ကုမ္ဘကာရဇာတ်

ဝီကီပီးဒီးယား မှ

သတ္တကနိပါတ် - ၂။ ဂန္ဓာရဝဂ် -(၄၀၈) - ကုမ္ဘကာရဇာတ် မင်း ၄ ဦးတို့ ပစ္စေကဗုဒ္ဓါ ဖြစ်ခြင်းအကြောင်းနှင့် အိုးထိန်းသည် လင်မယား ရဟန်းပြု၍ တောထွက်ခြင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဆွေမျိုးအတွက် ကျင့်ကြံလျက်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်သား အမျိုးသား ရဟန်းငါးရာတို့သည် ညဥ့်သန်းခေါင်းယံအခါ ကာမဝိတတ်ကို ကြံစည်လျက် ကိလေသာ နှိပ်စက်ကုန်၏။

ထိုအခါ မြတ်စွာဘုရား သိတော်မူ၍ အာနန္ဒာကို ခေါ်ပြီးလျှင် ရဟန်းတို့ကို စည်းဝေးစေ၍ “ရဟန်းတို့ … ကိလေသာ အလိုသို့ မလိုက်သင့်၊ ကိလေသာ ပွားသည်ရှိသော် ပျက်စီးတတ်၏၊ ရဟန်းမည်သည် အနည်းငယ်သော ကိလေသာကိုပင် နှိပ်စက်အပ်၏၊ ရှေးပညာရှိတို့သည် အနည်းငယ်သော အာရုံကို မြင်ကုန်၍ ကိုယ်တွင်း၌ ရှိသော ကိလေသာကို နှိပ်စက်ကာ ပစ္စေကဗောဒိဉာဏ်ကို ဖြစ်စေဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

အသီးများလှ ပျက်စီးရ[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဗာရာဧသီမြို့တံခါးရွာတွင် အိုးထိန်းသည် အမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ပစ္စည်းဥစ္စာကို ဖြစ်စေ၍ အိမ်ထောင်ပြုလျက် အိုးထိန်းသည် အမှုဖြင့် အသက်မွေး၍ သား တစ်ယောက်နှင့် သမီးတစ်ယောက်ကို ရလေ၏။

ထိုအခါ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကရဏ္ဍကမင်းသည် အခြံအရံများစွာဖြင့် ဥယျာဉ်တော်သို့ သွားသည်ရှိသော် ဥယျာဉ်တံခါးဝယ် အသီးမှည့်သော သရက်ပင်ကိုမြင်လျှင် ဆင်ပေါ်မှ သရက်သီး တစ်ိုင်ကို ဆွန်ခူးကာ မင်္ဂလာကျောက်ဖျာ၌ သုံးဆောင်၏။ မှူး၊ မတ်၊ ပုဏ္ဏား စသော သူတို့လည်း မင်းကြီးသည် ဦးဦးဖျားဖျား သုံးဆောင်ပြီးပြီဟု သရက်သီးတို့ကို ပစ်ခတ်ဆွတ်ခူး၍ စားသောက်ကြကုန်၏။ သရက်ပင်သည် အကိုင်းအခက်တို့ ကျိုးပဲ့ကာ စနောင့်စနင်းဖြစ်လျက်နေ၏။

ခြံရံများလှ သံဝေရ[ပြင်ဆင်ရန်]

