ကုရုင်္ဂမိဂဇာတ်
(၂) ဇာတ်ရှိပါသည်။ ဧကကနိပါတ် - ၃။ ကုရုင်္ဂဝဂ် -၂၁- ကုရုင်္ဂမိဂဇာတ်။ ။ မုဆိုး၏ဖြားယောင်းခြင်းကို သိသဖြင့် ဘေးရန် ကင်းလွတ်သော ဆတ်လိမ္မာအကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ဘုရားသတ်ရန် ဒေဝဒတ်ကြံ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည်မြတ်စွာဘုရားကို သတ်ခြင်းငှာ လေးသမားတို့ကို စေလွှတ်၌ လည်းကောင်း၊ ဂိဇ္ဈကုဋ်တောင်မှကျောက်လုံးကို လှိမ့်၍ လည်းကောင်း၊ ဓနပါလဆင်ကိုလွှတ်၍ လည်းကောင်း အားထုတ်ကာ နေလေ၏။
ထိုအခါရဟန်းတို့သည် ဒေဝဒတ်ကား မြတ်စွာဘုရားကိုသတ်ရန် အမြဲလုံ့လပြု၍ နေကြောင်းကိုတရားသဘင်ဝယ် စကားစပ်မိ၍ ပြောကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ မြတ်စွာဘုရားကိုလျှောက်ထားကြလျှင် မြတ်စွာဘုရားသည် “ရဟန်းတို့ ... ဒေဝဒတ်သည် ငါဘုရားသတ်ရန်အားထုတ်သည်မှာ ယခုအခါမှသာ မဟုတ်၊ ရှေးအခါကလည်း အားထုတ်ခဲ့ဖူးပြီ” ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ဆတ်ကိုသတ်ရန်မုဆိုးကြံ
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဆတ်လိမ္မာသည် တောအရပ်ဝယ်သစ်သီးကြီးငယ်တို့ကို ရှာဖွေစားသောက်ကာ နေလေ၏။ တစ်ရံတစ်ခါ ယမနေသီးကိုသာ စား၍နေ၏။
ထိုအခါ မုဆိုးသည်တော်ထဲ၌လှည့်လည်ကာ အသီးရှိသော သစ်ပင်ခြေရင်းဝယ် သားတိရစ္ဆာန်တို့ ခြေရာကို ကြည့်ရှုလတ်သော်အသီးရှိသော ယမနေပင်ခြေရင်း၌ ဆတ်လိမ္မာခြေရာကို မြင်သဖြင့် ထိုယမနေပင်ပေါ်တါင်လင့်စင်ဆောက်၍ ဆတ်လိမ္မာမလာမီ စောစောကလာလျက် လှံတစ်ချောင်းကို ကိုင်စွဲကာလင့်စင်ပေါ်မှစောင့်၍ နေလေ၏။
ဆတ်လိမ္မာလည်းနေရာမှထွက်၍ ယမနေသီးတို့ကို စားရန်လာသောအခါ ယမနေပင်ရင်းသို့ အဆောတလျင် မဝင်သေးဘဲယမနေပင်ထက်ဝယ် လင့်စင်ဆောက်ကာ စောင့်၍နေသော မုဆိုးရှိခဲ့မူ ဘေးဖြစ်ရာသည်ဟု စုံစမ်းဆင်ခြင်လိုသဖြင့် အပင်၏ မနီးမဝေးတွင် ရပ်လျက်နေလေ၏။
မုဆိုးထက်သာဆက်လိမ္မာ
[ပြင်ဆင်ရန်]မုဆိုးလည်းယမနေပင်အောင်သို့ ဆက် မလာသည်ကိုသိလျှင် “ယမနေသီးဖြင့် မျှား၍ခေါ်မည်” ဟု ကြံစည်ကာ ယမနေသီးတို့ကိုဆွတ်ခူး၍ ဆတ်ရှေ့တွင် ပစ်ချလေ၏။ ဆတ်လိမ္မာလည်း “ယမနေသီးတို့သည် ထူးဆန်းစွာငါ့ရှေ့တွင် ကျလာကြ၏။ သစ်ပင်ထက်၌ မုဆိုးရှိသလော ဟု အဖန်ဖန် ကြည့်လတ်သော် မုဆိုးကိုမြင်သော်လည်း မမြင်ဟန်ပြုကာ -
