ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တိကနိပါတ် - ၁။ သင်္ကပ္ပဝဂ် -(၂၅၄) ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်။ ။ ဆင်းရဲသော အမယ်အိုထံ၌ ဆန်ကွဲကျိုးနှင့် မြက်ကြွင်းစား၍ ကျေးဇူးဆပ်ခဲ့ပြီး၊ ချမ်းသာသူထံတွင် မွန်မြတ်သော အစာကိုရမှ စားလျက် ဧကရာဇ်မင်းအဖြစ်ရောက်အောင် ကျေးဇူးဆပ်သော သိန္ဓောမြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]သူဆင်းရဲအိုမ အရှင်သာရိပုတ္တရာရ
[ပြင်ဆင်ရန်]နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် တစ်ရံသောအခါ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ ဝါဆိုတော်မူပြီးလျှင် ဒေသစာရီ ကြွချီတော်မူ၍ တစ်ဖန်ပြန်လာသည်ရှိသော် ဒါယကာတို့သည် အာဂန္တုကဘတ်ကို ပြုမည်ဟု ဘုရားအမှူရှိသော သံဃာအား အလှူကြိးကို ပေးကုန်၏။
ကျောင်းတော်၌ ဓမ္မဃောသက ရဟန်းတစ်ပါးကို ထား၏။ ထိုရဟန်းသည် ဒါယကာတို့ အလိုရှိတိုင်းသော ရဟန်းတို့ကို ဝေငှ၍ပေး၏။ ထိုအခါ ဆင်းရဲနွမ်းပါးလှသော မိန်းမအိုတစ်ယောက်သည် တစ်ပါးစာဆွမ်းကို စီရင်၍ မိမိအတွက် သံဃာမရသဖြင့် ဓမ္မဃောသက ရဟန်းထံသို့ သွားပြီးလျှင် “အရှင်ဘုရား ... အကျွန်ုပ်အတွက် ရဟန်းတစ်ပါးပေးပါ” ဟု လျှောက်၏။ ထိုဓမ္မဃောသက ရဟန်းသည် - “ဒါယိကာမကြီး ... ရဟန်းတို့ကုန်ခဲ့ပြီ၊ အရှင်သာရိပုတ္တရာ ကျောင်းတော်မှာ ရှိသေးသည်။ သွား၍လှူဒါန်းချေ”ဟု စေလွှတ်လိုက်၏။
ဆင်းရဲသူမအလှူ ဝိုင်းဝန်းကူ
[ပြင်ဆင်ရန်]မိန်းမအိုလည်း နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ဇေတဝန်ကျောင်းတော်တံခါးမုခ်သို့ သွား၍ ရပ်နေခိုက် အရှင်သာရိပုတ္တရာ ကြွလာသောအခါ ရှိခိုး၍ လက်မှ သပိတ်ကိုယူကာ အိမ်သို့ပင့်ဆောင်ကာ မြတ်သောနေရာတွင် သီတင်းသုံးစေ၏။
ထိုအကြောင်းကို ကောလသမင်းကြီး ကြားတော်မူလျှင် မိန်းမအိုအား ဤအဝတ်ကိုဝတ်၍ ဤအသပြာ တစ်ထောင်ဖြင့် ဝယ်ခြမ်းကာ မွန်မြတ်သော ဘောဇဉ်ဖြင့် အရှင်ကို လုပ်ကျွေးပါဟု မှားပြီးလျှင် အဝတ်ပုဆိုးနှင့် အသပြာတစ်ထောင်ကို ပို့စေ၏။ ထိုအတူ မဟာအနာထပိဏ်၊ စူဠအနာထပိဏ် ဝိသာခါတို့လည်း အသီးအသီး အသပြာတို့ကို ပို့စေကုန်၏။ တစ်ပါးသောသူတို့လည်း မိမိတို့အစွမ်းရှိသလောက် တစ်ရာတန်သည်၊ နှစ်ရာတန်သည်တို့ကို ပို့ကြကုန်၏။ ဤသို့လျှင် မိန်းမအိုအား တစ်ရက်ချင်းဖြင့်လျှင် အသပြာ တစ်သိန်းကို ရလေ၏။
