ကယဝိက္ကယ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကပ္ပိယကာရကနှင့် ဈေးဝယ်ခြင်း
[ပြင်ဆင်ရန်]မြတ်စွာဘုရားရှင်သည် ရွှေငွေတို့ကို လက်ခံခြင်း၊ မိမိ ကိုယ်ထိလက်ရောက် တိုက်ရိုက် လက်ခံထားသော အလှူခံထားသော ငွေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကပ္ပိယကို ခိုင်း၍ဖြစ်စေ ဈေးသည် စသူတို့၏ ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းများကို လဲလှယ်ခြင်း၊ ဝယ်ယူခြင်းတို့ကို တားမြစ်တော်မူသည်။ ကယဝိက္ကယသိက္ခာပုဒ်တော်ဖြင့် ပစ္စည်းမျိုးစုံ ရောင်းခြင်းဝယ်ခြင်း အရောင်းအဝယ် အလုပ်ကို တားမြစ်တော်မူသည်။ [၁]
အလိုရှိကြောင်းသာ ပြောပါ
[ပြင်ဆင်ရန်]ကပ္ပိယဖြင့် ဈေးဆိုင်သို့ သွားပြီး သင်္ကန်းဝယ်ပေးပါ၊ သပိတ်ဝယ်ပေးပါဟု မပြောကောင်းပေ၊ ဤသင်္ကန်း အလိုရှိသည်၊ စာအုပ်အလိုရှိသည် စသည်ဖြင့် အလိုရှိကြောင်းကိုသာ ပြောကောင်းသည်၊ ကပ္ပိယကို ဘာဝယ်ပေးပါဟု ခိုင်းလျှင် ကိုယ်တိုင်ဝယ်သည်နှင့် အတူတူပင် ဖြစ်၏။[၁]
မအပ်သောလဲနည်း
[ပြင်ဆင်ရန်]ဈေးသည် ... စသူတို့အထံ၌ ရှိသောပစ္စည်းကို မိမိမှာရှိသော သင်္ကန်း ဖိနပ်စသည်ဖြင့် လဲလှယ်ယူလိုလျှင် မိမိကိုယ်တိုင် “ဤသင်္ကန်းဖြင့် ထိုသပိတ်ကို ပေးပါ” ဟူ၍ လည်းကောင်း၊ “ဤသင်္ကန်းကိုယူလော့၊ ထိုသပိတ်ကို ပေးလော့”ဟူ၍လည်းကောင်း ပြောဆို၍ မလဲလှယ် ကောင်းပေ။ ဤသို့ လဲလှယ်သောစကားမျိုးကို ပြော၍ကား လူ့ပစ္စည်းမှန်လျှင် မိဘပစ္စည်းကိုပင် မလဲကောင်းပေ။[၁]
အပ်သောလဲနည်း
[ပြင်ဆင်ရန်]“ဈေးသည်ထံက ထိုသပိတ်ကို လိုချင်သည်၊ ဤ သင်္ကန်းဖြင့် လဲပေးစမ်း”ဟုကား ကပ္ပိယလုပ်သူကို ပြောကောင်းသည်၊ ကျောင်းသား ကပ္ပိယမရှိလျှင် မိမိကိုယ်တိုင် ဈေးဆိုင်သို့သွား၍ ဈေးသည်မှတပါး ဈေးသည်၏သားသမီး စသူကိုပင် “ငါ့မှာသင်္ကန်းရှိသည်၊ ဤသင်္ကန်းဖြင့် ထိုသပိတ်ကို လဲပေးပါ”ဟု စေခိုင်း၍ လဲကောင်း၏။ မည်သည့်နည်း နှင့်မျှ ကပ္ပိယရှာမရလျှင်သို့မဟုတ် ကပ္ပိယ မရှာလိုလျှင် ဈေးသည်ထံ သွား၍-
“ငါ့မှာ ဤသင်္ကန်းရှိသည်၊ သင်္ကန်းတော့ အသုံး မကျပါ၊ သပိတ်သာ လိုပါသည်”ဟု ပြောရာ ဈေးသည်က သင်္ကန်းကိုယူ၍ သပိတ်ကိုပေးလိုက်လျှင် ထိုသပိတ် အပ်၏၊ ဤနည်းဖြင့် ဈေးသည်များထံ အပ်သောပစ္စည်းဖြင့် လဲယူ နည်းကို သတိပြုရပေမည်။ အရောင်းအဝယ်ကိစ္စကို မြတ်စွာဘုရား လိုလားတော်မမူသဖြင့် မဖြစ်မနေ ဆောင်ရွက် ရသောအခါ ကပ္ပိယကာရကတို့နှင့် ဈေးဝယ်ခြင်းသည် အကောင်းဆုံး အပြစ်အကင်းဆုံး ဖြစ်ပေသည်။[၁]
ခိုင်းစေရာ၌ အပ် မအပ်
[ပြင်ဆင်ရန်]တောင်းရမ်း စားသောက်နေသော စားကြွင်း စားနှင့် လက်သမား စသူကို မြင်၍ “ဤထမင်းကို စားပြီးလျှင် ဆိုးရည်ခေါက် ခွါပေးစမ်းလော့၊ ကျောင်းကို ပြုပြင်ပေးစမ်းလော့”စသည်ဖြင့် ခိုင်းရာ၌ အာပတ်သင့်သည်။ ထိုသို့ ခိုင်းစေသည့်အတွက် ဆိုးရည်ခေါက်စသော ပစ္စည်းတစုံတရာရလျှင် ထိုပစ္စည်းပါ စွန့်ရ၏။ ကျောင်းပြင်၊ ခေါင်းရိတ်ခိုင်းခြင်းစသည်၌ ပစ္စည်းတစုံတရာမရလျှင် အာပတ်ကိုသာ ဒေသနာပြောရမည်။ “ထမင်းကိုစားပြီးလျှင် အလုပ်လုပ်”ဟု တဆက်တည်း (တစ်ခွန်းတည်း)မပြောဘဲ-
“ဤထမင်းကို စားလော့၊ ဤအလုပ်ကို လုပ်လော့”ဟု စကားနှစ်ဝါကျခွဲ၍ ပြောဆိုစေခိုင်းလျှင်မူ အပ်ပါ၏။[၁]