မင်းကြီးလည်း တစ်နေ့ပတ်လုံး ဥယျာဉ်ကစားပြီးလျှင် ညချမ်းအခါ ဥယျာဉ်တော်မှ ထွက်သည်ရှိသော် အကိုင်းအခက် စနောင့်စနင်းဖြစ်၍ မတင့်တယ်သော သရက်ပင်ကိုမြင်လျှင် သရက်ပင်ရင်း၌ ရပ်လျက် ဤသရက်ပင်ကား နံနက်အခါက အကိုင်းအခက် အရွက်အသီးနှင့် ပြည့်စုံလျက် တင့်တယ်လှသည်၊ ယခုအခါ အကိုင်းအခက်တို့ စနောင့်စနင်း ဖြစ်လျက် မတင့်တယ်ဟု ကြံစည်၍ အရပ်တစ်ပါးသို့ ကြည့်ပြန်လျှင် အသီးမရှိသော သရက်ပင်ကို မြင်ပြန်၍ ဤသရက်ပင်ကား အသီးမရှိ၍ မပျက်စီး၊ အကိုင်းအခက် အရွက်နှင့် ပြည့်စုံလျက် ပတ္တမြားတောင်းကဲ့သို့ တင့်တယ်စွာ တည်ပေ၏၊ ဤသရက်ပင်ကား အသီးရှိ၍ ပျက်စီးရပေ၏၊ လူ့အဖြစ်သည် အသီးရှိသော သရက်ပင်နှင့် တူ၏၊ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏၊ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏၊ ဥစ္စာရှိသူအား ဘေးရှိ၏၊ ဥစ္စာမရှိသူအား ဘေးမရှိ၊ ငါလည်း အသီးမရှိသော သရက်ပင်ကဲ့သို့ ဖြစ်ရာ၏ ဟု အသီးရှိသော သရက်ပင်ကို အာရုံပြုကာ ဝိပဿနာကို ပွားလတ်သော် ပစ္စေကဗောဓိဉာဏ်ကိုရ၍ ပစ္စေကဗုဒ္ဓါ ဖြစ်လေ၏။

ထီးနန်းစွန့်ငြား ဟိမဝန္တာသွား[ပြင်ဆင်ရန်]

ထိုအခါ အမတ်တို့သည် သရက်ပင်၌ ရပ်နေသော မင်းကြီးကို “အရှင်မင်းကြီး … ရပ်နေသည်မှာ ကြာမြင့်ပြီ” ဟု မေး၏။ “အမတ်တို့ … ငါ မင်း မဟုတ်ပြီ၊ ပစ္စေကဗုဒ္ဓါတည်း” ဟု ပြော၏။ “အရှင်မင်းကြီး … ပစ္စေကဗုဒ္ဓါတို့ကား အရှင်မင်းကဲ့သို့ မဟုတ်ကုန်” ဟု ပြော၏။ “အမတ်တို့ … အဘယ်သို့သဘော ရှိကုန်သနည်း” ဟု မေး၏။ “အရှင်မင်းကြီး … ဆံ မုတ်ဆိတ် မရှိ၊ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကုန်၏” ဟု လျှောက်ထားကြကုန်၏။ ထိုခဏ၌ ပင် မင်းကြီးသည် လက်ဖြင့် ဦးခေါင်းကို သုံးသပ်လတ်သော် လူ၏အသွင်ပျောက်လျက် သင်္ကန်းသုံးထည်ကို ဝတ်ရုံကာ သိပတ်၊ ပဲကွပ်၊ အပ်၊ ခါးပန်း၊ ရေစစ်၊ ပရိက္ခရာ ရှစ်ပါးနှင့်တကွ ဝါခြောက်ဆယ် ရပြီး မထေရ်ကြီးကဲ့သို့ ရဟန်းအသွင် ထင်ရှားဖြစ်လာ၏။ ထိုနောက် ကောင်းကင်၌ ရပ်လျက် လူအများကို အဆုံးအမ ပေးကာ ကောင်းကင် ခရီးဖြင့်ပင် ဟိမဝန္တာ နန္ဒမူလိုဏ်သို့ ကြွလေ၏။

လက်ကောက်သံကြားမှု သံဝေဂပြု[ပြင်ဆင်ရန်]

ထိုမှတစ်ပါး ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်ဝယ် နဂ္ဂဇိမင်းသည် ပြတ်သော ပြာသာဒ် အပြင်ဝယ် လက်တစ်ဖက် တစ်ဖက်၌ ပတ္တမြားလက်ကောက် တစ်ခုစီဝတ်လျက် နံ့သာ သွေးနေသော မိန်းမငယ်တစ်ယောက်ကို မြင်လျှင် ဤလက်ကောက်တို့ကား တစ်ခုစီဖြစ်၍ အချင်းချင်း မိသောကြောင့် မမြည်ကြကုန်ဟု အောက်မေ့လျက် ကြည့်ရှု၍ နေ၏။ ထိုအခိုက် မိန်းမငယ်သည် လက်ယာဘက်မှ လက်ကောက်ကို လက်ဝဲဘက်၌ ဝတ်ကာ နံ့သာသွေးပြန်၏။ ထိုအခါ လက်ဝဲဘက်ရှီ လက်ကောက်သည် အဖော်ရသဖြင့် (ချက်ချက်) အသံကို ပြုလေ၏။ မင်းကြီးသည် လက်ကောက်နှစ်ခုတို့ ထိခိုက်သဖြင့် အချင်းချင်း အသံပြုသည်ကို ကြားလျှင် -