ရှေးအခါသနှစ် ခိုကိုးရာဖြစ်
[ပြင်ဆင်ရန်]ရှင်သာရိပုတ္တရာသည် မိန်းမအိုလှူသော ယာဂုကိုသောက်၍ မိန်းမအို စီရင်သော ဘောဇဉ်ကို ဘုဉ်းပေးပြီးလျှင် အနုမော၏နာပြုကာ မိန်းမအိုအား သောတာပတ္တိဖိုလ်၌ တည်စေ၍ ကျောင်းတော်သို့ ကြွတော်မူ၏။
ရဟန်းတို့သည် တရားသဘင် ငါ့ရှင်တို့ ရှင်သာရိပုတ္တရာသည် အိုမင်းပြီးသော အိမ်ရှင်မအား ဆင်းရဲမှလွတ်စေ၏။ ထိုမိန်းမအို ကပ်လှူသော ယာဂုဘောဇဉ်ကို မရွံမရှာ ဘုဉ်းပေးတော်မူ၏ဟု အရှင်သာရိပုတ္တရာ၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုနေခိုက် မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ရှင်သာရိပုတ္တရာသည် ယခုအခါ၌သာ ထိုမိန်းမအို၏ ကိုးကွယ်ရာဖြစ်သည်မဟုတ် ရှေးအခါ၌လည်း ဖြစ်ဖူးပြီ၊ ယခုအခါ၌သာ ထိုမိန်းမအို ပေးအပ်သော အစာအာဟာရကို မရွံမရှာစားသည်မဟုတ် ရှေးအခါ၌လည်း စားဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]အမယ်အိုအိမ်ဝင်း တည်းခိုခြင်း
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥတ္တရာပထမြင်းကုန်သည်မျိုး၌ ဖြစ်လေ၏။
တစ်နေ့သ၌ ဥတ္တရာပထဇနပုဒ်မှ မြင်းကုန်သည်ငါးရာတို့သည် မြင်းတို့ကို ဆောင်ယူကာ ဗာရာဏသီပြည်သို့ သွားကြကုန်၏။ မြင်းကုန်သည် တစ်ယောက်သည် မြင်းငါးရာတို့ကို ယူဆောင်လျက် ဗာရာဏသီပြည်သို့ သွားလေ၏။ ခရီးအကြားတွင် ဗာရာဏသီပြည်နှင့် မနီးမဝေးသော အရပ်၌ နိဂုံးရွာတစ်ခု ရှိလေ၏။
ထိုနိဂုံးရွာဝယ် ရှေးသောအခါ စည်းစိမ်ဥစ္စာ များစွာ ကြွယ်ဝသော သူဌေးကြီးတစ်ဦး ရှိခဲ့ဖူး၏။ ထိုသူဌေးကြီး၏ နေရာအိမ်သည် အလွန်ကြီးကျယ်၏။ အမျိုးမူကား အစဉ်သဖြင့် ပျက်စီးဆုံးပါးခြင်းသို့ ရောက်ခဲ့သဖြင့် ထိုအိမ်ကြီးတွင် မိန်းမအိုတစ်ယောက်သာ ကြွင်းကျန်လေ၏။ ထိုအခါ မြင်းကုန်သည်သည် ထိုနိဂုံးသို့ရောက်လျှင် ထိုမိန်းမအိုနေ အိမ်ကြီးကို အဖိုးအဖပေးပါမည်ဆိုကာ မြင်းတို့ကို သင့်တင့်လျောက်ပတ်သော အရပ်၌ ထား၍ ခေတ္တတည်းခိုနေထိုင်လေ၏။
