ကုလာဝကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၄။ ကုလာဝကဝဂ် -၃၁- ကုလာဝကဇာတ်။ ။ စစ်ရှုံး၍ပြေးလာရာ ဂဠုန်ငယ်များကို တိုက်မိ၍သနားသဖြင့် ရှေ့ဆက်မပြေးတော့ဘဲ နောက်ပြန်လှည့်သောကြောင့် စစ်နိုင်သော သိကြားမင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ရဟန်းနှစ်ပါး ခိုက်ရန်ပွား[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလဇနပုဒ်၌နေသော ရဟန်းငယ်နှစ်ပါးတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန်ဇေတဝန်ကျောင်းသို့ လာကြကုန်၏။ ရဟန်းငယ် တစ်ပါးဝယ် ရေစစ်ရှိ၍ တစ်ပါးဝယ် မရှိ၊အတူတကွသာ ရေကိုစစ်၍ သောက်ကြကုန်၏။

ခရီးအကြားဝယ်တစ်နေ့သ၌ ရဟန်းငယ် နှစ်ပါးတို့သည် ခိုက်ရန်ဖြစ်ကြကုန်၏။ ရေငတ်သောအခါ ရေစစ်ရှိသောရဟန်းငယ်သည် ရေကိုစစ်၍ သောက်၏။ ရေစစ်မရှိသော ရဟန်းငယ်ကား ရေစစ်ကိုငှား၍မရသည့်အတွက် ရေကို မစစ်ဘဲ သောက်ရ၏။

ပိုးရှိသောရေစစ်သောက်လေ[ပြင်ဆင်ရန်]

မြတ်စွာဘုရားထံ ရောက်သောအခါမြတ်စွာဘုရားသည် အာဂန္ဓုက ရဟန်းတို့နှင့် ဝမ်းမြောက်ဝမ်းသာ ပြောဟောမြဲအတိုင်း ပြောဟောကာလာခဲ့ရသော အကြောင်းအရာကို မေးမြန်းတော်မူ၏။ ရေစစ်ရှိသော ရဟန်းငယ်က“အရှင်ဘုရား ...ဤ ရဟန်းကား ရေ၌ပိုးရှိမှန်းသိလျက် မစစ်ဘဲ သောက်ပါသည်” ဟု လျှောက်ထားလေ၏။ ရေစစ် မရှိသော ရဟန်းငယ်က“ အရှင်ဘုရား ... ဤရဟန်းကား ခိုက်ရန် ဖြစ်၍ ရေစစ်ကို မငှားရမ်းသည့်အတွက် ရေကိုမစစ်ဘဲ သောက်ရပါသည်” ဟု လျှောက်ထားပြန်၏။

ထိုအခါမြတ်စွာဘုရားသည် ရေစစ် မငှားရမ်းသော ရဟန်းကိုလည်း အပြစ်တင်၍ သိက္ခာပုဒ်ပညတ်တော်မူပြီးလျှင် ပိုးရှိမှန်းသိလျက် ရေကို မစစ်ဘဲ သောက်သော ရဟန်းအားလည်းအပြစ်တင်၍ သိက္ခာပုဒ် ပညတ်တော်မူပြီးလျှင် “ချစ်သောရဟန်း ... ရှေးပညာရှိတို့ကားသိကြားမင်းဖြစ်၍ အသူရာနှင့် စစ်ရှုံးသဖြင့် ပြေးလွှားရင်း ဂဠုန်ငယ်တို့အသက်ကိုပေးလျက် ရထားကို ပြန်လှည့်ဖူးပြီး” ဟု မိ်န့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မာဃအမှူးသုံးဆယ့်သုံးဦး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ မဂဓတိုင်းရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် မစလရွာငယ်၌ မာဃလုလင်ဟု ထင်ရှားသောအမျိုးကောင်းသားတစ်ယောက်ရှိသတတ်။ ထိုလုလင်သည် သား၊ သမီးတို့ဖြင့် ကြီးပွားလျက်အလှူရှင် ဖြစ်၏။ ငါးပါးသီလကို စောင့်ထိန်း၏။ ထို့ပြင် မစလရွာငယ်၌သုံးကျိပ်သုံးယောက်သော အမျိုးကောင်းသားတို့လည်း ရှိကြကုန်၏။

