မာတိကာသို့ ခုန်သွားရန်

ကာမနီတပုဏ္ဏား

ဝီကီပီးဒီးယား မှ

[]ဤပုဏ္ဏားသည် သာဝတ္ထိပြည်နှင့် ဇေတဝန်ကျောင်း အကြား အစိရဝတီမြစ်ကမ်းပါး၌ လယ်လုပ် နေသော ပုဏ္ဏားဖြစ်သည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူသော မြတ်စွာဘုရားနှင့်တကွ သံဃာတော်များသည် သာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဝင်သောအခါ ဤပုဏ္ဏား၏ လယ်ခင်းများအနီးမှ ဖြတ်သန်း၍ ဝင်တော်မူကြရ၏ []

ပုဏ္ဏားကြီး လယ်လုပ်ငန်းဆင်းချိန်နှင့် ဘုရားရှင်နှင့်တကွ သံဃာတော်များ ဆွမ်းခံဝင်ချိန်သည် အမြဲတမ်း တိုက်ဆိုင်လျက်ရှိ၏၊ ဘုရားသခင်သည် ပုဏ္ဏားကြီး၏ သောတာပန် တည်မည့် အကြောင်းထူးကို မြင်တော်မူသဖြင့် လယ်ခုတ်ထွင် ရှင်းလင်းသည်မှစ၍ လယ်ရိတ် သိမ်းချိန်နီးသည်အထိ အခွင့်သင့်တိုင်း လယ် လုပ်ငန်းနှင့်ပတ်သက်သောစကားများကို နှုတ်ခွန်းဆက်မေးမြန်းတော်မူလေသည် []

ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ပုဏ္ဏားကြီးနှင့် တစ တစ ရင်းနှီး၍ နောင် တရားဓမ္မ ဟောပြသောအခါ တရားကိုရိုသေစွာ နာယူစေရန် ဖြစ်သည်၊ ပုဂ္ဂိုလ်ခင်မှ တရားမင်သည်ဟု ဆိုရိုးစကားရှိ၏၊ ရှေးဦးစွာ ရင်းနှီးမှုရှိအောင် မပြုလုပ်ပဲ လိုခါမှ တရားဓမ္မ ဟောပြောဆုံးမလျှင် ထိုတရားဓမ္မကို ရိုသေစွာ နာယူမည်မဟုတ်ပေ၊ ပုဏ္ဏားကြီးအား ဘုရားသခင်က နှုတ်ခွန်းဆက်သည်ကို မြင်တော်မူကြသဖြင့် ရှင်သာရိပုတြာ, ရှင်မဟာမာဂ္ဂလ္လာန်နှင့်တကွ ရှစ်ဆယ်သော မဟာသာဝကများကလည်း ပုဏ္ဏားကြီးကို အခွင့်သင့်တိုင်း နှုတ်ခွန်းဆက် မေးမြန်းတော်မူကြသည် []

ပုဏ္ဏားကြီးလည်း “အမျိုးမြတ်သော ဘုရားရှင်နှင့်တကွ ရှင်သာရိပုတြာ, ရှင်မဟာမောဂ္ဂလ္လာန် အမှူးရှိသော မဟာသာဝကရှစ်ဆယ်တို့က ငါ့လို အညတရ ပုဏ္ဏားတစ်ယောက်အား နှုတ်ဆက်ဖော် ရပေသည်”ဟု အလွန် ဝမ်းမြောက်ရှာသည့်ပြင် ဘုရားအမှူးရှိသော သံဃာတော်များအား ကြည်ညိုစိတ်လည်း တဖွားဖွား ဖြစ်ပေါ်လာ၏၊ ပုဏ္ဏားကြီး၏ လယ်ခင်းများလည်း မိုးသင့် လေသင့်၍ သီးရင့်များဖြင့် မှည့်ဝင်းနေ၏။ ထင်တိုင်းပေါက်၍ စပါး အမြောက်အမြား ထွက်မည်မှာ သေချာသလောက်ဖြစ်နေလေသည်၊ လယ်ရိတ်သိမ်းပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော်တို့အား တတ်အားသမျှ လှူဒါန်းရန်လည်း စိတ်ကူးထား၏၊ သို့သော် ပုဏ္ဏားကြီးကား ကံဆိုးရှာ၏၊ လယ်မရိတ်မီ အလျင်တညတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အစိရဝတီ မြစ်ရေလွှမ်းမိုး၍ ပုဏ္ဏားကြီး၏ လယ်ခင်း အားလုံး ပျက်စီးလေသည်၊ ပုဏ္ဏားကြီးလည်း ရေလွှမ်းမိုးခံရသဖြင့် ပျက်စီးပြီးသော လယ် ခင်းများကို မြင်ရ၍ အလွန် ဝမ်းနည်းရှာ၏၊ စိတ်ထောက်တည်ရာ မရတော့ပေ၊ မစားနိုင် မသောက်နိုင် တမှိုင်မှိုင်နှင့် သောကဖိစီး၍ နေရှာ၏၊ ဘုရားသခင်သည် ပုဏ္ဏားကြီး သောကရောက်နေသည်ကို မြင်တော်မူသဖြင့် သောကကင်းဝေး နေနိုင်ရေးအတွက် တရား ဟောတော်မူရန် နောက်လိုက် ရဟန်းတစ်ပါးနှင့်တကွ ပုဏ္ဏားကြီးအိမ်သို့ ကြွတော်မူသည်၊ ပုဏ္ဏားကြီးလည်း ဘုရားသခင် အားပေးစကား ပြောကြားရန် ကြွလာသည်ကို မြင်သဖြင့် အလွန်ဝမ်းမြောက်ရှာ၏၊