မြင်းငယ်ကလေး အိမ်ခပေး
[ပြင်ဆင်ရန်]ထိုနေ့၌ပင် အာဇာနည်မြင်းမ တစ်ကောင်သည် အာဇာနည်မြင်းငယ်ကို ဖွားမြင်လေ၏။ မြင်းကုန်သည်လည်း နှစ်ရက်၊ သုံးရက်နေ၍ မြင်းတို့ကို အားယူစေပြီးလျှင် မင်းကြီးကို ဖူးမြင်မည်ဟု ပြောဆိုကာ မြင်းတို့ကိုယူ၍ သွားလေ၏။ ထိုအခါမိန်းမအိုသည် အိမ်၌နေသော အဖိုးအခကို ပေးပါဟု တောင်း၏။ မြင်းကုန်သည်သည် ကောင်းပြီ ပေးပါမည်ဟု ဆိုလတ်သော် မိန်းမအိုသည် “အမောင် .... အဖိုးအခ ပေးမည်ဆိုလျှင် ယမန့်ကေ မွေးဖွားသော မြင်းငယ်ကိုသာ ပေးပါ” ဟု တောင်း၏။ မြင်းကုန်သည်လည်း ကောင်းပြီဟု ဆိုကာ မြင်းငယ်ကို ပေးခဲ့၍သွားလေ၏။ မိန်းမအိုလည်း ထိုမြင်းငယ်ကို သားကဲ့သို့ ချစ်ခင်လှသဖြင့် - နေ့စဉ် ဆန်ကွဲထမင်းချိုးနှင့် စားငုတ်မြတ်တို့ကို ကျွေး၍ မွေးမြူလေ၏။
မြင်းတွေရှောင်ကွင်း သိန္ဓောမြင်း
[ပြင်ဆင်ရန်]နောက်အခါ ဘုရားလောင်း မြင်းကုန်သည်သည် မြင်းငါးရာတို့ကို ယူ၍ ဗာရာဏသီပြည်သို့ လာသည်ရှိသော် ထိုမိန်းမအို၌ပင် တည်းခိုလေ၏။ သိန္ဓောမြင်းငယ် နေရာအရပ်မှ အနံ့ကိုရ၍ မြင်းငါးရာတို့တွင် မြင်းတစ်ကောင်မျှ အိမ်သို့ မဝင်ဝံ့ချေ။ ထိုအခါ မြင်းကုန်သည်သည် မိန်းမအိုအား - “မိခင် ...ဤအိမ်မှာ မြင်းရှိသလော” ဟု မေးလေ၏။ “အမောင် ... တခြားမြင်းမရှိပါ၊ ငါသားပြု၍ ကျွေးမွေးထားသော မြင်းငယ်တစ်ကောင် ရှိပါသည်” ဟု ပြောလေလျှင် “မိခင် ... ထိုမြင်းငယ် ဘယ်သွားသနည်း” ဟု မေးပြန်ရာ “အမောင် .... အစာစားရန်သွားသည်၊ ညနေချမ်းအခါ ပြန်လာလိမ့်မည်” ဟု ပြောလေ၏။
မြင်းကုန်သည်လည်း ထိုမြင်းငယ်လာခြင်းကို ရှုမျှော်ကာ မြင်းတို့ကို အိမ်ပြင်၌ထား၍ နေလေ၏။ သိန္ဓောမြင်းငယ်သည် ကျက်စားရာအရပ်မှ ညနေချမ်းအခါ အိမ်သို့ပြန်လာ၏။ မြင်းကုန်သည်မြင်၍ လက္ခဏာတို့ကို ကြည့်ရှုဆင်ခြင်လတ်သော် ဤမြင်းငယ်ကား သိန္ဓောမြင်းတည်း၊ အဖိုးမဖြတ်နိုင်အောင် ထိုက်တန်သော မြင်းငယ်ဖြစ်ကြောင်းကိုသိ၍ မိန်းမအိုအား အဖိုးပေး၍ ဤမြင်းငယ်ကို ယူရန်သင့်၏ဟု ကြံစည်လေ၏။ သိန္ဓောမြင်းငယ်လည်း မိမိနေရာသို့ ဝင်၍နေ၏။ ထိုခဏ၌ မြင်တို့သည် အိမ်သို့မဝင်ဝံ့ကြကုန်။