မာဃလူစုကောင်းမှုပြု[ပြင်ဆင်ရန်]

တစ်နေ့သ၌ မာဃလုလင်သည် မိမိတည်ရာအရပ်ဝယ် ခြေတို့ဖြင့် မြေကိုယက်ညှိကာ မွေ့လျော်ဖွယ်ရှိအောင် ပြုပြင်၍နေ၏။ထိုအခါ လူတစ်ယောက် လာ၍ ထိုအရပ်၌နေ၏။ တစ်ဖန် မာဃလုလင်သည် တစ်ပါးသောအရပ်သို့ ရွှေ့ကာမွေ့လျော်ဖွယ်ဖြစ်အောင် ပြုပြင်၍နေပြန်၏။ ထိုအရပ်၌လည်း လူတစ်ယောက် လာ၍နေပြန်၏။ဤသို့လျှင် နေလေတိုင်းသော အရပ်ဝယ် မွေ့လျော်ဖွယ်ရှိအောင် ပြုပြင်၍နေသည်ချည်းဖြစ်၏။နောက်အခါ မဏ္ဍပ်ဆောက်၏။ တစ်ဖန် မဏ္ဍပ်ကို ဖျက်၍ ဇရပ်ဆောက်၏။ ရေအိုးစင် တည်၏။

ထို့နောက်တစ်ရွာတည်းနေ သုံးကျိပ် သုံးယောက်သော အမျိုးကောင်းသားတို့လည်း မာဃလုလင်နှင့်တိတ်တူသဘောတူ ဖြစ်ကာ ငါးပါးသီလကို စောင့်သုံးကြကုန်၏။ ကုသိုလ်ကောင်းမှုကိုပြုကြကုန်၏။ နံနက်စောစော ထ၍ မာဃလုလင်နှင့်အတူ ပဲခွပ်၊ ပုဆိန် စသော လက်နက်တို့ကိုစွဲကိုင်ကုန်လျက် မြက်၊ သစ်ပင်တို့ကို သုတ်သင်ရှင်းလင်းကာ ခရီးလမ်းတို့ကိုညီညွတ်သာယာအောင် ပြုပြင်ကုန်၏။ တံတားခင်းကုန်၏။ ရေတွင်း ရေကန် တူးကုန်၏။ဇရပ်ဆောက်ကုန်၏။ ဤသို့သောနည်းဖြင့် တခြားရွာသားတို့လည်း ငါးပါးသီလကိုစောင့်သုံးကုန်၏။ ကုသိုလ်ကောင်းမှုကို ပြုကုန်၏။ မာဃလုလင်၏ အဆုံးအမ၌ တည်ကုန်၏။

ရွာစားလူမိုက်မင်းကုန်းတိုက်[ပြင်ဆင်ရန်]

ထိုအခါ ရွာစားမင်းသည်“ရှေးအခါ မစလရွာသား တို့သည် မူးယစ်သောက်စားခြင်း၊ သတ်ဖြတ်ညှဉ်းဆဲခြင်း စသောမတရားမှုကို ပြုကြသည့်အတွက် ငါ့မှာ လာဘ်သပ်ပကာ ရွှင်သည်၊ယခုမူကား မ မာဃလုလင်၏အဆုံးအမ၌ တည်ကာ မတရားမှုကို မပြုကြဘဲ ကုသိုလ်ကောင်းမှုကို ပြုနေကြသည့်အတွက်လာဘ်သပ်ပကာ ဆုတ်ယုတ်သည်” ဟု မာဃလုလင်ကို အမျက်ထွက်ကာ မဟုတ်မမှန် လုပ်ကြံလီဆယ်၍မင်းကြီးထံ ကပ်ပြီးလျှင် “အရှင်မင်းကြီး ...သူခိုးများစွာတို့ ရွာငယ်ဇနပုဒ်တို့ကို ဖျက်ဆီးနေကြသည်” ဟု လျှောက်ထားလေ၏။မင်းကြီးလည်း မစူးစမ်း မဆင်ခြင်ဘဲ “ငါ့ထံ ဖမ်းခဲ့ကြ” ဟု အမိန့်ပေးလေ၏။