ဖြစ်ပျက်ဆင်ခြင် ဗောဓိဉာဏ်မြင်[ပြင်ဆင်ရန်]

ဤလက်ကောက်တို့ကား တစ်ခုစီ ဝတ်ထားသောအခါ မထိ၊ အသံမပြု၊ အဖော်ကို စွဲ၍ ထိ၏၊ အသံပြု၏။ ထိုအတူ သတ္တဝါတို့လည်း တစ်ယောက်ထီးတည်း နေလျှင် မထိကုန်၊ ရန်မဖြစ်ကုန်။ နှစ်ယောက် သုံးယောက် နေကြလျှင် ထိကုန်၏၊ ရန်ဖြစ်ကုန်၏။ ငါလည်း ဂန္ဓာရတိုင်း၌ နှစ်ပြည်ထောင်သောသူတို့ကို စီရင်ရ၏။ တစ်ခုတည်းသော လက်ကောက်အသွင် သူတစ်ပါးကို မစီရင်တော့ဘဲ မိမိ ကိုယ်ကိုသာ စီရင်၍ နေရန်သင့်၏ဟု နှလုံးသွင်းကာ ထိသော လက်ကောက်ကို အာရုံပြု၍ လက္ခဏာရေး သုံးပါးသို့တင်ကာ ဝိပဿနာကို ပွားလတ်သော် ထိုင်မြဲတိုင်းပင် ပစ္စေကဗုဒ္ဓါ ဖြစ်၍ လူအများကို အဆုံးအမ ပေးပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွလေ၏။

သားတစ်ပမာ ယင်းတဏှာ[ပြင်ဆင်ရန်]

ထိုမှတစ်ပါး ဝေဒေဟတိုင်း မိဓိလာပြည်ဝယ် နိမိမင်းသည် နံနက်စာ စားပြီးသော် အမတ်ပေါင်း ခြံရံလျက် ဖွင့်ထားသော လေသာပြတင်းပေါက်ဖြင့် ခရီးအကြားကို ကြည့်ရှုလျက်နေ၏။ ထိုအခါ စွန်တစ်ကောင်သည် အမဲဈေးမှ သားတစ်ကိုချီ၍ ပျံသွားရာ လင်းတ စသော ငှက်တို့သည် သားတစ်ဟူသော အကြောင်းကြောင့် ခြံရံကုန်လျက် နှုတ်သီးဖြင့်ဆိတ် အတောင်ဖြင့်ခတ် ခြေသည်းဖြင့်ကုပ်၍ လိုက်ကြကုန်၏။ ထိုအခါ သားတစ်ကိုချီသော စွန်သည် သည်းမခံနိုင်တော့သဖြင့် သားတစ်ကို ချ၍ ပြေး၏။ ငှက်တစ်ကောင် ကောက်၍ ချီပြန်၏။ လိုက်ကြပြန်၏။ ချ၍ ပြေးပြန်၏။ တစ်ကောင် ကောက်၍ ချီပြန်၏။ လိုက်ကြပြန်၏။ ချ၍ ပြေးပြန်၏။

တဏှာစွန့်ပစ် ဘုရားငယ်ဖြစ်[ပြင်ဆင်ရန်]

