ကဠာယမုဋ္ဌိဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၃။ ကလျာဏဝဂ် -၁၇၆ - ကဠာယမုဋ္ဌိဇာတ်။ ။ ခံတွင်းနှင့် လက်တွင်ရှိသော ပြောင်းစေ့တို့ကို စွန့်ပစ်ကာ မြေ၌ကျသော ပြောင်းစေ့ကို ဆင်း၍ ရှာဖွေသော မျောက်ကို ပမာထား၍ မင်းကြီးအား စစ်မထွက်ရန် တားမြစ်သော ပညာရှိအမတ်ကြီး အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
[ပြင်ဆင်ရန်]ခိုးသားနှိမ်ရန် လျှောက်ထားပြန်
[ပြင်ဆင်ရန်]နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မိုးကာလတစ်ခုတွင် ကောသလတိုင်း ပစ္စန္တရာဇ်အရပ်သည် သူခိုးတို့ဘေးကြောင့် ပျက်စီးလေ၏။ ပစ္စန္တရာဇ်သားတို့သည် နှစ်ကြိမ်၊ သုံးကြိမ် စစ်ထိုးကြရာ မနိုင်သဖြင့် ကောသလမင်းကြီးအား ကြားလျှောက်ကြကုန်၏။
ကောသလမင်းကြီးလည်း စစ်သည်ဗိုလ်ပါဖြင့် ထွက်ကာ ဇေတဝန်ကျောင်းတော်အနီးတွင် ခေတ္တစခန်းချ၍ ငါသည် အခါမဟုတ်သော မိုးကာလဝယ် စစ်ထိုးရန် ထွက်ခဲ့၏။ မြစ်၊ ချောင်း၊ မြောင်း၊ ထုံးအိုင်တို့လည်း ရေပြည့်နေသဖြင့် အသွားအလာခက်၏။ မြတ်စွာဘုရားထံ ဆည်းကပ်၍ မေးတော်မူသောအခါ အကြောင်းကို လျှောက်ထားမည်။ မြတ်စွာဘုရားတို့မည်သည်မှာ တမလွန်ကျိုးဖြင့်သာ ချီးမြှောက်တော်မူသည်မဟုတ်၊ ပစ္စုပ္ပန်ကျိုးဖြင့်လည်း ချီးမြှောက်တော်မူသည်။ အကျိုးစီးပွား မရှိလျှင် အခါမဟုတ်သေးဟု မိန့်တော်မူလတ္တံ့၊ ရှိလျှင်လည်း ဆိတ်ဆိတ် နေတော်မူလတ္တံ့ဟု ကြံစည်ကာ မြတ်စွာဘုရားထံ ဆည်းကပ်လေ၏။
ထိုအခါ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး ... ဘယ်အရပ်သို့ သွားမည်နည်း” ဟု မေး၏။ “အရှင်ဘုရး ... ပစ္စန္တရာဇ်၌ သူခိုးရန်ကို ငြိမ်းစေရန် သွားပါမည်။ မသွားမီ မြတ်စွာဘုရားထံ ရှိခိုးမည်ဟု လာပါသည်” ဟု လျှောက်လေ၏။ မြတ်စွာဘုရားသည် “မြင်သောမင်းကြီး ... ရှေးအခါ၌လည်း မင်းတို့သည် စစ်ထိုးထွက်သည်ရှိသော် ပညာရှိတို့စကားကို နားထောင်၍ စစ်မထိုးသင့်သေအခါ၌ မသွားကုန်” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
[ပြင်ဆင်ရန်]ခိုးသားရန်ဖျက် မင်းကြီးထွက်
[ပြင်ဆင်ရန်]လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ အမှုကိစ္စအလုံးစုံကို ဆောင်ရွက်ကာ အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိအမတ်ကြီး ဖြစ်လေ၏။