မာဃလူသိုက်ဆင်နှင့်တိုက်[ပြင်ဆင်ရန်]

ရွာစားမင်းလည်းမာဃလုလင်အမှူးရှိသော ရွာသားတို့ကို ဖမ်းဆီးကာ မင်းထံသို့ အပ်လေ၏။ မင်းကြီးလည်းစစ်ဆေးမေးမြန်းခြင်းကို မပြုဘဲ ထိုသူတို့ကို “ဆင်နှင့်နင်း၍ သတ်စေ” ဟုတစ်ချက်လွှတ်အမိန့် ချမှတ်လေ၏။ ရွာစားမင်းလည်း ထိုသူတို့ကို မင်းရင်ပြင်ဝယ် အိပ်စေ၍နင်းသတ်စေရန် ဆင်ကို ယူစေ၏။

မာဃလုလင်လည်းမိမိနှင့် အပေါင်းအသင်းပါ သုံးကျိပ် သုံးယောက်တို့အား “အမောင်တို့ ... မိမိတို့စောင့်ထိန်းအပ်သော သီလကို ဆင်ခြင်ကြကုန်လော့၊ ကုန်းတိုက်သော ရွာစားမင်း၌လည်းကောင်း၊ မင်းကြီး၌လည်းကောင်း၊ နင်းသော ဆင်၌ လည်းကောင်း အမျက်မထွက်ကြလင့်၊မိမိကိုယ်နှင့် ထပ်တူထပ်မျှထားကာ မေတ္တာပွားကြကုန်လော့” ဟု အဆုံးအမ ပေးလေ၏။သုံးကျိပ်သုံးယောက်သော သူတို့လည်း အဆုံးအမကို နာယူကာ မာဃလုလင် ဆိုတိုင်းပြုကြကုန်၏။

မေတ္တာထန်ပြင်းဆင် မနင်း[ပြင်ဆင်ရန်]

ဆင်လည်း ထိုသူတို့အနီးသို့ရောက်လျှင်မနင်းဝံ့ဘဲ အော်ဟစ်၍ ပြေးလေ၏။ တခြား ဆင်တစ်ကောင် ကိုယူ၍ နင်းပြန်စေရာ အနားသို့မကပ်ဝံ့ဘဲ အော်ဟစ်ကာ ပြေးပြန်၏။ ထိုအခါ မင်းကြီးလည်း မင်းချင်းတို့အား“ထိုသူတို့မှာ ဆေးကောင်း၊ အဆောင်ကောင်းရှိလိမ့်မည်၊ ရှာဖွေကြလော့” ဟုအမိန့်ပေးလေ၏။ ရှာဖွေသောအခါ တစ်စုံတစ်ရာ မတွေ့ကြောင်း လျှောက်ထားကြကုန်၏။ဆေးကောင်း၊ အဆောင်ကောင်း မရှိလျှင် မန္တရားကောင်း ရှိလိမ့်မည်၊ မေးကြကုန်လော့ဟုအမိန့်ပေးပြန်၏။

မင်းကြီးစစ်ကြောအမှန်ပြော[ပြင်ဆင်ရန်]

ထိုအခါ မင်းချင်းတို့က“သင်တို့မှာ မန္တရားကောင်း ရှိသလော” ဟု မေးရာ၊ မာဃလုလင်က “ရှိပါသည်” ဟု ဆို၏။မင်းချင်းတို့လည်း “အရှင်မင်းကြီး ... ရှိသတဲ့” ဟု လျှောက်ထားကြလျှင် မင်းကြီးလည်းအလုံးစုံသော သူတို့ကို ခေါ်စေ၍ သင်တို့၌ရှိသော မန္တရားကောင်းကို ပြောပါဟု ဆိုလေ၏။

“အရှင်မင်းကြီး ....