သိန္ဓောမြင်းမြတ် ကျေးဇူးဆပ်
[ပြင်ဆင်ရန်]မြင်းကုန်သည်လည်း နှစ်ရက်၊ သုံးရက်နေ၍ မြင်းတို့ကို အားယူစေပြီးလျှင် သွားမည်ဟု ပြင်ဆင်လတ်သော် “မိခင် .... မြင်းငယ်ကိုရောင်းပါ” ဟု ပြော၏။ “အမောင် ... အဘယ်သို့ဆိုသနည်း၊ သားကိုရောင်းစားသော မိန်းမမည်သည်ရှိသလော” ဟု ပြော၏။ “မိခင် .... ဤမြင်းငယ်ကို ဘယ်အစာကိုကျွေး၍ မွေးမြူသနည်း” ဟု မေးပြန်၏။ “အမောင် .... ဆန်ကွဲထမင်းချိုး စားငုတ်မြက်တို့ကို ကျွေး၍ မွေးမြူပါသည်” ဟု ပြောပြန်၏။ “မိခင် ... အကျွန်ုပ်ဤမြင်းငယ်ကိုရလျှင် ထမင်းကိုစားစေ၍ နေရာအထက်၌ ပုဆိုး ဗိတာန်ကြက်ပြီး အင်းပျဉ်ပေါ်၌ ထားပါမည်” ဟု ပြော၏။ “အမောင် ... ဤလိုပြုစုလျှင် ငါ့သား ချမ်းသာကိုခံစားရလတ္တံ့၊ ယူ၍သွားပါ” ဟု ခွင့်ပြုလေ၏။
ထိုအခါ မြင်းကုန်သည်သည် သိန္ဓောမြင်းငယ်၏ - ခြေလေးချောင်း၊ အမြီးရင်း၊ ခံတွင်းတို့၌ တစ်ထောင်စီအားဖြင့် အသပြာခြောက်ထောင်ထား၍ မိန်းမအိုကို အဝတ်သစ်တို့ကို ဝတ်စေ၍ မြင်းငယ်၏ ရှေ့မှာ ရပ်စေ၏။ သိန္ဓောမြင်းငယ်သည် အမိ မိန်းမအိုကိုကြည့်လျက် မျက်ရည်ကျလေ၏။ မိန်းမအိုလည်း သိန္ဓောမြင်းငယ်၏ ကျောကို သုံးသပ်၍ “ချစ်သား ... ငါ့မှာ သားမွေးကျိုးကိုရပေပြီ၊ လိုက်သွားပါ” ဆို၍ ပေးလိုက်၏။ သိန္ဓောမင်းငယ်လည်း မြင်းကုန်သည်နောက်သို့ လိုက်လေ၏။
ယုတ်ညံ့သော အစာကို မစားလို
[ပြင်ဆင်ရန်]မြင်းကုန်သည်သည် သိန္ဓောမြင်းငယ်၏ ထမင်းကိုစီရင်ပြီးလျှင် ဤ သိန္ဓောမြင်းငယ်ငည် မိမိကိုယ် အစွမ်းကို သိသလော၊ မသိသလော စုံစမ်းမည်ဟု စားကျင်း၌ ဆန်ကွဲယာဂုကို လောင်း၍ပေးလေ၏။ သိန္ဓောမြင်းငယ်သည် ဘောဇဉ်ကိုလည်း ငါမစားလို၊ ယာဂုကိုလည်း မသောက်လိုဟု ပြောလေ၏။ မြင်းကုန်သည်သည် သိန္ဓောမြင်းငယ်အား -
“မြင်းငယ် ... သင်ကား - စားကျင်းမြက်နှင့် ဆန်ကွဲကျိုးကိုစား၍ ကြီးပြင်းခဲ့၏။ ဤဆန်ကွဲယာဂုသည် သင်စားနေကျ အစာဖြစ်၏။ သင်ယခု အဘယ်ကြောင့် ထိုအစာကို မစားသနည်း” – ဟု - ပြောဆိုကာ မြင်းကုန်သည်၏ စကားကို ကြားလျှင် မြင်းငယ်သည် မြင်းကုန်သည်အား -
