ကပ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ကပ် (ကပ္ပ) ဆိုသည်မှာတရားအထူးတို့၏ ဖြစ်နေခိုက် ပိုင်းဖြတ်ကြောင်း ဖြစ်သော အချိန်ကာလကို "ကပ်" ဟု ဆိုသည်။ အချိန်ကာလအထူးပင် ဖြစ်သည်။

"ကပ္ပိယန္တတိ ပရိစ္ဈိဇ္ဇိယန္တိ နာနာဓမ္မပဝတ္တိယော ဧတေနာတိ ကပ္ပေါ"
ဧတေန - ဤအချိန်ကာလဖြင့်၊ နာနာဓမ္မပဝတ္တိယော - တရားအမျိုးမျိုးတို့၏ ဖြစ်ခြင်းတို့ကို၊ ကပ္ပိယန္တိ ပရိစ္ဆိဇ္ဇိယန္တိ - ပိုင်းဖြတ်အပ်ကုန်၏၊ ဣတိတသ္မာ - ထို့ကြောင့်၊ ကပ္ပေါ - ကပ္ပမည်၏။[၁]

ကပ်ကြီးငါးပါး[ပြင်ဆင်ရန်]

ကပ်ကြီးသည် ငါးပါးရှိကုန်၏။ ၎င်းငါးပါးတို့မှာ

(၁) မဟာကပ်၊

(၂) အသင်္ချေယျကပ်၊

(၃) အန္တရကပ်၊

(၄) အာယုကပ်၊

(၅) အန္တရာယကပ် တို့ ဖြစ်ကြသည်။[၁]

(၁) မဟာကပ်[ပြင်ဆင်ရန်]

ကပ်ငါးပါးတို့တွင် အရှည်ဆုံးဖြစ်သည့် ကပ်ကြီးကို "မဟာကပ်" ဟူ၍ ဆိုသည်။ ဤမဟာကပ်သည် အချိန်ကာလ ရှည်လျားပုံမှာ အလျား အနံ အထု တစ်ယူဇနာစတုရန်းရှိသည့် သက်သက်ကျောက်အတိပြီးသည့်တောင်ကြီးအား ယောက်ျားတစ်ယောက်သည် အလွန်နူးညံ့စွာ ဖတ်အပ်သည့် ကာသိကရာဇ်တိုင်းဖြစ် ဝါဂွမ်းဖြင့် အနှစ်တစ်ရာ တစ်ထောင်လွန်သည့်အခါမှ တစ်ကြိမ် တို့ထိပွတ်တိုက်၏။ ထိုသို့ ပွတ်တိုက်သည့်အတွက်ကြောင့် ကျောက်တောင်ကြီးသည် လျင်မြန်စွာ ကုန်၍သွားသော်လည်း သွားတန်ရာ၏။ သို့သော် မဟာကပ်သည် မကုန်ပေ။ မဟာကပ်သည် အချိန်ထိုမျှလောက် ကြာညောင်း၏။[၁]

လွန်ခဲ့သည့် အတိတ်ကာလတို့၌ ထိုကဲ့သို့ ရှည်လျားသည် မဟာကပ်ကြီး အဆက်ဆက်တို့သည် မည်မျှလောက် ကုန်ဆုံးခဲ့ပြီဟူ၍ မသိနိုင်။ အရေအတွက် သင်္ချာအားဖြင့် မဟာကပ်ပေါင်း မည်မျှရှိပြီဟူ၍ မဆိုနိုင်။ ထို့ကြောင့် လွန်ခဲ့သည့် အတိတ်မဟာကပ် အစဉ်အဆက်တို့ကို အတိတ်သံသရာကြီးတွေ ဟူ၍ ဆိုအပ်ကုန်၏။[၁]

ထိုသို့အတိတ်သံသရာကြီး၏ ရှည်လျားကြောင်းကို မြတ်စွာဘုရားသည် အနမတဂ္ဂသုတ်ပါဠိတော်တွင် -

"ရဟန်းတို့ အဝိဇ္ဇာဖြင့် ဖုံးလွှမ်းအပ်ကုန်သော တဏှာဖြင့် နှောင်ဖွဲ့ချည်တုပ်အပ်ကုန်သော၊ သံသရာစခန်းမှာ တပင်ပန်းပန်းပြေး၍ နေကြကုန်သော၊ တပတ်လည်လည် အတည်မကျ ကျင်လည်၍ နေကြကုန်သော သတ္တဝါတို့၏ ရှေ့သံသရာအစွန်းအစသည် မထင်ရှား (မရှိ)၊ ရဟန်းတို့ ဤသံသရာကြီးသည် မသိအပ်သော အစရှိ၏၊ အစကို မသိအပ်။"

