ကိံပက္ကဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၅-ကိံပက္ကဇာတ် လှည်းမှူး မှာကြားသောစကား နာယူကြသဖြင့် အဆိပ်သီး မစားမိကြ၍ ချမ်းသာကြသော လှည်း သမားများအကြောင်း။
ပစ္စပ္ပုန်ဝတ္ထု
[ပြင်ဆင်ရန်]အာရုံငါးဖြာ ဆိပ်သီးပမာ
[ပြင်ဆင်ရန်]နတ်လူတို့ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာသနာတော်၌ အသက်စွန့်၍ ရဟန်းပြုသော အမျိုးကောင်းသား ရဟန်းတပါးရှိလေ၏၊ ထိုရဟန်းသည် သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံသွားရာ တန်ဆာဆင်ထားသော မိန်းမတယောက်ကို မြင်၍ သာသနာတော်၌ မပျော်မွေ့ဘဲ ပျင်းရိငြီးငွေ့လေ၏၊ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ခေါ် ဆောင်၍ လာကြရာ မြတ်စွာဘုရားသည် ထိုရဟန်းအား “ချစ်သားရဟန်း ငါးပါးသော ကာမဂုဏ်တို့ မည်သည်ကား၊ ခံစားသောကာလ၌ မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော်လည်း အပါယ်ပဋိသန္ဓေကို ပေးတတ်ကုန်၏၊ အဆိပ်သီးကို စားသည်နှင့်တူကုန်၏၊ အဆိပ်သီးတို့ မည်သည်မှာ စားသောအခါ အဆင်းအနံ့အရသာနှင့် ပြည့်စုံသော်လည်း အသည်းအအူတို့ကို ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေတတ်ကုန်၏၊ ရှေးအခါ သူမိုက်တို့သည် အဆိပ်သီးကို စား၍ အသက်ကုန်ခြင်းသို့ ရောက်ဘူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]လှည်းမှူးမှာကြား ကုန်သည်များ
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် လှည်းကုန်သည်မှူးဖြစ်လေ၏၊ တနေ့သ၌ လှည်းမှူးသည် လှည်းငါးရာတို့ဖြင့် အနောက်အရပ်သို့ သွားသည်ရှိသော် တောအုပ် တခုသို့ရောက်လျှင် လှည်းသမားတို့ကို စည်းဝေးစေ၍ “အမောင်တို့... ဤတောအုပ်မှာ အဆိပ်သီးများရှိသည်၊ မစားဘူးသော သစ်သီးတို့ကို ငါ့ကို မပြောကြားဘဲ မစားကြကုန်လင့်”ဟု ဆုံးမလေ၏။
လှည်းသမားတို့သည် တောအုပ်အဝင်တွင် အလွန် အသီးများသော အဆိပ်ပင်ကြီးတပင်ကို တွေ့ကြကုန်၏၊ ပင်စည်, အကိုင်း, အခက်, အရွက်, အပွင့်, အသီး, အနံ့, အရသာတို့သည် သရက်ပင်နှင့် အလုံးစုံတူကုန်၏၊ အချို့လှည်းသမားတို့သည် အဆင်း, အနံ့, အရသာ၌ တပ်စွန်းကာ သရက်သီးအထင်နှင့် စားကြကုန်၏၊ အချို့ လှည်းသမားတို့ကား မစားဘူးသဖြင့် လှည်းမှူးကို မေး၍စားမည်ဟု စောင့်ဆိုင်းနေကြကုန်၏။
စားသုံးလိမ္မာ လွန်ချမ်းသာ
[ပြင်ဆင်ရန်]လှည်းမှူးရောက်လာသောအခါ အဆိပ်သီးမှန်းသိ၍ အသီးကိုကိုင်ကာ စောင့်နေသူတို့အား စွန့်ပစ်စေကုန်၏၊ စားပြီးသော သူတို့အား ဆေးတိုက်၍ အန်စေကုန်၏၊ လက်ဦးစားမိသူတို့သည် ဆေးတိုက်၍ မရတော့ဘဲ သေကြကုန်၏။ လှည်းမှူးလည်း မိမိလိုရာ အရပ်သို့ သွားကာ များစွာသော ပစ္စည်းဥစ္စာတို့ကို ယူဆောင်၍ လှည်းငါးရာနှင့်တကွ မိမိတို့နေရာသို့ ပြန်ပြီးလျှင် ကုသိုလ်ကောင်းမှုကို ပြုစုအားထုတ်လျက် နေလေ၏။
ဤဒေသနာတော်၏အဆုံး၌ သာသနာတော်၌ ပျင်းရိ ငြီးငွေ့ သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ကြွင်းသော ပရိသတ်တို့တွင် အချို့သကဒါဂါမိဖိုလ်, အချို့အနာဂါမိဖိုလ်, အချို့အရဟတ္တဖိုလ်၌ တည်ကုန်၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ရဟန်းတို့ ...
ထိုအခါ လှည်းသမားတို့သည်-ယခုအခါ ဘုရားပရိသတ်။
လှည်းမှူးသည်-ငါဘုရားဖြစ်လာပြီ–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) ကာမဂုဏ်ငါး၊ သုံး-ပျော်ပါး၊ သေငြားပါယ်ရောက်ရ။
(၂) ဆိပ်သီးပမာ၊ စားသူမှာ၊ သေကာပျက်စီးရ။
ကိံပက္ကဇာတ်ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။