ဤသို့သော အခြင်းအရာကိုမြင်၍ ဤငှက်တို့တွင် သားတစ်ကို ချီသော ငှက်သည် ဆင်းရဲရ၏၊ သားတစ်ကို ပစ်ချသော ငှက်သည် ချမ်းသာ၏။ ထိုအတူ ကာမဂုဏ် ငါးပါးကို ယူသောသူသည် ဆင်းရဲ၏၊ မယူသောသူသည် ချမ်းသာ၏။ ငါ့မှာလည်း တစ်သောင်းခြောက်ထောင်သော မောင်းမတို့ ရှိ၏။ စွန်သည် သားတစ်ကို စွန့်လွှတ်သကဲ့သို့ ငါသည်လည်း ကာမဂုဏ်ငါးကါးကို စွန့်လွှတ်ရန် သင့်သည်ဟု နှလုံးသွင်းကာ ဝိပဿနာကို ပွားလတ်သော် ပစ္စေကဗုဒ္ဓါ ဖြစ်၍ လူအများကို အဆုံးအမပေးပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွလေ၏။

တဏှာအတွက်ပေ အသက်သေ[ပြင်ဆင်ရန်]

ထိုမှတစ်ပါး ဥတ္တရပဉ္စလတိုင်း ကပိလမြို့ဝယ် ဒုမ္မုခမင်းသည် နံနက်စာ စားပြီးသော် အမတ်အပေါင်း ခြံရံလျက် လေသာပြတင်းကိုဖွင့်ကာ မင်းရင်ပြင်သို့ ကြည့်ရှုလျက် နေ၏။ ထိုအခိုက် နွားခြံကို ဖွင့်ကုန်၏။ နွားလားဥသဘတို့ ခြံမှထွက်ကာ ကိလေသာ အစွမ်းဖြင့် နွားမတစ်ကောင်ကို ဝိုင်းအုံ၍ လိုက်ကြကုန်၏။ ထိုဥသဘတို့တွင့် ဦးချိုရှိသော ဥသဘကြီး တစ်ကောင်သည် ကိလေသာ၌ ဝန်တိုခြင်း နှိပ်စက်သဖြင့် ဥသဘ တစ်ကောင်၏ ပေါင်ကြား၌ ဝှေ့၏။ အဝှေ့ခံရသော ဥသဘ၏ ဝှေ့ရာအရပ်မှ အူတို့သည် ထွက်ကုန်၏။ ထိုဥသဘသည် ထိုအရပ်၌ ပင် သေလေ၏။

ကာမဂုဏ် စွန့်မိ ပစ္စေကဗောဓိ[ပြင်ဆင်ရန်]

မင်းကြီးသည် သေသော ဥသဘကိုမြင်၍ ဤသတ္တဝါတို့ကား တိရစ္ဆာန်ကို အစပြု၍ ကိလေသာကြောင့် ဆင်းရဲခြင်းသို့ ရောက်ရကုန်၏။ ဤဥသဘသည် ကိလေသာကို မှီ၍ သေရ၏။ တစ်ပါးသော သတ္တဝါတို့လည်း ကိလေသာ အစွမ်းဖြင့် တုန်လှုပ်ကုန်၏။ ငါသည်လည်း တုန်လှုပ်စေတတ်သော ကိလေသာကို ပယ်ခြင်းငှာ သင့်၏ဟု ကြံစည်ကာ ဝိပဿနာကို ပွားသည်ရှိသော် ပစ္စေကဗုဒ္ဓါဖြစ်၍ လူအများကို အဆုံးအမပေးပြီးလျှင် နန္ဒမူလိုဏ်သို့ ကြွလေ၏။

ပစ္စေက လေးပါး မေးလျှောက်ကြား[ပြင်ဆင်ရန်]

ထိုအခါ တစ်နေ့သ၌ ပစ္စေကဗုဒ္ဓါ လေးဆူတို့သည် ဟိမဝန္တာ နန္ဒမူလိုဏ်မှ ကောင်းကင်ခရီးဖြင့် ဆွမ်းခံကြွလာကြရာ ဗာရာဏသီမြို့ တံခါးအနီး အိုးထိန်းသည် အိမ်တံခါးသို့ ရောက်ကြကုန်၏။ အိုးထိန်းသည်လည်း ပစ္စေကဗုဒ္ဓါတို့ကို မြင်လျှင် အလွန်ကြည်ညိုသဖြင့် အိမ်ပေါ်သို့ပင့်လျက် ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ဖြင့် လုပ်ကျွေးလေ၏။ ဆွမ်းဘဉ်းပေးပြီးလျှင် အိုးထိန်းသည်သည် မထေရ်ကြီးမှစ၍ တစ်ဆူစီမထေရ် လေးဆူတို့အား “အရှင်ဘုရားသည် အဘယ်အာရုံကို မြင်၍ ရဟန်းပြုသနည်း” ဟု လေးဆူလုံး စေ့အောင် လျှောက်ထားလေ၏။