ကျွန်ုပ်တို့မှာတခြား မန္တရားကောင်း မရှိပါ။ သူ့အသက်ကို မသတ်ကြပါ၊ သူ့ဥစ္စာကို မခိုးကြပါ၊သူ့မယားကို မပြစ်မှားကြပါ၊ မဟုတ်မမှန် မပြောဆိုကြပါ၊ သေအရက်ကို မသောက်ကြပါ၊မေတ္တာပွားကြပါသည်၊ အလှူပေးကြပါသည်၊ လမ်းခရီး ညီညွတ်အောင် ပြုပြင်ကြပါသည်၊ ရေတွင်းရေကန် တူးကြပါသည်၊ ဇရပ် ဆောက်လုပ်ကြပါသည်။ ဤသည်ကား ကျွန်ုပ်တို့ မန္တရားကောင်းဖြစ်ပါသည်။ ပရိတ် အရံအတားကောင်းလည်း ဖြစ်ပါသည်၊ အကျိုးစီးပွားလည်း ဖြစ်ပါသည်” ဟုလျှောက်ထားလေ၏။

မာဃအသင်းစည်းစိမ်နှင်း[ပြင်ဆင်ရန်]

မင်းကြီးလည်း ထိုသူတို့ကားသူခိုး မဟုတ်ကုန်၊ သူတော်ကောင်းများ ဖြစ်ကြသည်ဟု အလွန်ကြည်ညိုသဖြင့် ကုန်းတိုက်သောရွာစားမင်းကို ကျွန်ပြုရန် ထိုသူတို့အား ပေးတော်မူ၏။ ရွာစားမင်း၏စည်းစိမ်ဥစ္စာအလုံးစုံကို လည်းကောင်း၊ နင်းစေသော ဆင်ကိုလည်းကောင်း ပေးတော်မူ၏။ထိုနေ့မှစ၍ အလိုရှိတိုင်း ကုသိုလ်ကောင်းမှု ပြုရန် အခွင့်ပေးတော်မူ၏။

မာဃလုလင်အမှူးရှိသောသုံးကျိပ်သုံးယောက်တို့လည်း အသက်လည်း ချမ်းသာ၊ စည်းစိမ်ဥစ္စာ၊ ကျေးကျွန်နှင့်လည်းပြည့်စုံသဖြင့် အလိုရှိတိုင်း ကုသိုလ်ကောင်းမှုကို ပြုကုန်လျက် ခရီးလမ်းမလေးဆုံဝယ်ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်ကြကုန်၏။ ဆန္ဒရာဂင်းသူများဖြစ်၍ မိန်းမတို့အား ကုသိုလ်ကောင်းမှုအဖို့ကို မပေးကြကုန်၏။

ကောင်းမှုမပါသုဇာတာ[ပြင်ဆင်ရန်]

ထိုအခါ မာဃလုလင်ဝယ် သုဓမ္မာ၊သုစိတ္တာ၊ သုနန္ဒာ၊ သုဇာတာ ဟူ၍ မယားလေးယောက် ရှိကုန်သတတ်။ ထိုလေးယောက်တို့တွင်သုဓမ္မာသည် တံစိုးလက်ဆောင်ပေး၍ လက်သမားကြီးနှင့် ပူးပေါင်းလျက် ဇရပ်တွင်ထုပိကာကုသိုလ် ပါဝင်၏။ သုစိတ္တာလည်း ဇရပ် ဝင်းခြံအတွင်းဝယ် အသီး၊ အပွင့်နှင့်ပြည့်စုံသည့် ဥယျာဉ်ကို စိုက်ပျိုးကာ ကုသိုလ်ပါဝင်၏ သုနန္ဒာလည်း အဆင်းငါးပါးရှိသောပဒုမ္မာကြာတို့ဖြင့် တင့်တယ်သော ရေကန်ကိုတူးကာ ကုသိုလ်ပါဝင်၏။ သုဇာတာကားတစ်စုံတစ်ရာ ကုသိုလ်ပါဝင်ခြင်း မရှိလေ။

