ကမ္မကိလေသတရား

ဝီကီပီးဒီးယား မှ

ညစ်ညူးခြင်းအမှု ဖြစ်သောကြောင့် ကမ္မကိလေသဟု ခေါ်ဆိုအပ်သော အကြောင်းတရား လေးပါးတို့ ရှိကုန်၏။ ဤကိလေသတရား လေးပါးတို့ကို ဘုရားရှင်၏ တပည့်သား အရိယာ သာဝကတို့ ပယ်စွန့်ကြကုန်၏။
(ကမ္မ = အမှု၊ ကိလေသ = ညစ်ညူးကြောင်း )

  • ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း
  • အဒိန္နာဒါန = သူတစ်ပါး ဥစ္စာကို ခိုးခြင်း
  • ကာမေသု မိစ္ဆာစာရ = သူ့သားမယားကို ပြစ်မှား ကျူးလွန်ခြင်း
  • မုသာဝါဒ = မဟုတ်မမှန်သော စကားကို ဆိုခြင်း

သူ့အသက်ကို သတ်ခြင်း၏ အပြစ်[ပြင်ဆင်ရန်]

သူ့အသက်ကို သတ်သောသူသည် ယခုဘဝ၌ပင် အရှိန်အစော်ကင်းခြင်း၊ မကောင်းသတင်း ဖြစ်ပွားခြင်း၊ နောင်တ တဖန် ပူပန်ရတတ်ခြင်း၊ လူ စသည်ကို သတ်မိက အစိုးရ မင်းများက သေစား သေစေ ခံရတတ်ခြင်း စသည်ဖြင့် အပြစ်များလှ၍ နောင်ဘဝ၌လည်း မကောင်းသူတို့လားရာ လွန်စွာဆင်းရဲသော အပါယ်ဘုံသို့ ရောက်ရတတ်လေသည်။ လူဖြစ်ပြန်လျှင်လည်း -

  • မျက်စိ၊ နား၊ နှာ၊ လက်၊ ခြေ အင်္ဂါများ ချွတ်ယွင်းတတ်ခြင်း
  • အနာရောဂါများခြင်း
  • အရုပ်အဆင်း မွဲပြာ ခြောက်ကပ်ခြင်း
  • ခွန်အားဗလ နည်းပါးခြင်း
  • ဘေးရန်ပေါ်ပေါက်လျှင် အလွန်ကြောက်ရွံ့တတ်ခြင်း
  • ကိုယ်အင်္ဂါ လေးလံ၍ မလျင်မြန်ခြင်း
  • အခြွေအရံ ကင်းတတ်ခြင်း
  • သူတစ်ပါး အသတ်ခံရ၍ သေရတတ်ခြင်း
  • အသက်တိုခြင်း စသည်ဖြင့် အပြစ်တွေ များလှချေ၏။

သူ့ဥစ္စာ ခိုးယူခြင်း၏ အပြစ်[ပြင်ဆင်ရန်]

သူတစ်ပါးပစ္စည်း ခိုးယူသူသည် ယခုဘဝ၌ပင် မကောင်းသတင်း ကျော်စောခြင်း၊ တစ်စုံတစ်ခု ပစ္စည်း ဥစ္စာပျောက်က အထင်ခံရတတ်ခြင်း၊ အစိုးရမင်းများက အပြစ်ကြီးငယ် လိုက်၍ ထောင်တန်းကျပြီး နောင်တမလွန် ဘဝ၌ အပယ်ကျတတ် လေသည်။ လူဖြစ်ပြန်လျင်လည်း -

  • ဥစ္စာနည်းပါး၍ မွဲတတ်ခြင်း
  • ဆင်းဆင်းရဲရဲ ဖြစ်တတ်ခြင်း
  • ငတ်မွတ် တတ်ခြင်း
  • အလိုရှိရာ မရတတ်ခြင်း
  • ရောင်းဝယ်မှု စသည်တို့ကြောင့် စည်းစိမ် ပျက်တတ်ခြင်း
  • ရန်သူမျိုး ငါးပါးကြောင့် ဥစ္စာပျက် တတ်ခြင်း စသော မကောင်းကျိုးများ ဖြစ်တတ်လေသည်။

သူ့သားမယား လွန်ကျူးခြင်း၏ အပြစ်[ပြင်ဆင်ရန်]

သူ့သားမယား လွန်ကျူး ပြစ်မှားသူသည် ယခုဘဝ၌ပင် မကောင်းသော သတင်း ဖြစ်ပွားခြင်း၊ ရန်သူများခြင်း၊ အစိုးရ မင်းများထံရောက်က ဒဏ်ရိုက်ခံရ၊ ထောင်တန်းကျခြင်း ခံရတတ်၍ နောင်ဘဝ၌ အပယ်သို့ ကျရောက်တတ်သည်။ လူဖြစ်ပြန်လျင်လည်း -

  • လူအများ မုန်းခြင်း
  • ရန်သူများခြင်း
  • လာဘ် လာဘ ပစ္စည်း ရှားပါးခြင်း
  • ဂုဏ်သိန် ကျက်သရေ ညံ့ဖျင်းခြင်း
  • မိန်းမ ဖြစ်ရတတ်ခြင်း
  • မိန်းမ မဟုတ် ယောက်ျား မဟုတ် ပဏ္ဌုတ် ဖြစ်ရခြင်း
  • အမျိုးယုတ်မာ အခါခါ ဖြစ်ရခြင်း
  • မျက်နှာပျက်၍ အရှက်ကွဲရခြင်း
  • ချစ်သူနှင့် ကွဲကွာရခြင်း စသည်ဖြင့် အပြစ်များလှသည်။

မုသားစကား ပြောခြင်း၏ အပြစ်[ပြင်ဆင်ရန်]

သူတစ်ပါးအကျိုး ပျက်ပြားအောင် မုသားစကား ပြောသူသည် ယခုဘဝ၌ပင် အများက စကားမယုံခြင်း၊ သက်သေ မဝင်ခြင်း၊ မကောင်းသတင်း ဖြစ်ပွားခြင်းစသော အကျိုးမဲ့များ ဖြစ်၍ နောင်ဘဝ၌ အပယ်ကျတတ်လေသည်။ လူဖြစ်ပြန်လျင်လည်း -

  • စကားပီပီသသ မပြောတတ်ခြင်း
  • သွားမညီညွတ်ခြင်း
  • ခံတွင်း ပါးစပ်များ ပုပ်ညှီတတ်ခြင်း
  • ကိုယ် အသားအရေ ခြောက်ကပ်ခြင်း
  • သူတစ်ပါးကို ပြောဆိုသမျှ ဩဇာအာဏာ မသက်ရောက်ခြင်း
  • လျှပ်ပေါ် လော်လီ စိတ်မတည်ကြည်ခြင်း စသည်ဖြင့် အပြစ်များ လှပေသည်။

ကိုးကား[ပြင်ဆင်ရန်]