[၁]

ဟု ဟောကြားတော်မူခဲ့သည်။[၁]

(၂) အသင်္ချေယျကပ်[ပြင်ဆင်ရန်]

နှစ်တို့၏ အရေအတွက်အားဖြင့် ရေတွက်ခြင်းငှါ မတတ်ကောင်းသောကြောင့် အသင်္ချေယျ မည်၏။ အသင်္ချေယျကပ်သည် -

(၁) သံဝဋ္ဋအသင်္ချေယျကပ်၊

(၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်

(၃) ဝိဝဋ္ဋအသင်္ချေယျကပ်

(၄) ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဟူ၍ လေးပါးရှိသည်။[၁]

(၁) သံဝဋ္ဋအသင်္ချေယျကပ်[ပြင်ဆင်ရန်]

ကမ္ဘာပျက်သည်ကို သံဝဋ္ဋကပ်ဟု ခေါ်သည်။ သံဝဋ္ဋကပ်သည် သုံးပါးရှိသည်။ ၎င်းတို့မှာ -[၁]

  • တေဇောသံဝဋ္ဋကပ် - မီးဖြင့်ပျက်သော ကပ်။
  • အာပေါသံဝဋ္ဋကပ် - ရေငန်ဖြင့် ပျက်သောကပ်။
  • ဝါယောသံဝဋ္ဋကပ် - လေဖြင့်ပျက်သောကပ်။[၁]

မီးတို့တွင် ကမ္ဘာကို လောင်သောမီးသည် အကြီးကျယ်ဆုံးဖြစ်၏။ ကမ္ဘာကို မီးလောင်ပါက ပထမဈာန် ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှဘုံများကို အကုန်လောင်၏။[၁]

ရေတို့တွင် ကမ္ဘာကို ပျက်ကျေစေတတ်သည့် ရေသည် အကြီးအကျယ်ဆုံး ဖြစ်၏။ ဤအရာ၌ မီးအစွမ်းထက် ရေအစွမ်းသည် ထက်မြက်၏။ ကမ္ဘာကို ပျက်စေသော ရေသည် ရေငန်ဖြစ်၏။ ရေသို့ကျသော ဆားခဲသည် မြေ့မြေ့ကျေပျက်လေဘိသကဲ့သို့ ကမ္ဘာဖျက်ရေနှင့် တွေ့ထိသောအခါ အလုံးစုံသော ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ကျေမွပျက်စီးကြကုန်၏။ ရေဖျက်သောအခါ ဒုတိယဈာန် ဗြဟ္မာသုံးဘုံးနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှတို့သည် အလုံးစုံပျက်စီးကုန်ကုန်၏။[၁]

လေတို့တွင် ကမ္ဘာကိုဖျက်သောလေသည် အကြီးကျယ်ဆုံး ဖြစ်၏။ မြင့်မိုရ်တောင်ကိုပင် လွင့်စဉ်အောင် တိုက်ခတ်နိုင်၏။ ကမ္ဘာဖျက်လေကြမ်းကြီး တိုက်ခတ်သောအခါ ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ပြောင်းရွှေ့လွင့်စဉ်ကြကုန်လျက် အချင်းချင်းထိခိုက်ပြီး ကျေမွပျက်စီးကြကုန်၏။ ဤအရာ၌ လေ၏အစွမ်းသည် မီးရေတို့ထက် ထက်မြက်၏။ လေဖျက်သောအခါတွင် တတိယဈာန်ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်ရှိသမျှ အလုံးစုံတို့ ပျက်စီးကြကုန်၏။[၁]

(၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်[ပြင်ဆင်ရန်]

ပျက်ပြီးသောအတိုင်း တည်နေသည်ကို သံဝဋ္ဋဋ္ဌာယီကပ်ဟု ခေါ်သည်။[၁]

(၃) ဝိဝဋ္ဋအသင်္ချေယျကပ်[ပြင်ဆင်ရန်]

ကမ္ဘာဖြစ်ပေါ်လာသည်ကို ဝိဝဋ္ဋကပ်ဟု ခေါ်သည်။[၁]