မိုးအခါတစ်ခုဝယ် ပစ္စန္တရာဇ်အရပ်သည် သူခိုးဘေးကြောင့် ပျက်စီးလေ၏။ ပစ္စန္တရာဇ်သားတို့လည်း သူခိုးရန်ကို မခုခံနိုင်ကြသဖြင့် မင်းကြီးထံ လျှောက်ထားကြကုန်၏။ မင်းကြီးလည်း စစ်ထိုးရန် မသင့်လျော်သော မိုးအခါ၌ပင် စစ်သည်ဗိုလ်ပါနှင့် ထွက်ကာ ဥယျာဉ်တော်တွင် သစ်တပ်ဖွဲ့ကာ နေ၏။ ပညာရှိအမတ်ကြီးလည်း မင်းကြီးထံတွင် တည်ရှိလေ၏။
မျောက်၏လောဘ မြင်တွေ့ရ
[ပြင်ဆင်ရန်]ထိုခဏ၌ မြင်းတို့စားရန် ပြောင်းတို့ကို ပြုတ်ကာ မြင်းစာခွက်တွင် ထည့်ကြကုန်၏။ ဥယျာဉ်တော်၌နေသော မျောက်တို့တွင် မျောက်တစ်ကောင်သည် သစ်ပင်မှ ဆင်းသက်ကာ မြင်းစာခွက်တွင် ထည့်ထားသော ပြောင်းတို့ကိုယူ၍ ခံတွင်း၌ ပြည့်စေပြီးလျှင် လက်ဖြင့်ယူလျက် ခုန်လွှားကာ သစ်ပင်ထက်တွင် ထိုင်၍စားရန် ပြင်ဆင်လေ၏။ ထိုအခိုက်တွင် မျောက်လက်မှ ပြောင်းတစ်စေ့သည် မြေသို့ကျလေ၏။ မျောက်သည် ခံတွင်း၌ရှိသော ပြောင်းစေ့နှင့် လက်တွင်ရှိသော ပြောင်းစေ့တို့ကို အလုံးစုံ စွန့်ပစ်ပြီးလျှင် သစ်ပင်မှ ဆင်းသက်ကာ အောက်သို့ကျသောပြောင်း ရှာဖွေလတ်သော် မတွေ့တော့သဖြင့် ကြံရာမရဘဲ သစ်ပင်သို့ ပြန်တက်ကာ မှိုင်၍ နေလေ၏။
ဥပမာပြ ဆိုဆုံးမ
[ပြင်ဆင်ရန်]မင်းကြီးသည် ထိုမျောက်၏ အမူအရာကိုမြင်လျှင် ပညာရှိအမတ်ကြီးကိုခေါ်၍ “အိုအမတ်ကြီး ... မျောက် ပြုအပ်သော အမူအရာကို မြင်ပါ၏လော၊ အဘယ်အမှုကို ပြုသနည်း” ဟု မေးလေ၏။ ပညာရှိအမတ်ကြီးသည် -
“မြတ်သော မင်းကြီး ... လောဘကြီးသော ဤမျောက်မိုက်သည် အနည်းငယ်မျှသော ပြောင်းတစ်စေ့ကို ရှာဖွေသဖြင့် များစွာသော ပြောင်းစေ့တို့ကို ပျက်စီးဆုံးရှုံးစေသကဲ့သို့ ထိုအတူ အလွန်လောဘကြီးသော သူတို့သည် အနည်းငယ်မျှသော အကျိုးစီးပွား ပျက်စီးဆုံးရှုံးတတ်၏” –
ဟု မျောက်မိုက်ကို ပမာပြု၍ မင်းကြီးကို သိစေသော်မူ၏။ မင်းကြီးလည်း ပညာရှိအမတ်ကြီး စကားကိုကြားလျှင် စစ်ထိုးမထွက်ဘဲ ဥယျာဉ်တော်မှာ မြို့သို့ ဝင်တော်မူ၏။
သူခိုးတို့လည်း မင်းကြီး စစ်သည်ဗိုလ်ပါနှင့် စစ်တိုက်ရန်လာသည်ဟု ကြားလျှင် ပစ္စန္တရာဇ်မှ ပြေးကြကုန်၏။
ကောသလမင်းကြီးလည်း မြတ်စွာဘုရား၏ ဒေသနာတော်ကို ကြားနာြ့ပီးလျှင် စစ်ထိုးမသွားတော့ဘဲ မြို့တော်သို့ ဝင်လေ၏။
ဇာတ်ပေါင်း
[ပြင်ဆင်ရန်]ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။
ပညာရှိအမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
[ပြင်ဆင်ရန်](၁) လောဘကြီးလျက်၊ နည်းငယ်မက်၊ ပျက်လိမ့်ကျိုးများစွာ။
(၂) ပြောင်းများစွန့်၍၊ ပြောင်းတစ်စေ့၊ ရှာလေ့ မျောက်ပမာ။
ကဠာယမုဋ္ဌိဇာတ် ပြီး၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။