ကုဒါလပဏ္ဍိတဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၇။ ဣတ္ထိဝဂ် -၇၀ - ကုဒါလပဏ္ဍိတဇာတ်။ ။ ပေါက်တူးကို စွဲလမ်း၍ ခုနစ်ကြိမ်တိုင် ရဟန်းဘဝမှ လူထွက်သော ကုဒါလပဏ္ဍိတ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

လောဘညစ်ယုတ် အမြစ်ဖြုတ်[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် စိတ္တဟတ္ထ မည်သော ဆင်ထိန်းသားသည် လယ်ထွန်သွားရင်း ကျောင်းသို့ ဝင်ကာ ရဟန်းတစ်ပါးထံမှ မြတ်လှသော ဘောဇဉ်ကို စားရသဖြင့် ရဟန်းပြုလေ၏။

လခွဲ လွန်လတ်သော် မသင့်မတင့် နှလုံးသွင်းက ကိလေသာနိုင်ငံသို့ လိုက်၍ လူထွက်လေ၏။ ထမင်းဖြင့် ပင်ပန်းပြန်လျှင် ရဟန်းပြုပြန်လေ၏။ အဘိဓမ္မာကို သင်ကြားလေ၏။ ဤနည်းဖြင့် ခြောက်ကြိမ်တိုင်အောင် ရဟန်းပြုတုံ၊ လူထွက်တုံ ဖြစ်၍နေ၏။ ခုနစ်ကြိမ်မြောက် ရဟန်းပြုရာ၌ အဘိဓမ္မာကို ဆောင်၍ ရဟန်းတို့ကို သင်ကြားစေလျက် ဝိပဿနာတရား ပွားများကာ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

အဆွေခင်ပွန်း ရဟန်းတို့သည် တရားသဘင်ဝယ် စိတ္တဟတ္ထ မထေရ်အကြောင်း စကားစပ်မိ၍ ပြောကြားနေကြစဉ် မြတ်စွာဘုရား ကြွလာတော်မူကာ “ရဟန်းတို့ ... ပုထုဇဉ်တို့စိတ်ကား အဖြစ်မြန်၏၊ အာရုံတစ်ခုခုကို စွဲလမ်းမိလျှင် ဖြေဖျောက်နိုင်ခဲ့၏၊ ရှေးပညာရှိတို့သည် ပေါက်တူးတစ်ချောင်း၌ တပ်စွန်းသော လောဘကြောင့် ခြောက်ကြိမ်တိုင်အောင် လူထွက်၍ ခုနစ်ကြိမ်မြောက် ရဟန်းအဖြစ်၌ ဈာန်ကိုရ၍ လောဘကို နှိပ်စက်ဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ပစ္စည်းတပ်မက် ခြောက်ကြိမ်ထွက်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဟင်းရွက်သည်မျိုး၌ဖြစ်၍ သိကြားလိမ္မာသောအခါ ဘုရားအလောင်းကို ကုဒါလပဏ္ဍိတဟု ခေါ်ဆိုကြကုန်၏။

ထိုကုဒါလပဏ္ဍိတသည် ပေါက်တူးတစ်ချောင်းဖြင့် မြေကို တူးဆွကာ ဟင်းရွက်ဟင်းသီး စိုက်ပျိုးရောင်းချလျက် ဆင်းဆင်းရဲရဲ အသက်မွေးရ၏။ ကုဒါလပဏ္ဍိတအား ပေါက်တူးတစ်ချောင်းကလွဲ၍ တခြား ကိုယ်ပိုင် ပစ္စည်း ဥစ္စာ မရှိလေ။

တစ်နေ့သ၌ ကုဒါလပဏ္ဍိတသည် ငါ့မှာ အိမ်၌နေရသဖြင့် အကျိုးမရှိ၊ တောထွက်ပြီး ရသေ့ရဟန်းပြုတော့မည်ဟု ကြံစည်ပြီးလျှင် မိမိပိုင် ပေါက်တူးကို တစ်နေရာတွင် ဝှက်ထားခဲ့၍ ရသေ့ရဟန်း ပြုလေ၏။

နောက်အခါ ပေါက်တူးကို သတိရပြန်၍ ပေါက်တူး၌ စွဲလမ်းနေသော လောဘကို မသတ်နိုင်သဖြင့် လူထွက်၏။ ဤနည်းဖြင့် ပေါက်တူးကို စွဲလမ်းကာ ခြောက်ကြိမ်တိုင် ရဟန်းပြုတုံ၊ လူထွက်တုံ ဖြစ်ကာ နေလေ၏။

