ကုက္ကုဇာတ်

ဝီကီပီးဒီးယား မှ

သတ္တကနိပါတ် - ၁။ ကုက္ကုဝဂ် -(၃၉၆) - ကုက္ကုဇာတ် အိမ်အထွက်၊ ရှောက်သီး၊ ကြာပွင့်တို့ကို ပမာပြ၍ ပညာရှိအမတ် ဆိုးဆုံးမအပ်သော ဗြဟ္မဒတ်မင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ဥပါယ်ကြောင်းပြ မင်းဆုံးမ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မင်းအား ဆုံးမခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

အထွက်တည်ရေး ပညာရှိမေး[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗြဟ္မဒမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အကျိုးအကြောင်းကိုပြ၍ ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ ထို ဗြဟ္မဒတ်မင်းသည် အဂတိ လိုက်စားကာ မတရားသဖြင့် မင်းပြု၏။ တိုင်းပြည်ကို နှိပ်စက်၍ ဥစ္စာကိုယူ၏။ ပညာရှိအမတ်သည် မင်းကို ဆုံးမလို၍ ဥပမာတစ်ခုကို စုံစမ်းရှာဖွေလျက်နေ၏။

ထိုအခါ ဥယျာဉ်ဝယ် အထွက်တင်၍ အခြင်ကြဲကာမျှဖြစ်၍ မပြီးသေးသော အိမ်သည် ရှိ၏။ မင်းကြီးသည် ဥယျာဉ်ကစားသွားရာ ဆောက်လုပ်ဆဲ အိမ်ကို မော်၍ ကြည့်လတ်သော် အထွက်ဝန်းကိုမြင်လျှင် မိမိအပေါ်သို့ ကျလာမည်ဟု ကြောက်သဖြင့် အပြင်သို့ထွက်၍ တစ်ဖန် ကြည်ရှုပြန်၏။ အထွက်ကား အဘယ်ကိုမှီ၍ တည်သနည်း၊ အခြင်တို့ကား အဘယ်ကိုမှီ၍ တည်ကုန်သနည်းဟု ကြံစည်လျက် -

“ပညာရှိ … အိမ်၏အထွက်ကား အစောက်အားဖြင့် တစ်ထောင့်ထွာ၊ အလုံးအားဖြင့် ရှစ်ထွာ ရှိခဲ့၏။ အကာမရှိ ရင်းတိုက်နှစ် ဖြစ်ခဲ့၏။ အဘယ်ကိုမှီ၍ တည်နေသဖြင့် အောက်သို့ မကျသနည်း” –

ဟု ပညာရှိအမတ်အား အထွက်တည်ခြင်း အကြောင်းကို မေးလေ၏။

ဥပမာကိုထောက် မင်းကိုလျှောက်[ပြင်ဆင်ရန်]

ပညာရှိအမတ်လည်း မင်းကို ဆုံးမရန် ဥပမာကိုရှာနေရာ ရပေပြီဟု ဝမ်းမြောက်ဝမ်းသာ -

“မြတ်သော မင်းကြီး … အကာမရှိ အနှစ်ဖြစ်သော အခြင်သုံးဆယ်တို့ ထက်ဝန်းကျင်မှ ကြဲထားကုန်၏၊ ထိုအခြင်တို့သည် ဖိညှပ်ကာ ထောက်ပံ့၍ ထားသဖြင့် အထွက်သည် တည်နေနိုင်ပါ၏၊ အောက်သို့ မကျပါ -

ထို့အတူ ပညာရှိသော မင်းသည် ခိုင်ခိုင်မြဲမြဲ မကွဲမပြားဘဲ စင်ကြယ်ကုန်လျက် အတိုင်အပင်၌ လိမ္မာကုန်သော အဆွေခင်ပွန်းတို့သည် ကောင်းစွာ ထောက်ပံ့ကြသဖြင့် အခြင်တို့ ထောက်ပံ့၍ ထားသော အထွက်ကဲ့သို့ ဘုန်း ကျက်သရေမှ မလျော့ကျနိုင်ပါ” –

ဟု မင်းကြီးကို အထွက်နှင့် အဆွေခင်ပွန်းတို့ကို အခြင်တို့နှင့် ဥပမာပြုကာ လျှောက်ထားလေ၏။

အမတ်လျှောက်သိ ဆင်ခြင်မိ[ပြင်ဆင်ရန်]

မင်းကြီးသည် ပညာရှိအမတ် ဆိုတိုင်း ဆိတိုင်း မိမိ၏ အမူအရာကို မှတ်သား၍ အခြင်မရှိသော် အထွက်သည် မတည်နိုင်၊ အထွက် မရှိသော် အခြင်လည်း မတည်နိုင်၊ အချင်းချင်း မှီ၍ တည်နိုင်ကြကုန်၏။ တစ်ခု ပျက်သော် နှစ်ခုလုံး ပျက်ရသည်။ ထို့အတူ တရားမစောင့်သော မင်းသည် မထောက်ပံ့သဖြင့် မှူးမတ် စသည်တို့ ပျက်စီးသည်ရှိသော် ထိုသူတို့ အထောက်အပံ့ကို မခံရပြန်သဖြင့် မင်းလည်း အစိုးရခြင်းမှ ဆုတ်ယုတ်ရာ၏။ သို့အတွက် မင်းသည် တရားစောင့်ရာ၏ဟု ကြံစည်မိလေ၏။