“အို ယမနေပင် ...သင်ကား ရှေးအခါက ယမနေသီးတို့ကို အောက်တည့်တည့်သို့သာ ကျစေ၏။ ယခု မူကား အပြင်ပငါ့ရှေ့သို့ ရောက်အောင်ကျစေ၏။ သင်ကား တရား မစောင့်၊ သစ်ပင်တို့ ဓမ္မတာသဘောကိုစွန့်ဘိ၏။ သို့အတွက် ငါသည် တခြား ယမနေပင်သို့သွားကာ အစာရှာတော့မည်”
ဟု မုဆိုးကို ပြောင်လှောင်သောအနေဖြင့် ယမနေပင်ကို ပြောလေ၏။
ထိုအခါ မုဆိုးသည်လင့်စင်မှနေလျက် လှံကို တအား လွှတ်၍ထိုးကာ “ကိုင်း ... သင်ဆတ် သွားလေတော့၊ ယခု တစ်ခါသင့်ကို မထိုးမိ လွဲလေရဲ့” ဟု ဆိုလေ၏။
ဆက်လိမ္မာလည်းပြန်၍ရပ်တန့်ကာ “ ဟယ် မုဆိုး ... ယခုအခါ ငါ့ကို လွဲသည်ကား မှန်၏။ ယခုအခါ လွဲသော်လည်းနောင်အခါ သင့်မှာ ငရဲကြီးရှစ်ထပ်၊ ဥဿဒရက် ငရဲငယ် ဆယ့်ခြောက်ရပ်၊ ငါးပါးသောအနှောင့်အဖွဲ့၊ ညှဉ်းဆဲခြင်းတို့ကို လွဲမည်မဟုတ်ပေ” ဟု ဆို၍ ပြေးလွှားကာလိုရာအရပ်သို့ သွားလေ၏။ မုဆိုးလည်း သစ်ပင်ပေါ်မှဆင်းကာ လိုရာအရပ်သို့ သွားလေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည်အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မုဆိုးသည် - ယခုအခါ ဒေဝဒတ်။
ဆတ်လိမ္မာသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မုဆိုးလှံလွှတ်၊ ဆတ်ကိုချွတ်၊ မချွတ်ငရဲကို။
(၂) နှောင်ဖွဲ့ငါးမျိုး၊ ညှဉ်းဆဲမျိုး၊ လွဲရိုးမရှိဆို။
ကုရုင်္ဂမိဂဇာတ် ပြီး၏။
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၆။ ဒဠှဝဂ် -၂၀၆ - ကုရုင်္ဂမိဂဇာတ်။ ။ သမင်၊ ခေါက်ရှာငှက်၊ လိပ် တိရစ္ဆာန် သုံးဦးတို့ မိတ်ဆွေဖွဲခြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ဘုရားသတ်ရန် ဒေဝဒတ်ကြံ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် လုံ့လပြု၍ နေလေ၏။
ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူလျှင် “ရဟန်တို့ ... ဒေဝဒတ်သည် ယခုအခါ၌သာ ငါဘုရားကို သတ်ရန် လုံ့လပြုသည်မဟုတ်၊ ရှေးအခါ၌လည်း ပြုဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]သုံးဦးတိရစ္ဆာန် မိတ်ဖွဲ့ပြန်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုရုင်္ဂမည်သော သမင်ဖြစ်၍ တော်၌ ရေအိုင်တစ်ခု အနီးဖြစ်သော ချုံတစ်ခုဝယ် နေလေ၏။ ထိုအိုင်အနီး သစ်ပင်တစ်ခုဝယ် ခေါက်ရှာငှက်သည် နေ၏။ အိုင်၌ လိပ်သည်နေ၏။ ဤသို့တိရစ္ဆာန် သုံးကောင်တို့သည် အချင်းချင်း အဆွေခင်ပွန်း ဖြစ်ကြောင်း၊ ချစ်ခင်ကြင်နာစွာ ပေါင်းသင်းဆက်ဆံကြကုန်၏။