သိကြားဖြစ်ကြောင်း အကျင့်ခုနစ်ပါး

မာဃလုလင်လည်း -

(၁) အမိအား လုပ်ကျွေးခြင်း၊

(၂) အဘအား လုပ်ကျွေးခြင်း၊

(၃) ကြီးသူတို့အား ပူဇော်ခြင်း၊

(၄) မှန်သောစကားကိုဆိုခြင်း၊

(၅) မကြမ်းတမ်းသော စကားကို ဆိုခြင်း

(၆) ကုန်းမတိုက်ခြင်း၊

(၇) ဝန်မတိုခြင်း။

ဤကျင့်ဝတ် ခုနစ်ပါးတို့ကို ဖြည့်ကျင့်ကာ သေလွန်သောအခါ တာဝတိံသာနတ်ပြည်ဝယ် သိကြားမင်း စြဖ်လေ၏။ သုံးကျိပ်သုံးယောက်သော အဆွေခင်ပွန်းတို့လည်းမာဃာလုလင်နှင့်တကွ တာဝတိံသာနတ်ပြည်၌ ဖြစ်ကြကုန်၏။

အသူရာ၊သိကြား ခိုက်ရန်ပွား[ပြင်ဆင်ရန်]

ထိုစဉ်ကာလ တာဝတိံသာနတ်ပြည်ဝယ် အသူရာတို့သည် နေလင့်ကြကုန်၏။ သိကြားမင်းသည် သူတစ်ပါးတို့နှင့် စပ်သောမင်းစည်းစိမ်ဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု အသူရာတို့အား နတ်၌ဖြစ်သော အဖျော်တို့ကိုတိုက်စေ၍ မူးယစ် မေ့လျော့သောအခါ မြင်းမိုရ်တောင်ခြေရင်းသို့ ပစ်ချစေကုန်၏။အသူရာတို့လည်း အသူရာပြည်သို့ ရောက်ကြကုန်၏။

အသူရာပြည်ကားမြင်းမိုရ်တောင်အောက်တွင် ရှိ၏။ တာဝတိံသာနတ်ပြည်နှင့်အမျှ ကျယ်ဝန်း၏။ ထိုပြည်ဝယ်တာဝတိံသာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ကဲ့သို့ တစ်ကမ္ဘာပတ်လုံးတည်သော ထူးဆန်းသည့်သခွတ်ပင်ကြီး တစ်ပင် ရှိ၏။

စစ်ရေးမလှသိကြား ပြေးရ[ပြင်ဆင်ရန်]

အသူရာတို့သည် သခွတ်ပင်ပွင့်ချိန် ရောက်သောအခါ “ဤပြည်ကား ငါတို့ နတ်ပြည် မဟုတ်၊ နောက်မှ ရောက်လာသော သိကြားအိုသည် ငါတို့ကိုမူယစ်မေ့လျော့အောင်ပြုကာ မြင်းမိုရ်ဆောင်ခြေရင်းသို့ ပစ်ချပြီးလျှင်ငါတို့နတ်ပြည်ကို လုယက်၍ ယူထားသည်ကို သိသဖြင့် အမျက်ထွက်ကာ သိကြားနှင့် စစ်တိုက်၍ငါတို့ပြည် ပြန်ရအောင် ယူမည်ဟု မြင်းမိုရ်တောင်သို့ တက်လျက် သိကြားမင်းနှင့်စစ်တိုက်ကြလေ၏။