ရှောက်သီးစားနည်း ပမာမှီး[ပြင်ဆင်ရန်]

ထိုခဏ၌ မင်းကြီးအား ရှောက်သီးကို လက်ဆောင် ဆက်သကြကုန်၏။ မင်းကြီးသည် ပညာရှိအမတ်အား ပေး၏။ ထိုအခါ ပညာရှိအမတ်သည် ရှောက်သီးကိုယူ၍ -

“မြတ်သောမင်းကြီး … ကြမ်းတမ်း ထူထဲသော အခွံရှိသော ရှောက်သီးကို ဓားဖြင့် အခွံကိုမခွာဘဲ စားသောသူသည် ရှောက်သီးကို ခါးအောင် ပြုသည်မည်၏၊ အခွံကို ပါးပါးခွာ၍ စားသောသူသည် မကောင်းအောင် ပြုသည် မည်၏၊ အခွံကို ကောင်းစွာခွာ၍ စားသောသူသည် ကောင်းအောင်ပြုသည် မည်၏။

ထိုအတူ ပညာရှိသော မင်းသည် ရွာနိဂုံးတို့၌ အလိုရမ္မက် မကြီးဘဲ မင်းကျင့်တရား ဆယ်ပါးနှင့် လျော်စွာကျင့်၍ ပစ္စည်းဥစ္စာတို့ကို စုဆောင်းသည် ရှိသော် သူတစ်ပါးတို့ကို မညှဉ်းဆဲဘဲ ကြီးပွားအောင်ပြုသည် မည်၏” –

ဟု ပစ္စည်းဥစ္စာ စုဆောင်းခြင်း၌ ရှောက်သီးကို ဥပမာပြုကာ လျှောက်ထားပြန်၏။

ကြာပွင့်ကိုပြ မင်းဆုံးမ[ပြင်ဆင်ရန်]

ထိုနောက် မင်းကြီးသည် ပညာရှိအမတ်နှင့် ရေကန်နားသို့သွား၍ ရေ၊ ညွန်၊ မြူ တို့ဖြင့် မလိမ်းကျံဘဲ လှပစွာပွင့်သော ကြားပန်းကိုမြင်လျှင် အကြောင်းကို မေးပြန်၏။ ထိုအခါ ပညာရှိအမတ်သည် -

“မြတ်သောမင်းကြီး … ရေကန်၌ ပေါက်ပွားဖြစ်ထွန်းလျက် နေအရောင်ကြောင့် ပွင့်၍ စင်ကြယ်သန့်ရှင်းသော ကြာပန်းသည် ရေ၊ ညွန်၊ မြူတို့ဖြင့် မလိမ်းကျံ။

ထို့အတူ တရားစောင့်သော မင်းသည် ထားအပ်သော မင်းကျင့်တရား၌ တည်လျက် သူတစ်ပါးတို့အား နိုင်ထက်မမူ စင်ဖြူသော အမှုကို ပြုသည်ရှိသော် ကမ္မကိလေသ မည်သော အကိုသိုလ်တရားတို့ဖြင့် မလိမ်းကျံပါ” –

ဟု တစ်ဖန် ဆုံးမပြန်၏။ မင်းကြီးသည် ပညာရှိအမတ်၏ တရားစကားကို ကြားရလျှင် ထိုအခါမှစ၍ အဂတိလေးပါး မလိုက်စားဘဲ မင်းကျင့်တရား ဆယ်ပါးနှင့် ညီညွတ်စွာ မင်းပြုလျက် ကုသိုလ် ကောင်းမှုတို့ကို ပြု၍ သေသည်၏ အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

ပညာရှိအမတ်သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အခြင်,အထွက်၊ ထောက်ပံ့လတ်၊ မတ်မတ်တည်သလို။

(၂) မှူးမတ်နှင့်မင်း၊ အချင်းချင်း၊ ရိုင်းပင်းတည်သလို။

(၃) အခွံခွာငြား၊ ရှောက်မခါး၊ စား၍ ကောင်းသကို။

(၄) ရမ္မက်ကင်းမှု၊ တရားမှု၊ စုကြဥစ္စာကို။

(၅) ကြာပန်း၌ မူ၊ ရေ, ညွန်, မြူ၊ စင်ဖြူ မလိမ်းလို။

(၆) တရားတည်ဖွယ်၊ မှုစင်ကြယ်၊ မတွယ် အကုသိုလ်။

ကုက္ကုဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