ကိလေရန်ဟူ အောင်မြင်သူ[ပြင်ဆင်ရန်]

ခုနစ်ကြိမ်မြောက် ရဟန်းပြုမည့်အခါ၌ကား ငါသည် ဘာမဟုတ် အဖိုးမတန် တုံးအိုနေသော ပေါက်တူး တစ်ချောင်းကိုပင် မစွန့်ပစ်နိုင်၊ သူတစ်ပါးတို့မှာ မရေတွက်နိုင်သော စည်းစိမ်ဥစ္စာကိုပင် စွန့်ပစ်၍ ရဟန်းပြုကြသည်။ ဤသို့ သတိသံဝေဂဖြစ်ကာ သည်တစ်ခါတော့ ပေါက်တူးတုံး၌ စွဲလမ်းနေသော လောဘကို နှိပ်စက် ဖျက်ဆီးတော့မည်၊ နောက်၌ လောဘမဖြစ်နိုင်အောင် ဤပေါက်တူးတုံးကို အစပျောက် စွန့်ပစ်တော့မည်ဟု ကြံစည်လျက် မြစ်ကမ်းနားသို့ သွားပြီးလျှင် ပေါက်တူးကိုမြှေက်၍ ခေါင်းပေါ်တွင် သုံးပတ်အားကုန်ယမ်းပြီး မျက်စိမှိတ်ကာ မြစ်ထဲသို့ ပစ်လွှင့်ပြီးလဆင် ဝမ်းသားအားရ အောင်ပြီ ... အောင်ပြီ ... အောင်ပြီ ဟု သုံးကြိမ် တိုင်အောင် ကြွေးကြော်လေ၏။

အောင်ပုံနည်းပြ တရားချ[ပြင်ဆင်ရန်]

ထိုစဉ်အခါ ဗာရာဏသီမင်းကြီးသည် ပစ္စန္တရာဇ်သူပုန်ရန်ကို အောင်နိုင်၍ စစ်သည်ဗိုလ်ပါနှင့် ကြွလာခိုက် ကြုံသဖြင့် အောင်ပြီ ကြွေးကြော်သံကိုကြား၍ ကုဒါလပဏ္ဍိတကိုခေါ်စေကာ “အမောင် ... ငါကား ပစ္စန္တရာဇ်သူပုန်ရန်ကို အောင်မြင်၍ လာခဲ့သည်၊ သင်ကား ဘယ်အရာကို အောင်မြင်သနည်း” ဟု မေးလေ၏။

ကုဒါလပဏ္ဍိတသည် မင်းကြီးအား “မြတ်သော မင်းကြီး ... သင်မင်းကြီး၏ အောင်မြင်ခြင်းကား စစ်မြေပြင်ဝယ် ရန်သူကို အောင်မြင်ခဲ့ခြင်းဖြစ်၍ ကောင်းသော အောင်မြင်ခြင်း မဟုတ်ပါ၊ အကျွန်ုပ်၏ အောင်မြင်ခြင်းဖြစ်၍ ကောင်းသော အောင်မြင်ခြင်းဖြစ်သည်” ဟု ပြောကာ မြစ်တွင်းရှိ ရေကို အာပေါကသိုဏ်းရှု၍ ဈာန်ကိုဖြစ်စေလျက် ကောင်းကင်၌ နေပြီးလျှင် မင်းကြီးအား တစ်ဖန် -

“မြတ်သောမြင်းကြီး ... သင်မင်းကြီး အောင်မြင်ခြင်းကား ရန်သူပုန်ထလာလျှင် ပြန်၍ နှိမ်နင်းရဦးမည်ဖြစ်၍ ကောင်းသော အောင်မြင်ခြင်း မဟုတ်၊ အကျွန်ုပ်၏ အောင်မြင်ခြင်းကား ကိုယ်တွင်းရှိ ကိလေသာ ပြန်၍မဖြစ်နိုင်အောင် အောင်မြင်ခြင်းဖြစ်၍ ကောင်းသော အောင်မြင်ခြင်း ဖြစ်သည်”