အာရုံမြင်ရ ပြန်ဟောပြ[ပြင်ဆင်ရန်]

ထိုပေစ္စကဗုဒ္ဓါ လေးဆူတို့တွင် မထေရ်ကြီးဖြစ်သော ကရဏ္ဍက ပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် … ငါကား ကရဏ္ဍကမင်း ဖြစ်၏၊ ဥယျာဉ်တော်ဝယ် သရက်တော အလယ်၌ စိမ်းညိုစည်ပင်လျက် အသီးနှင့် ပြည့်စုံသော သရက်ပင်ကို အသီးကြောင့် စနောင့်စနင်း ပျက်စီးနေသည်ကို မြင်ခဲ့၏၊ ထိုသရက်ပင်ကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသော အကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထန်းသည်အား ဟောကြားလေ၏။

မထေရ်အာရုံ ဟောမိန့်ပုံ[ပြင်ဆင်ရန်]

ထို့နောက် ဒုတိယ မထေရ်ဖြစ်သော နဂ္ဂဇိ ပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် .. ငါကား နဂ္ဂဇိမင်း ဖြစ်၏၊ နံ့သာသွေးသော မိန်းမငယ်သည် ပြေပြစ်သော ပတ္တမြား လက်ကောက်ကို တစ်ဖက် တစ်ခုစီ ဝတ်ဆင်ထားသောအခါ အသံမပြု၊ တ်စဖက်တည်းပေါင်း ဝတ်ဆင်ထားသောအခါ အဖော်ကိုစွဲ၍ အသံပြု၏၊ ထို လက်ကောက်ကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသော အကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထိန်းသည်အား ဟောကြားပြန်၏။

နောက်ကြောင်းနိမိတ် ဟောဖော်မိန့်[ပြင်ဆင်ရန်]

ထို့နောက် တတိယမထေရ် ဖြစ်သော နိမိပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် … ငါကား နိမိမင်း ဖြစ်၏၊ သားတစ်ကို ချီ၍ ပျံသော စွန်တစ်ကောင်ကို သားတစ်ကြောင့် ငှက်အပေါင်းတို့လိုက်၍ ထိုးဆိတ် ပုတ်ခတ်ကုတ်ဖဲ့ကြကုန်၏၊ ထိုငှက်ကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသောအကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထိန်းသည်အား ပြောကြားပြန်၏။

တရားဟောပြ ဝမ်းမြောက်လှ[ပြင်ဆင်ရန်]

ထို့နောက် စတုတ္ထ မထေရ်ဖြစ်သော ဒုမ္မုခပစ္စေကဗုဒ္ဓါသည် -

“အိုးထိန်းသည် - ငါကား ဒုမ္မုခမင်း ဖြစ်၏၊ ကိလေသာ၏အစွမ်းဖြင့် နွားမတစ်ကောင်ကို ဝိုင်းအုံကာ လိုက်နေသော ဥသဘတို့တွင် အားနှင့်ပြည့်စုံ၍ တုန်လှုပ်သော လဘို့ရှိသော ဥသဘကြီးသည် ကိလေသာ၌ ဝန်တို၍ ဥသဘ တစ်ကောင်ကို ဝှေ့သည်ကို မြင်ရ၏၊ ထိုဥသဘကိုမြင်၍ ရဟန်းပြုကာ ဆွမ်းခံသော အကျင့်ကို ကျင့်ပေ၏” –