ဘုရားသခင်အတွက် နေရာထိုင်ခင်းများလည်း ပြင်ဆင် ပေး၏၊ ဘုရားသခင်သည် ပြင်ဆင်ခင်းထား အပ်သောနေရာ၌ ထိုင်တော်မူ၍ “ပုဏ္ဏားကြီး ဘာ့ကြောင့် စိတ် မချမ်းမသာ ဖြစ်နေရသနည်း၊ သင်၏ စိတ်မချမ်းမသာ ဖြစ်ခြင်း အကြောင်းရင်းကား အဘယ်နည်း”ဟု မေးမြန်းတော်မူ၏၊ ပုဏ္ဏားကြီးက လယ်ခုတ်ထွင် ရှင်းလင်းသည်မှစ၍ အားကြိုး မာန်တက် လယ်ကို လုပ်ကိုင်ခဲ့ပုံ မိုးလေ အဆင်သင့်၍ သီးရင့်များဖြင့် တဝင်းဝင်း ဖြစ်နေသော လယ်ခင်းများကို မြင်ရသဖြင့် တစိမ့်စိမ့် ပီတိ ဖြစ်ခဲ့ရပုံ လယ်ခင်းမှထွက်သော သီးနှံများကို ဘုရားအမှူးရှိသော သံဃာတော်များအား တတ်အားသမျှ ဦးဦးဖျားဖျား လှူဒါန်းဖို့ သူ ထိုစိတ်ပိုင်းဖြတ်ထားပုံ, သို့သော် ကံဆိုး၍ ယမန်နေ့ညက ရွာသောမိုးကြောင့် အစိရဝတီ မြစ်ရေ လွှမ်းမိုးသဖြင့် လယ်ခင်း အားလုံး ပျက်စီးရပုံ ခန့်မှန်းခြေအားဖြင့် လှည်းအစီး တရာတိုက်လောက် ပျက်စီး ဆုံးရှုံးရပုံ, ထိုအကြောင်းများကြောင့် သူ့အား မအိပ်နိုင် မစားနိုင် တမှိုင်မှိုင်နှင့် သောကဖြစ်နေရပုံ အလုံးစုံကို လျှောက်ထား၏။

ထိုအခါ ဘုရားရှင်က “ပုဏ္ဏားကြီး သင့်လို သောကဖြစ်နေသူအား ပျက်စီးပြီးအရာဝတ္ထုများသည် ပြန်၍ရနိုင်သလော”ဟု မေးတော်မူ၏၊ ပုဏ္ဏားကြီးက “နော ဟေတံ ဘော ဂေါတမ = သောကဖြစ်နေသူအား ပျက်စီးပြီး အရာဝတ္ထုများသည် ပြန်လာရိုး ပြန်ရရိုး ထုံးစံမရှိပါ” ဟု လျှောက်ထား၏၊ “ယင်းသို့ဖြစ်လျှင် ဘာ့ကြောင့် စိုးရိမ်သောက ဖြစ်နေရသနည်း၊ ဤလောက၌ သက်ရှိသက်မဲ့အရာဝတ္ထုဟူသမျှသည် ဖြစ်ချိန်တန်ဖြစ်၍ ပျက်ချိန်တန်ပျက်ကြ ရသည်သာ၊ မပျက်မစီး အမြဲတည်နေသော သင်္ခါရဓမ္မဟူ၍မရှိ၊ စိုးရိမ်သောကဖြစ်နေ၍ အကြောင်းထူးမည် မဟုတ်” စသည်ဖြင့် ပုဏ္ဏားအား သောကကင်းဝေး နေနိုင်ရေးအတွက် (သုတ္တနိ၊၃၉၉-လာ) ကာမသုတ်ကို ဟောတော်မူသည်၊ တရားဒေသနာ၏ အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပန်တည်၏ []

ပုဏ္ဏေးမလည်း သောတာပန် တည်၏ []

ဘုရားသခင်သည် ဤပုဏ္ဏားကြီးအား ယခုဘဝ၌သာ သောကကင်းဝေး၍ ချမ်းသာစွာ နေနိုင်ရေး အတွက်တရားဟောပြောခဲ့သည်မဟုတ်သေး၊ အတိတ်ဘဝများကလည်း နှစ်ကြိမ်တိုင်တိုင် စိုးရိမ်သောက ကင်းပစေရန် တရားဓမ္မဟော ပြဆုံးမတော်မူခဲ့ဘူးပြီ။ [] []

ကိုးကား

[ပြင်ဆင်ရန်]
  1. ကာမနီတဗြာဟ္မဏ (ပု) [ကာမနီတ+ဗြာဟ္မဏ] ကာမ နှိပ်စက်ခံရသော ပုဏ္ဏား။ (
  2. (သုတ္တနိ၊ဋ္ဌ၊၂၊၂၂၈)
  3. (ဇာ၊ဋ္ဌ၊၄၊၁၆၈-၉)
  4. (သုတ္တနိ၊ဋ္ဌ၊၂၊၂၂၈)
  5. (ဇာ၊ဋ္ဌ၊၄၊၁၇၀)
  6. (သုတ္တနိ၊ဋ္ဌ၊၂၊၂၃၈)
  7. အကျယ်ကို-ဇာ၊ဋ္ဌ၊၂၊၁၉၅-၈။ ဇာ၊ဋ္ဌ၊၄၊၁၆၇-၁၇၇-၌ ကြည့်။) တယော ဂိရိန္တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ကာမနီတြာဟ္မဏံ နာမ အာရဗ္ဘ ကထေသိ။ ဇာ၊ဋ္ဌ၊၂၊၁၉၅။
  8. တိပိဋကအဘိဓာန် အတွဲ-၅