သိကြားမင်းလည်းအသူရာတို့ တက်လာသည်ကိုသိ၍ သမုဒ္ဒရာပြင်သို့ ဆင်းသက်ကာ စစ်တိုက်လေသော် စစ်ရေးနိမ့်သဖြင့် ဝေဇယန္တာ ရထားဖြင့် တောင်သမုဒ္ဒရာအထက်၌ လျင်မြန်စွာ ပြေးလွှားသည်ရှိသော်ဂဠုန်ငယ်တို့နေရာ လက်ပံတောသို့ ရောက်လေ၏။

ဂဠုန်သနားဘိ နောက်ပြန်လှည့်[ပြင်ဆင်ရန်]

ပြင်းထန်သော ရထား၏လေအဟုတ်ဖြင့် လက်ပံကိုင်းကို ကျိုးပြတ်လျက် သမုဒ္ဒရာသို့ ကျလတ်သော် ဂဠုန်ငယ်တို့လည်းကျလတ်၍ သေဘေးမှ ကြောက်သဖြင့် ကျယ်လောင်စွာ အော်ဟစ်ကုန်၏။ ထိုသို့ သနားဖွယ်အော်ဟစ်သော အသံကို သိကြားမင်းကြား၍ မာတလိနတ်သားကို မေးပြီးလျှင် အကြောင်းစုံသိရသဖြင့် “အမောင် မာတလိ ... ငါတို့အတွက် ဂဠုန်ငယ်တို့ မပင်ပန်းပါစေလင့်၊ အစိုးတရပြုလုပ်ကာ သူ့အသက်ကို မသတ်လိုပါ၊ ဂဠုန်ငယ်တို့ကို မသေပါစေလင့်၊ အသူရာတို့သတ်၍ငါ့အသက် သေပါစေတော့၊ ဂဠုန်ငယ်တို့အား ဇီဝိတဒါန ပြုတော့မည်” ဟု ပြောဆိုလျက်ရထားကိုလှည့်ကာ နောက်သို့ပြန်စေ၏။

အသူရာရန်ကင်းသိကြားမင်း[ပြင်ဆင်ရန်]

မာတလိ နတ်သားလည်းသိကြားမင်း အမိန့်အတိုင်း ရထားကို နောက်သို့ လှည့်ကာ ပြန်ခဲ့၏။ အသူရာတို့သည်ပြန်လာသော သိကြားမင်း ရထားကိုမြင်လျှင် ဧကန်စင်စစ် သိကြားအိုသည် စကြဝဠာတစ်ပါးကသိကြားတို့ကိုခေါ်ကာ စစ်အင်အားဖြည့်၍ ပြန်လာသည်အထင်နှင့် ကြောက်ရွံ့ကာအသူရာပြည်သို့ ပြန်ကြကုန်၏။ သိကြားမင်းလည်း နတ်ပြည်သို့ ပြန်ဝင်ကာ နတ်ပြည်နှစ်ထပ်အလယ်တွင် နတ်အပေါင်းခြံရံလျက် တည်နေ၏။ ထိုအခါ ကုသိုလ်အဟုတ်ကြောင့် ယူဇနာတစ်ထောင်မြင့်သော ဝေဇယန္တာပြာသာဒ်သည် မြေမှပေါက်လေ၏။

သိကြားမင်းလည်းနောက်ထပ် အသူရာတို့ မလာနိုင်အောင် မြင်းမိုရ်တောင်၏ ပထမ အာလိန်တွင် နဂါး၊ ဒုတိယအာလိန်တွင် ဂဠုန်၊ တတိယ အာလိန်တွင် ကုမ္ဘဏ်၊ စတုတ္ထအာလိန်တွင် ဘီလူး၊ ပဉ္စမအာလိန်တွင် စတုမဟာရာဇ်နတ်မင်းကြီး လေးယောက် ဤသို့ အဆင့်ဆင့် အစောင့်အရှောက်တို့ကိုထားလေ၏။

ကောင်းမှုပြုဘက်နတ်ပြည်တက်[ပြင်ဆင်ရန်]