(၄) ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်[ပြင်ဆင်ရန်]

ဖြစ်ပေါ်ပြီးသောအတိုင်း တည်နေသည်ကို ဝိဝဋ္ဋဋ္ဌာယီကပ်ဟု ခေါ်သည်။[၁]

ဤအသင်္ချေယျကပ် လေးခုပေါင်းကို မဟာကပ်ကြီးတစ်ကပ်ဟု ခေါ်သည်။ ထို့ကြောင့် အသင်္ချေယျကပ် တစ်ကပ်သည် မဟာကပ်၏ လေးပုံတစ်ပုံ ရှည်မြင့်၏။ ကမ္ဘာမြေပေါ်တွင် သတ္တဝါတို့သည် မဟာကပ်၏ လေးပုံတစ်ပုံဖြစ်သော ဝိဝဋ္ဋဋ္ဌာယီတစ်ကပ်မျှသာ နေထိုင်ကြရ၏။ ကြွင်းသော အသင်္ချေယျကပ် သုံးကပ်တို့တွင် ကမ္ဘာမြေ၌ တည်နေသော သတ္တဝါဟူ၍ မရှိပေ။[၁]

(၃) အန္တရကပ်[ပြင်ဆင်ရန်]

ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုအတွင်း လူတို့၏ သက်တမ်းအဆုတ်အတက် အနိမ့်အမြင့်အားဖြင့် ကပ်ငယ်များကို အန္တရကပ်ဟူ၍ ဆိုသည်။[၁]

ကမ္ဘာဦးကာလတွင် လူတို့သည် အသက်အသင်္ချေရှည်ကြ၏။ ထိုသို့ အသက်အသင်္ချေရှည်သော လူတို့သည် အဆက်အဆက်အားဖြင့် များစွာတည်ရှိကြကုန်၏။ နောက်ကာလ၌ လူတို့သည် အကုသိုလ်တရားပွားများလာကြသည့်အခါ အစဉ်အတိုင်း သက်တမ်းဆုတ်ယုတ်ကြ၏။ အသိန်း အသန်း နှစ်ပေါင်းများစွာ အဆင့်ဆင့်လွန်၍ ကုန်သွားပါက လူတို့၏ အသက် ဆယ်နှစ်တမ်းသို့တိုင်အောင် ဆုတ်ယုတ်၏။ ဆယ်နှစ်တမ်းမျှသာရှိသော လူတို့သည် အဆက်အဆက်အားဖြင့် များစွာတည်တံ့လျက်ရှိနေကြ၏။[၁]

ထို့နောက်တစ်ဖန် လူတို့သည် ကုသိုလ်တရားများ ပွားများလာကြသည်ရှိသော် ဆယ်နှစ်တမ်းမှ တစ်ဆင့်ထက်တစ်ဆင့်တက်ကာ သက်တမ်းတိုး၍ သွား၏။ အသင်္ချေယျတမ်းသို့တိုင်အောင် တိုးတက်၏။ ထိုကဲ့သို့ အတိုးအဆုတ်ဖြစ်သော အသက်တမ်းနှစ်ခုအပေါင်းကို "အန္တရကပ်တစ်ကပ်" ဟု ခေါ်သည်။[၁]

  • အသင်္ချေယျတမ်းမှ ဆုတ်၍ ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တမ်းမှတက်၍ အသင်္ချေယျတမ်းသို့ တက်သော အသက်တမ်းတစ်စုံသည် "အန္တရကပ်တစ်ကပ်" ဖြစ်၏။[၁]
  • ဝီဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ် ရှိသည်။[၁]
  • အန္တရကပ် ခြောက်ဆယ့်လေးကပ်သည် အသင်္ချေယျကပ်တစ်ကပ် ဖြစ်သည်ဟု ဆိုလိုသည်။[၁]

အန္တရကပ်တစ်ခုသည် အသင်္ချေယျကပ်ကို ခြောက်ဆယ့်လေးပုံ ပုံလျှင် တစ်ပုံခန့်ရှိသည်။ တစ်နည်းဆိုကပါက ဂင်္ဂါမြစ်ကြီးတွင် တစ်ယူဇနာတိုင်တိုင် အရပ်ရပ်မှာရှိသော သဲတို့ကို စုပုံ၊ တစ်နှစ်လျှင် သဲတစ်ပွင့်အားဖြင့် ရေတွက်ပါက တစ်ယူဇနာရှိသော သဲသောင်ပြင်သည် ကုန်ရာ၏။ အန္တရကပ်တစ်ကပ်၏ နှစ်သည် မကုန်နိုင်ရာဟု ကျမ်းဂန်တို့၌ ဆိုသည်။[၁]