ဟု တရားဟောလေ၏။ မင်းကြီးလည်း တရားကို ကြားနာရသဖြင့် ရဟန်းပြုလိုသော စိတ်ရှိ၍ ကုဒါလပဏ္ဍိတအား “အို ပညာရှိ ... သင် ယခု ဘယ်သိုသွားမည်နည်း” ဟု မေးရာ “ဟိမဝန္တာသို့သွား၍ ရဟန်းပြုမည်” ဟု ပြောဆိုရာ ကုဒါလပဏ္ဍိတနှင့်အတူ လိုက်လေ၏။ ဤနေရာတွင် စုဝေးမိသော ပရိသတ်အားလုံးလည်း ရဟန်းပြုရန် လိုက်ကြကုန်၏။

တောထွက်ဖို့ရေး ဖန်ဆင်းပေး[ပြင်ဆင်ရန်]

မြို့နေလူတို့လည်း ငါတို့မင်းကြီးသည် စစ်သည်ဗိုလ်ပါနှင့်တကွ ရဟန်းပြုရန် ကုဒါလပဏ္ဍိတ နောက်သို့ လိုက်လေပြီဟု ကြားလျှင် ငါတို့လည်း ဤမြို့တွင် နေရစ်သဖြင့် ဘာအကျိုးရှိမည်နည်း ရဟန်းပြုမည်ဟု တစ်ဆယ့်ယူဇနာရှိ ပရိတ်သတ်သည် ကုဒါလပဏ္ဍိတနောက်သို့ လိုက်ကြပြန်၏။

ထိုအခါ သိကြားမင်းသိ၍ ရသေ့တို့ ပရိက္ခရာ နေရာ ထိုင်ခင်း ဖန်ဆင်းစီမံချေဟု စေခိုင်းလိုက်သဖြင့် ဝိသကြုံနတ်သားလည်း ယူဇနာသုံးဆယ် ကျယ်ဝန်းသော နေရာ၌ အလုံးစုံ ပြည့်စုံအောင် ဖန်ဆင်းပြီးလျှင် မိမိနေရာသို့ ပြန်လေ၏။

ခုနစ်ပြည်မင်းများ နတ်ရွာလား[ပြင်ဆင်ရန်]

ကုဒါလပဏ္ဍိတလည်း ဝိသကြုံနတ်သား ဖန်ဆင်းစီမံထားခဲ့သော ရသေ့ပရိက္ခရာတို့ကိုယူကာ ရှေးဦးစွာ ရသေ့ရဟန်းပြု၍ နောက်ပါ ပရိသတ်ကိုလည်း အသီးအသီး ရသေ့ရဟန်း ပြုစေပြီးလျှင် အရိပ်၊ သင်္ခမ်း၊ နေရာ၊ ထိုင်ခင်းတို့ကို ဝေဖန်ပေးလေ၏။

နောက်တစ်ခါ ခုနစ်ပြည်ထောင်မင်းတို့ ကြားပြန်၍ ပရိသတ်နှင့်တကွ တောထွက်လာကြပြန်ရာ ယူဇနာ သုံးဆယ်ကျယ်ဝန်းသော ရသေ့တို့နေရာသည် အလုံးစုံ ပြည့်လေ၏။

ကုဒါလပဏ္ဍိတမှစ၍ ရသေ့အပေါင်းတို့သည် ကသိုဏ်းပရိကံကို ပြုလုပ်ကာ ဈာန်အဘိညာဉ် ရကြလျက် သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ ရောက်ကြကုန်၏။

ရသေ့ သူတော်ကောင်းတို့ကို ပူဇော်လုပ်ကျွေး သူတို့လည်း ကုသိုလ်တရားကို အားထုတ်ကာ သေသည် အခြားမဲ့၌ နတ်ပြည်သို့ လားကြကုန်၏။

ဤဒေသနာတော်၏ အဆုံး၌ တချို့ရဟန်းတို့သည် သောတာပန်၊ တချို့ သကဒါဂါမ်၊ တချို့ အနာဂါမ်၊ တချို့ ရဟန္တာ အဖြစ်သို့ ရောက်ကြကုန်၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ကုဒါလပဏ္ဍိတ ပရိသတ်သည် - ဘုရားပရိသတ်။

ကုဒါလပဏ္ဍိတ သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ပြင်ရန်ခပဲ၊ အောင်သော်လည်း၊ အောင်ပွဲမမည်ပါ။

(၂) တွင်းရန်ကိလေ၊ အောင်မြင်လေ၊ မသွေအောင်ပွဲပါ။

ကုဒါလဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