မာဃလုလင်၏ မယား သုဓမ္မာလည်းသေလွန်လျှင် သိကြားမင်း နတ်မိဖုရားဖြစ်၍ ထိုပိကာ လှူခဲ့သော ကောင်းမှုကြောင့်ယူဇနာငါးရာရှိ သုဓမ္မာ နတ်သဘင်ကြီး ဖြစ်လာ၏။ သုစိတ္တာလည်း သေလွန်လျှင် သိကြားမင်းနတ်မိဖုရားဖြစ်၍ ဥယျာဉ်လှူခဲ့သော ကောင်းမှုကြောင့် စိတ္တလတာ ဥယျာဉ်ကြီး ဖြစ်လာ၏။သုနန္ဒာလည်း သေလွန်လျှင် သိကြားမင်း နတ်မိဖုရားဖြစ်၍ ကန်တူးခဲ့သော ကောင်းမှုကြောင့်နန္ဒာရေကန်ကြီး ဖြစ်လာ၏။ သုဇာတာကား တစ်စုံတစ်ရာ ကောင်းမှုမပြုသောကြောင့် တောတစ်ခု၌ရေအိုင်ချောက်တစ်ခုဝယ် ဗျိုင်းမဖြစ်လေ၏။

ဗျိုင်းမဖြစ်ရှာသုဇာတာ[ပြင်ဆင်ရန်]

သိကြားမင်းလည်း သုဇာတာကိုမမြင်ရ၍ ဆင်ခြင်ကြည့်ရှုလတ်သော် ဗျိုင်းမဖြစ်နေသည်ကို သိလျှင် သွား၍ ဆောင်ယူကာအားကျလောက်အောင် မွေ့လျော်ဖွယ် ကောင်းသော နတ်ပြည်ကို လည်းကောင်း၊ သုဓမ္မာဇရပ်ကိုလည်းကောင်း၊ စိတ္တလကာ ဥယျာဉ်ကို လည်းကောင်း၊ နန္ဒာရေကန်ကို လည်းကောင်း ပြလေ၏။“တခြားမိန်းမ သုံးယောက်မှာ ကုသိုလ်ကောင်းမှု ပြုကြသဖြင့် ငါ့ထံ နတ်မိဖုရား ဖြစ်ကြ၏။သင့်မှာကား ကုသိုလ်ကောင်းမှုမပြု၍ ဗျိုင်းမ ဖြစ်ရ၏။ ငါ့ထံ နတ်မိဖုရား ဖြစ်ရအောင်သီလကို စောင့်ပါ” ဟု ဆုံးမပြီးလျှင် ငါးပါးသီလကို ဆောက်တည်စေ၍ နေမြဲ တိုင်းချောက်ကြားသို့ ပြန်ပို့လိုက်၏။

ကောင်းမှုအားသစ်နတ်သမီးဖြစ်[ပြင်ဆင်ရန်]

သုဇာတာလည်း ဗျိုင်းမဘဝဝယ်သီလဆောက်တည်၍ သိကြားမင်း အဆုံးအမ၌တည်လျက် သေလွန်လျှင် ဗာရာဏသီပြည်ဝယ်အိုးထိန်းသည်သမီး ဖြစ်လေ၏။ သိကြားမင်း ကြည့်ရှုပြန်လတ်သော် အိုးထိန်းသည်သမီးဖြစ်နေသည်ကို သိပြန်လျှင် အဘိုးအိုအသွင် ဖန်ဆင်း၍ ရွှေသခွားသီးလှည်းအပြည့်တင်ပြီးလျှင် ဗာရာဏသီပြည်တွင်းဝယ် လှည့်လည်ကာ ရောင်းချလေ၏။ လူတို့ လာ၍ဝယ်ကြလျှင် အဘိုးအိုက ငါ အဖိုးငွေဖြင့် မရောင်း၊ သီလရှိသူကိုသာပေးအံ့ဟုဆိုလျှင်လူတို့သည် သီလကိုပင် မသိ၍ ပြန်ကြရကုန်၏။