ဟု အိုးထိန်းသည်အား ဟောကြားပြန်၏။

ထိုအခါ အိုးထိန်းသည်သည် ပစ္စေကဗုဒ္ဓါ လေးဆူတို့ တရားတော်ကို ကြားနာရ၍ အရှင်ဘုရားတို့သည် ကောင်းကုန်စွ၊ ကောင်းကုန်စွ၊ ထိုထိုအာရုံကား အရှင်ဘုရားတို့နှင့်သာ လျောက်ပတ်၏ဟု ချီးကျူး၏။ ပစ္စေကဗုဒ္ဓါ လေးဆူတို့သည် တရားဟောပြီးလျှင် ကြွကုန်၏။

မယားတိုင်ပင် ရဟန်းပြုချင်[ပြင်ဆင်ရန်]

အိုးထိန်းသည်လည်း ပစ္စေကဗုဒ္ဓါတို့ ကြွကုန်လတ်သော် မယားကိုခေါ်၍ “ရှင်မ … ဤ ပစ္စေကဗုဒ္ဓါ လေးဆူတို့သည် မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုကြသည်၊ ငါတို့မှာ အခစားလုပ်၍ အသက်မွေးရကုန်၏၊ အိမ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်သည် သားသမီးငယ်တို့ကို ကျွေးမွေးထောက်ပံ့ကာ အိမ်၌ နေရစ်လော” ဟု ပြောဆိုလိုရကား -

“အို-ရှင်မ … ကလိင်္ဂတိုင်းကို အစိုးရသော ကရဏ္ဍကမင်း၊ ဂန္တာရတိုင်းကို အစိုးရသော နဂ္ဂဇိမင်း၊ ဝေဒဟတိုင်းကို အစိုးရသော နိမိမင်း၊ ပဉ္စာလတိုင်းကို အစိုးရသော ဒုမ္မုခမင်း၊ ဤမင်းလေးပါးတို့သည် တိုင်းနိုင်ငံကို စွန့်လွှတ်၍ ပလိဗောဓ မရှိ ရဟန်းပြုကြကုန်ပြီ”။

“အို-ရှင်မ … ဤပစ္စေကဗုဒ္ဓါ အလုံးစုံတို့ကား ဝိသုဒ္ဓိနတ် ဖြ်စသော ရှေးရှေး ပစ္စေကဗုဒ္ဓါတို့နှင့် တူကုန်၏၊ ရှေးရှေး ပစ္စေကဗုဒ္ဓါ အတူ လာကုန်၏၊ မီးလျှံသည် တောက်ပသကဲ့သို့ တောက်ပကုန်၏၊ ရှင်မ ငါလည်း ရူပါရုံ အစရှိသော ကာမဂုဏ်တို့ကို စွန့်လွှတ်၍ ရဟန်းပြုကာ တစ်ယောက်ထီးတည်း ကျင့်တော့အံ့” –

ဟု မယားအား ပြောကြားလေ၏။

နှစ်ဦးညီညာ ရဟန်းပြုရှာ[ပြင်ဆင်ရန်]

မယားလည်း လင် အိုးထိန်းသည် ပြောကြားသော စကားကို ကြားလျှင် -

“အို-အရှင် … အကျွန်ုပ်လည်း နောက်ကာလ၌ အဆုံးအမကိုရသည် မဖြစ်ရာ၊ ထို့ကြောင့် ဤ ရဟန်းပြုရအံ့သော ကာလသည် ရှိခဲ့၏၊ တစ်ပါးသောကာလသည် မရှိသည်သာတည်း၊ ငှက်ခတ်ယောကျ်ား လက်မှ လွတ်သော ငှက်မကဲ့သို့ အကျွန်ုပ်သည်လည်း ရဟန်းပြုကာ တစ်ယောက်ထီးတည်း ကျင့်တော့အံ့” –

ဟု လင်အား ပြန်၍ ပြောကြား၏။ လင်ယောကျ်ားလည်း မယားစကားကို ကြားလျှင် ဆိတ်ဆိတ်သာနေ၏။ မယားကား ငါသည် လင်ယောကျ်ားကို လှည့်စား၍ ရှေးဦးစွာ ရဟန်းပြုတော့မည်ဟု နှလုံးသွင်းလျက် “အရှင် … ရေဆိပ်သို့ သွားမည်၊ သူငယ်တို့ကို ကြည့်ရှုရစ်ပါ” ဟု ပြောဆိုလျက် အိုးကိုယူ၍ ရေခပ်သွားသကဲ့သို့ ပြုလျက် ထွက်ပြေး၍ မြို့အနီးဖြစ်သော ပုရပိုက်မတို့ကျောင်းသို့သွား၍ ပုရပိုက် ရဟန်းပြုလေ၏။