“မြတ်သော ကုန်သည်ကြီး ... အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အကျင့်အားဖြင့် လည်းကောင်း လိုက်လျောအောင် ကျွေးမွေးရမည့် အစာအာဟာရကို မသိသောသူ၏ ထံမှာ - စင်စစ် စားကျင်းမြက်နှင့် ဆန်ကွဲထမင်းချိုးကိုသာ စားပေ၏။
ဤမြင်းကား သိန္ဓောမြင်း မြင်းမြတ်တည်းဟု သင်သည် ငါ၏အမျိုးဇာတ် အကျင့်ကိုသိ၏၊ အစွမ်းကိုသိသော ငါသည်၊ အစွမ်းကိုသိသော သင့်ထံမှာ ဆန်ကွဲယာဂုကို မစားနိုင်၊ သင် ဆန်ကွဲယာဂုကို စားစေလိုသဖြင့် အသပြာ ခြောက်ထောင်ပေးကာ ငါ့ကိုဝယ်သူသည်မဟုတ်” – ဟု - ပြောဆိုလေ၏။ မြင်းကုန်သည်သည် ထိုစကားကို ကြားလျှင် “မြင်းငယ် .... သင့်ကိုစုံစမ်းလိုသဖြင့် ဆန်ကွဲယာဂုကို ကျွေးပါသည်။ အမျက်မထွက်ပါလင့်” ဟု ဖျောင်းဖျပြောဆိုကာ ကောင်းသောဘောဇဉ်ကို ကျွေးလေ၏။
သိန္ဓောစွမ်းပြ ကြည့်ရှုကြ
[ပြင်ဆင်ရန်]မင်းရင်ပြင်သို့ရောက်လျှင် တစ်ခုသောအရပ်၌ မြင်းငါးရာတို့ကိုထား၍ သိန္ဓောမြင်းငယ်ကို တစ်ခုသောအရပ်၌ ဆန်းကြယ်သော တင်းတိမ်ကို ကာရံလျက် အောက်က အခင်းခင်းပြီးလျှင် အထက်က ပုဆိုးဗိတာန်ကြက်ကာ ကောင်းစွာထားလေ၏။
မင်းကြီးလာလတ်၍ မြင်းလျှင် “အချင်း - ကုန်သည် ... ဤမြင်းကို အဘယ်ကြောင့် သီးသန့်ထားသနည်း” ဟု မေး၏။ “အရှင်မင်းကြီး ... ဤမြင်းကား သိန္ဓောမြင်းတည်း၊ မြင်းတို့တွင် ထူးခြားမြင့်မြတ်သော မြင်းဖြစ်ပါသည်” ဟု လျှောက်၏။ “အချင်း ... ဤမြင်း၏ လျင်မြန်ခြင်းကို ကြည့်ရှုလိုသည်” ဟု ပြောလေ၏။ ထိုအခါ မြင်းကုန်သည်သည် “မင်းကြီး ... ကြည့်ရှုတော်မူပါ” ဟု လျှောက်ထား၍ မြင်းကို ကကြိုးတန်ဆာဆင်၍ စီးနင်းပြီးလျှင် - လူတို့ကို ဖယ်ရှားစေ၍ မင်းရင်ပြင်တွင် စိုင်းလေ၏။ မင်းရင်ပြင်တစ်ခုလုံး မြင်းအစဉ်ဖြင့် ခြံရံ၍ ထားသကဲ့သို့ ထင်ရ၏။
ကြာရွက်ပေါ်ဖျား သိန္ဓောသွား
[ပြင်ဆင်ရန်]မြင်းကုန်သည်သည် ခေတ္တနားကာ တစ်ဖန်လွှတ်ပြန်၏။ အလွန်လျင်မြင်လှသဖြင့် တစ်စုံတစ်ယောက်မျှ မြင်းကို မမြင်ရချေ။ တစ်ဖန် အဝတ်နီကိုပတ်ပြီးလျှင် လွှတ်ပြန်၏။ အဝတ်နီိကိုသာ မြင်ရ၏။ နောက်တစ်ဖန် မြို့တွင်းရှိ ဥယျာဉ်ရေကန်၌ လွှတ်ပြန်၏။ ရေကန်ပေါ်တွင် ပြေးသော သိန္ဓောမြင်း၏ ခွာဖျားတို့သည် ရေမစိုကုန်၊ ပဒုမ္မာကြာရွက်တို့ အပေါ်၌ ပြေးသည်ရှိသော် တစ်ခုသော ပဒုမ္မာကြာရွက်မျှကိုလည်း ရေ၌မနစ်စေ။