(၄) အာယုကပ်[ပြင်ဆင်ရန်]

လူတို့၏ အသက်တမ်းများကို အာယုကပ်ဟူ၍ ဆိုသည်။ ဆုတ်ကပ်၌ အသက်အသင်္ချေမှစ၍ ဆယ်နှစ်တမ်းတိုင်အောင် လူတို့၏ အသက်တမ်းသည် အဆင့်ဆင့် အစားစားများစွာ ရှိ၏။ တက်ကပ်၌ ဆယ်နှစ်တမ်းမှစ၍ အသင်္ချေယျတိုင်အောင် လူတို့၏ အသက်တမ်းသည်လည်း များစွာပင် ရှိသည်။ အန္တရကပ်တစ်ခုအတွင်း၌ အယုကပ်ပေါင်းသည် အဆင့်ဆင့် အစားအစားများစွာရှိသည်ဟု ဆိုလိုသည်။[၁]

ဘုမ္မဇိုဝ်းနတ်တို့နှင့် အပါယ်လေးဘုံသားတို့သည် အသက်တမ်း အမြဲမရှိ။ စတုမဟာရာဇ်စသော ကာမာဝစရနတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာ့ဘုံနှစ်ဆယ်တို့မှာ အသီးသီး မြဲသော သက်တမ်းရှိ၏။ ထို့အပြင် အရှေ့ကျွန်း, အနောက်ကျွန်း, မြောက်ကျွန်းတို့၌ မြဲသော သက်တမ်း ရှိ၏။ သမ္မော အဋ္ဌာကထာ ဓမ္မဟဒယဝိဘင်းတွင် အကျယ်ပြလျက်ရှိသည်။[၁]

(၅) အန္တရာယကပ်[ပြင်ဆင်ရန်]

လူတို့၏ အသက်ကို ဖျက်ဆီးတတ်သည့် ရောဂါဆိုး ဥပဒ်ဆိုးများကို အန္တရာယကပ်ဟု ဆိုသည်။ အန္တရာယ်ကပ်ဟုလည်း မည်သည်။ အန္တရာယ်ကပ်သည် အခါခပ်သိမ်း ဖြစ်ပေါ်လာသည်မဟုတ်။ ရပ်ရွာမြို့ပြတိုင်း၌ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ တစ်ရံတစ်ခါ တစ်စုံတစ်ခုသော အရပ်ဌာနများတွင် ဖြစ်ပေါ်လာတတ်၏။ ထိုအသက်အန္တရာယ်ကပ်သည်လည်း -[၁]

(၁) သတ္ထန္တရာယ်ကပ်၊

(၂) ဒုဗ္ဘိက္ခန္တရာယ်ကပ်၊

(၃) ရောဂန္တရာယ်ကပ် ဟူ၍ သုံးပါးရှိသည်။ ဤကပ်သုံးပါးကို ကပ်ဆိုးကြီး သုံးပါးဟူ၍ ဆိုသည်။[၁]

(၁) သတ္ထန္တရာယ်ကပ်[ပြင်ဆင်ရန်]

ဓား၊ လှံ သေနတ် အစရှိသည့် လက်နက်များအတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်သည်ကို သတ္ထန္တရာယ်ကပ် ဟု ဆိုသည်။ အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ ဟူသည့် တရားဆိုးကြီးသုံးမျိုးတို့သည် လောက၌ ဖိစီးတိုက်ခိုက်လာသည့်အခါ လူတို့သည် တရားလက်လွတ်ကြကုန်၏။ ကိုယ်အမူအရာ နှုတ်အမူအရာတို့သည် ကြမ်းတမ်းရက်ရောစွာ ဖြစ်လာကြကုန်၏။ အမျိုးမျိုးသော လက်နက်တို့သည် ပေါ်လာကြကုန်၏။ ထိုလက်နက်တို့သည် လူတို့၏ အလိုသို့လိုက်၍ အဖော်သလဲကြီးများ ဖြစ်ကြလေကုန်၏။ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်း၊ ထိုးခုတ်ခြင်း တို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ လုယက်ခြင်း, သူခိုး ခိုးခြင်း, ဓားပြတိုက်ခြင်း စသည်တို့သည်လည်း ဖြစ်ပေါ်လာကုန်၏။ မြို့ရွာနိဂုံးတို့ကိုလည်း မီးရှို့ခြင်းတို့လည်း ဖြစ်ပေါ်ကုန်၏။ မီးသည် တရားဆိုးသုံးပါးထွန်းကားသောအခါ လောက၏ လက်နက်ကြီးတစ်ပါး ဖြစ်၏။ ထိုသို့ဖြစ်သည့်အခါတွင် လူတို့သည် သေကျေပျက်စီးခြင်း၊ ပစ္စည်းဥစ္စာကုန်ဆုံးခြင်း၊ မြို့ပြပြည်ရွာတို့၌ မီးလောင်ခြင်းတို့ ဖြစ်ကုန်၏။[၁]