အိုးထိန်းသည်သမီးလည်းငါ့အဖို့ ယူလာဟန်တူသည်ဟု သွားကာ “အဘိုး ... သခွားသီးတွေ ကျွန်မကို ပေးပါ” ဟုဆိုလျှင်၊ “အမိ သီလကို စောင့်ပါ၏လေ” ဟု မေးလေ၏။ စောင့်ပါ၏ဟု ဆိုလေရာ အမိအတွက်ယူလာသည် ဆိုကာ လှည်းနှင့်တကွ အိမ်တံခါး၌ ထား၍ သွားလေ၏။ အိုးထိန်းသည်သမီးလည်း ထိုရွှေသခွားသီးတို့ဖြင့်အသက်မွေး၍ သေလွန်လျှင် အသူရာပြည်ဝယ် ဝေပစိတ္တိ အသူရာ၏ သမီး ဖြစ်ပြန်၏။ သီလစောင့်သောကောင်းမှုကြောင့် ရွှေအဆင်းကဲ့သို့ ဝါဝင်းလျက် အလွန်အဆင်းလှ၏။

အဘဝေပစိတ္တိအသူရာသည်သမီးသုဇာတာ အရွယ်ရောက်လတ်သော် “ငါ့သမီးသည် မိမိ ကြိုက်နှစ်သက်ရာလင်ကိုရွေးချယ်ယူပါစေ” ဟု ခွင့်ပြုကာ အသူရာတို့ကို စည်းဝေးစေပြီးလျှင်ပန်းကုံးစွပ်ပွဲခံလေ၏။

ပန်းကုံးစွပ်ပွဲသိကြားနွှဲ[ပြင်ဆင်ရန်]

သိကြားမင်းလည်း သုဇာတာကိုကြည့်ရှုပြန်သော် အသူရာပြည်၌ ဖြစ်သည်ကို သိ၍ သုဇာတာအတွက် လင်ရွေးချယ်ရန်ပန်းကုံးစွပ်ပွဲသို့ အသူရာအိုကြီးယောင် ဟန်ဆောင်ကာ ပြုလုပ်သွား၍ တစ်နေရာတါင်နေလေ၏။ သုဇာတာလည်း တန်ဆာဆင်လျက် လျောက်ပတ်သော် လင်ကို ရွေးချယ်မည်ဟု ပန်းကုံးကိုကိုင်ကာ ထွက်လာ၍ ကြည့်ရှုလတ်သော် အသူရာအိုကြီး အဟန်ဆောင်သော သိကြားမင်းကိုမြင်လျှင်ရှေးက ချစ်ခင်ခဲ့ဖူးသောအဟုတ်ဖြင့် စွဲလမ်းတိမ်းညွတ်ကာ သိကြားမင်းကိုပင်ပန်းကုံးစွပ်လေ၏။

စည်းဝေးရောက်လာကြကုန်သောအသူရာတို့လည်း “ငါတို့မင်းကြီး သမီးတော်မှာ သက်ကြီးအိုကို အတော်ဆုံးလင်ဟုရွေးချယ်၍ ပန်းကုံးစွပ်သည်” ဟု ကဲ့ရဲ့ကာ ဖဲသွားကြကုန်၏။

သိကြားမင်းလညးသုဇာတာကို နတ်ပြည်သို့ ဆောင်ယူကာ နှစ်ကုဋေ ငါးသန်းသော ကချေသည် နတ်သမီးတို့၏အကြီးအမှူးပြု၍ နတ်မိဖုရားအရာ၌ ထားလျက် မြှောက်စားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မာတလိ နတ်သားသည် -ယခုအခါ အာနန္ဒာ။

သိကြားမင်းသည် - ငါဘုရားဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) မိဘနှစ်ဆူ၊ လုပ်ကျွေးဟူ၊ ကြီးသူပူဇော်ရာ။

(၂) အမှန်ဆိုပြော၊ ကြမ်းမနှော၊ ကုန်းချောမရှိရာ။

(၃) ဝန်တိုမထား၊ ခုနစ်ပါး၊ သိကြားဖြစ်ကြောင်းလာ

ကုလာဝကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