တစ်နေ့သ၌ မုဆိုးတစ်ယောက်သည် တော်၌လှည့်လည်သည်ရှိသော် ရေအိုင်ဆိပ်၌ ကုရုင်္ဂသမင် ခြေရာကို မြင်လျှင် တောင့်မာခိုင်ခံ့သော သားရေကျော့ကွင်းကို ထောင်၍ ထားလေ၏။ ညဉ့်ဦးယံတွင် ရေသောက်လာသော ကုရုင်္ဂသမင်ကို မိသဖြင့် မိသောအသံကို မြည်လေ၏။ ကုရုင်္ဂသမင်၏ အသံကိုကြားလျှင် ခေါက်ရှာငှက်သည် လည်းကောင်း၊ လိပ်သည် လည်းကောင်း လာလတ်ကုန်၍ လွတ်မြောက်ရန် အဘယ်သို့ ပြုကြမည်နည်းဟု တိုင်ပင်ကုန်၏။ ထိုအခါ ခေါက်ရှာငှက်သည် လိပ်ကိုခေါ်၍ -
“အဆွေလိပ်... သင့်မှာ သွားရှိ၏။ သင်သည် သားရေကျော့ကွင်းကို သွားတို့ဖြင့် ဖြတ်ပါ၊ ငါကား မုဆိုး ရုတ်တရက် မလာနိုင်အောင်လုပ်မည်” – ဤသို့ ငါတို့နှစ်ယောက် လုံ့လကြောင့် အဆွေခင်ပွန်းဖြစ်သော သမင်မှာ အသက်ချမ်းသာလိမ့်မည်ဟု ပြောဆိုတိုက်တွန်းလေ၏။
အံ့ဩစဖွယ် ငှက်ဥပါယ်
[ပြင်ဆင်ရန်]လိပ်သည် ခေါက်ရှာငှက် စကားကိုကြားလျှင် ကောင်းပြီဟု ဝန်ခံကာ သားရေကျော့ကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ်လေ၏။ ခေါက်ရှာငှက်လည်း မိုးနေရာရွာသို့ ပျံသွားကာ အနီးဖြစ်သော သစ်ပင်တွင် စောင့်၍နေလင့်၏။ မုဆိုးလည်း မိုးသောက်ထအခါ လှံကိုကိုင်၍ ရွာအရှေ့တံခါးဖြင့်ထွက်လေ၏။ ခေါက်ရှာငှက်လည်း မုဆိုးထွက်လာသည်ကို သိလျှင် မြည်လျက် အတောင်နှစ်ဘက်ကို ခါပြီးလျှင် မျက်နှာကို ဆီး၍ ပုတ်၏။ မုဆိုးလည်း “ငှက်ယုတ်မာ လာ၍ပုတ်ခတ်သည်” ဟု နှလုံးမသာဖြစ်ကာ အိမ်သို့ပြန်၍ အတန်ငယ် အိပ်ပြန်၏။
ခေါက်ရှာငှက်လည်း မုဆိုးသည် ရှေးဦးစွာ အရှေ့တံခါးဖြင့် ထွက်လတ်၏။ ယခုအခါ အနောက်တံခါးဖြင့် ထွက်လိမ့်မည်ဟုသိ၍ အနောက်တံခါးအနီးတွင် နေလင့်ပြန်၏။ မုဆိုးလည်း တစ်ဖန်အိပ်ရာမှထကာ ငါသည် လက်ဦးတစ်ခါ အရှေ့တံခါးမှထွက်ရာ ငှက်ယုတ်မာနှင့် တွေ့ရသည်။ ယခုအခါ အနောက်တံခါးဖြင့် ထါက်မည်ဟု ကြံစည်ကာ အနောက်တံခါးဖြင့် ထွက်ပြန်၏။ ခေါက်ရှာငှလည်း မြည်လျက် ပြေးလာ၍ မျက်နှာကို ပုတ်ခတ်ပြန်၏။ မုဆိုးလည်း ဤငှက်ယုတ်မာသည် ထွက်ခွင့်ရမည်မဟုတ်ဟု ပြန်၍ မိုးလင်းသည့်တိုင်အောင် အိပ်ပြန်၏။ မိုးလင်းသောအခါ လှံကိုကိုင်၍ ထွက်ပြန်၏။
သမင်လွတ်လျက် လိပ်ကြောင့်ခတ်
[ပြင်ဆင်ရန်]ထိုအခါ ခေါက်ရှာငှက်လည်း လျင်မြန်စွာပျံ၍ မုဆိုးလာပြီဟု သမင်အား ပြောဆိုလေ၏။ လိပ်လည်း သားရေကျော့ကွင်းကို ကိုက်ဖြတ်ရာ တစ်လွန်းမျှသာ ကျန်တော့၏။ သွားတို့လည်း ကြွေလုမတတ် နာကျင်၏။ ခံတွင်း၌လည်း သွေးအလိမ်းလိမ်းကပ်လျက် ရှိလေ၏။