သားသမီးငယ်များ အပ်နှင်းသွား[ပြင်ဆင်ရန်]

အိုးထိန်းသည်လည်း မယား ပြန်မလာတော့သည်ကို သိ၍ သူငယ်တို့အား ကောင်းစွာ စောင့်ရှောက် မွေးမြူ၏၊ နောက်အခါ သူငယ်တို့ ကြီး၍ ဆားပေါ့၊ ဆားငန်၊ အကောင်း၊ အဆိုး၊ ဆင်းရဲချမ်းသာကို သိမြင် လိမ္မာလာသောအခါ ဤသူငယ်တို့ကား မိမိ ဓမ္မတာအားဖြင့် အသက်ရှည်စွာ မွေးမြူနိုင်လောက်ပြီ၊ ငါလည်း ရဟန်းပြုဖို့ အချိန်တန်ပြီဟု ကြံစည်လျက် သားနှင့် သမီးတို့ကို ဆွေမျိုးဉာတိတို့အား အပ်နှင်းခဲ့ပြီးလျှင် ဆွေမျိုးဉာတိတို့ ငိုကြွေးစဉ် လျှင် မြို့မှထွက်၍ ရဟန်းပြုကာ မြို့အနီး၌ ပင် နေလေ၏။

ဈာန်ချမ်းသာခံစား ဗြဟ္မာရွာလား[ပြင်ဆင်ရန်]

တစ်နေ့သ၌ ဗာရာဏသီမြို့တွင်း၌ ဆွမ်းခံသွားစဉ် ပုရပိုက်မကို တွေ့လေ၏။ ပုရပိုက်မသည် ရှိခိုး၍ “အရှင် ဘုရား … သားသူငယ်တို့ကို ဖျက်ဆီးအပ်ကုန်ယောင်တကားဟု လျှောက်ထားလေ၏။ လင်ရဟန်းလည်း -

“နှမ … ငါကား သူငယ်တို့ကို မဖျက်ဆီးပါ၊ အစိမ်း၊ အကျက်၊ ဆားပေါ့၊ ဆားငန်၊ ချမ်းသာဆင်းရဲကိုသိသော သူငယ်တို့ အမူအရာကိုမြင်၍ အသက်မွေးနိုင်လောက်ပြီဟု စွန့်လွှတ်ကာ ရဟန်းပြုခဲ့၏၊ သင်သည် ဆွမ်းခံသော အကျင့်ကို ကျင့်လော့၊ ငါလည်း ကျင့်ပါအံ့” –

ဟု ပရပိုက်မကို ဆုံးမ၍ လွှတ်လိုက်၏။ ပုရပိုက်မလည်း ရှိခိုး၍ မိမိအလိုရှိရာအရပ်သို့ သွားလေ၏။ ထိုနေ့မှစ၍ ရဟန်းယောကျ်ားနှင့် ရဟန်းမိန်းမတို့သည် အချင်းချင်း မတွေ့မြင်ကြရကုန်။ အိုးထိန်းရဟန်းလည်း ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားရ၏။

မြတ်စွာဘုရားသည် ဓမ္မဒေသနာကိုဆောင်၍ သစ္စာကို ပြသည်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

သားသည် - ရာဟုလာ။

ပုရပိုက်မသည် - ရာဟုလာ မယ်တော်။

ပုရပိုက်သည် - ငါဘုရား ဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) နည်းပါးကိလေ၊ မပွားစေ၊ သေအောင်သတ်ကြရာ။

(၂) ကိလေသာပွား၊ ဆင်းရဲများ၊ လည်းငြားသံသရာ။

(၃) အိုးထိန်းလင်မယား၊ တောထွက်သွား၊ အားကျ ပစ္စေကာ။

ကုမ္ဘကာရဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