ္ဍိတသည်-ငါဘုရားဖြစ်လာပြီ–

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) စဉ်းလဲကောက်ကျစ်၊ တရားလစ်၊ စင်စစ်ပျက်စီးမည်။

(၂) တိပဏ်ဘခင်၊ နတ်လုပ်ချင်၊ ကိုယ်တွင်မီးလောင်သည်။

ကူဋဝါဏိဇဇာတ်ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