ကုရုင်္ဂသမင်လည်း လှံကိုကိုင်ကာ မိုးကြိုးကျသကဲ့သို့ လျင်မြန်သော အဟုတ်ဖြင့်လာသော မုဆိုးကိုမြင်လျှင် သားရေကျော့ကွင်းကို ဖြတ်ကာ တောသို့ဝင်လေ၏။ ။ ခေါက်ရှာငှက်လည်း သစ်ပင်ဖျားမှ ကြည့်ရှုလျက်နေ၏။ လိပ်မူကား ပင်ပန်းအားနည်းလှသဖြင့် မပြေးနိုင်ဘဲ ထိုအရပ်တွင်ဝပ်၏။ မဆိုးသည် သမင်လွတ်သွားသဖြင့် တွေ့မြင်ရာလိပ်ကိုပင် ကောက်၍ အိတ်၌ထည့်လျက် သစ်ငုတ်တစ်ခုတွင် ချိတ်၍ထား၏။
သမင်လည်း မနီးမဝေးမှပြန်၍ ကြည့်လတ်သော် လိပ်ကို ကောက်ယူထားသည်ကို သိလျှင် ငါ့ကျေးဖူးရှင် ဖြစ်သော အဆွေလိ်ပ်အား အသက်ကို ကယ်ဆယ်မည်ဟု ကြံစည်ကာ အားနည်းဟန်ပြု၍ မုဆိုးအား ကိုယ်ယောင်ပြ၏။ မုဆိုးလည်း သမင် အားနည်းနေသည် ဖြစ်လိမ့်မည်။ သမင်ကို သတ်မည်ဟု လှံကိုယူကာ လိုက်လေ၏။ သမင်လည်း မနီးမဝေးမှ မုဆိုးကို သွေးဆောင်ခေါ်ယူသွားလျက် အတော် ဝေးလာသည်ကို သိလျှင် ခြေရာဖျောက်ကာ တခြားလမ်းဖြင့် လျင်မြန်စွာ ပြေး၍ လွတ်အိပက်ို ချိုဖြင့် ချိတ်ယူကာ မြေသို့ချ၍ လိပ်ကို ထွက်စေ၏။ ခေါက်ရှာငှက်လည်း သစ်ပင်မှ ဆင်းသက်လာပြန်၏။
ကျေးဇူးသိတတ် သမင်မြတ်
[ပြင်ဆင်ရန်]ထိုအခါ သမင်သည် ခေါက်ရှာငှက်နှင့် လိပ်တို့အား အဆုံးအမပေးလျက် “အဆွေတို့ ... သင်တို့ကိုမှီ၍ ငါ့မှာ အသက်ကိုရပေသည်၊ သင်တို့ကား ငါ့အသက်ကိုပေးပေသော ကျေးဇူးရှင်များ ဖြစ်ကြသည်။ ယခုအခါ မုဆိုးလာ၍ သင်တို့ကို ဖမ်းလိမ့်မည်။ သို့အတွက် အဆွေခေါက်ရှာငှက်သည် မိမိသားငယ်တို့ကိုယူ၍ တခြားသစ်ပင်သို့ ပြောင်းလော့၊ အဆွေလိပ်လည်း ရေထဲသို့ ဆင်းလေလော့” ဟု ပြောဆိုလေ၏။ ခေါက်ရှာငှက်နှင့် လိပ်တို့လည်း သမင်ပြောဆိုသောအတိုင်း ပြုကြကုန်၏။
သဗ္ဗညု မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ “ရဟန်းတို့ ... ထိုအခါ ငါ အဆုံးအမပေးအပ်သည်ရှိသော် လိပ်သည် ရေထဲသို့ဆင်း၏။ သမင်ကား တောသို့ဝင်၏။ ခေါက်ရှာငှက်ကား ဝေးသော တခြားသစ်ပင်သို့ သားငယ်တို့ကိုယူ၍ ပြေားရွှေ့လေ၏။” – ဟု ဟောတော်မူ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မုဆိုးသည် - ယခုအခါ ဒေဝဒတ်။
ခေါက်ရှာငှက်သည် - သာရိပုတ္တရာ။
လိပ်သည် - မောဂ္ဂလာန်။
ကုရုင်္ဂသမင်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ခင်ပွန်းကောင်းရှိ၊ ဘေးမထိ၊ အေးဘိလွန်ချမ်းသာ။
(၂) ခေါက်ရှာ, သမင်၊ လိပ်သုံးအင်၊ ချစ်ခင်ဆွေဖွဲ့ရှာ။
ကုရုင်္ဂမိဂဇာတ် ပြီး၏။