ဤသို့ မြင်း၏ပြည့်စုံခြင်းကို ပြပြီးလျှင် မြင်းပေါ်မှ ဆင်းသက်၍ လက်ခုပ်တီးကာ လက်ဝါးပြင်ကို ဖြန့်၍ ပြလေ၏။ မြင်းငယ်သည် လာလတ်၍ ခြေလေးချောင်းတို့ကို တပေါင်းတည်းစုကာ လက်ဝါးပြင်၌ ရပ်လေ၏။ ထိုအခါ မြင်းကုန်သည်သည် “မြတ်သောမင်းကြီး ... အလုံးစုံသော အခြင်းအရာဖြင့် လျင်မြန်ခြင်းကို ပြသည်ရှိသော် သမုဒ္ဒရာ အဆုံးရှိသော တိုင်းပြည်သည် လျင်မြန်ခြင်း အဟုန်ကို ချထားခြင်းငှာ မလောက်နိုင်ရာ” ဟု လျှောက်ထားလေ၏။
သိန္ဓောတန်ခိုး ကျွန်းလုံးစိုး
[ပြင်ဆင်ရန်]မင်းကြီးလည်း မြင်းငယ်၏ လျင်မြန်ခြင်းကို မြင်ရ၍ အလွန်နှစ်သက် အားရတော်မူသဖြင့် မြင်းကုန်သည်အား တိုင်းပြည်ကို တစ်ဝက်ပေး၍ မင်းကိုယူလေ၏။ သိန္ဓောမြင်းငယ်ကိုလည်း အဘိသိက်သွန်းကာ မင်္ဂလာမြင်း ပြုလေ၏။ များစွာသော ပူဇော်သက္ကာရကိုလည်း ပြုလေ၏။ တန်ဆာဆင်အပ်သော နေရာတိုက်ခန်းကဲ့သို့ မြင်းတော်၏ နေရာကို ပြု၏။ နံ့သာမျိုးလေးပါးဖြင့် မြေကိုလိမ်းကျံ၍ ထား၏။ အထက်က ရွှေကြယ်စီသော ဗိတာန်ကိုကြက်၏။ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ကို ကာရံ၏။ နံ့သာပန်းဆိုင်းတို့ကို ဆွဲ၍ထား၏။ အမြဲ နံ့သာ ဆီမီး ညှိထွန်း၏။ ကျင်းကြီးကျင်ငယ် စွန့်ရာ၌ ရွှေအိုးကိုခံ၍ ထား၏။ နေ့စဉ် မင်းကြီး သုံးဆောင်သော ဘောဇဉ်ကိုစားစေ၏။
မင်းကြီးသည် မင်္ဂလာမြင်းတော်ကို ရသောနေ့မှစ၍ ဇမ္ဗူဒိပ်ကျွန်းလုံး၌ မင်းအဖြစ်သည် မင်းကြီးထံသို့ ရောက်လာ၏။ မင်းကြီးသည် ပညာရှိမြင်းကုန်သည် အဆုံးအမ၌တည်၍ ကုသိုလ်ကောင်းမှုကိုပြုကာ သေလွန်သည့်အဆုံး၌ နတ်ပြည်သို့လားရ၏။
ဤဒေသနာတော်ကိုဆောင်၍ သစ္စာကိုပြသည့်အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာအဖြစ်သို့ ရောက်ကြ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မိန်းမအိုသည် - ယခုအခါ မိန်းမအို။
သိန္ဓောမြင်းသည် - သာရိပုတ္တရာ။
မြင်းကုန်သည်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) မျိုးဇာတ်ကျင့်စာ၊ မသိရာ၊ ရရာရောင့်ရဲလေ။
(၂) မျိုးဇာတ်ကျင့်စာ၊ သိပြန်ရာ၊ သင့်ရာကျေနပ်လေ။
ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။