နိုင်ငံအချင်းချင်း စစ်ဖြစ်ကြလျှင် ကြီးစွာသော သတ္ထန္တရာယ်ကပ်ကြီး ဆိုက်သည်မည်၏။ ထိုအခါ စစ်တိုက်မှုကြောင့် လူများစွာတို့ သေကျေပျက်စီးကြရ၏၊ မြို့ရွာတို့သည်လည်း ပျက်စီးပြုန်းတီးကြရကုန်၏။ ထိုစစ်ပွဲများသည် အချို့သည် နှစ်နှစ် သုံးနှစ်ကြာ၏။အချို့သည် လေးငါးခြောက်နှစ် ကြာမြင်၏။ အချို့မှာမူ ဆယ်နှစ်, ဆယ့်နှစ်နှစ်ကြာမြင့်၏။ စစ်ပွဲကြာသည်နှင့်အမျှ လူသတ္တဝါများ သေကျေပျက်စီးကြရလေ ဖြစ်၏။ ထိုသတ္ထန္တရာယ်ကပ်ကြီး တိုက်ခိုက်သည့်အခါ သတ္တဝါတို့သည် နည်းပါးယုတ်လျော့ကြကုန်၏။ဤသတ္ထန္တရာယ်ကပ်သည် လူနည်းပါးကြောင်း မြို့ရွာပျက်ကြောင်းပင် ဖြစ်သည်။[၁]

(၂) ဒုဗ္ဘိက္ခန္တရာယ်ကပ်[ပြင်ဆင်ရန်]

အစာဆန်ရေရှားပါးသော ငတ်မွတ်ခေါင်းပါးမှုနှင့် အသက်အန္တရာယ်ဖြစ်ပေါ်လာသည်ကို ဒုဗ္ဘိက္ခန္တရာယ်ကပ် ဟု ဆိုသည်။ အဓမ္မရာဂ စသည့်တရားဆိုးသုံးပါးတို့သည် ကြီးဆိုးလာသည့်အခါတွင် မိုးကောင်းစွာ မရွာသွန်းချေ။ လူတို့၏ သန္တာန်မှ ဖြစ်ပေါ်လာသော တရားဆိုးတို့၏ အငွေ့အရှိန်တို့သည် မိုးရေမိုးပေါက်တို့ကို ခန်းခြောက်စေ၏။ မိုးရေမိုးပေါက်တို့သည် ကောင်းစွာနှစ်စဉ်အတိုင်း မရွာပါက အစားအစာအတွက် လူတို့သည် လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ထိုအခါ အစားအစာ ခေါင်းပါးခြင်းဟူသည့် "ဒုဗ္ဘိက္ခန္တရကပ်ကြီး" ဆိုက်၏။ ထိုကပ်ကြီးဆိုက်သည့်အခါတွင် လူတို့သည် များစွာ သေကျေပျက်စီးကြ၏။ တိုင်းပြည်မြို့ရွာတို့သည်လည်း ပျက်စီးကြကုန်၏။ ဤဒုဗ္ဘိက္ခန္တရကပ်သည် လူနည်းပါးကြောင်း မြို့ရွာပျက်ကြောင်းပင် ဖြစ်သည်။[၁]

(၃) ရောဂန္တရာယ်ကပ်[ပြင်ဆင်ရန်]

ရောဂါဆိုး ဥပဒ်ဆိုး ဖြစ်ပေါ်လာသည့်အတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်လာသည်ကို ရောဂန္တရာယ်ကပ်ဟု ဆိုသည်။ လောက၌ အလွန်ကြမ်းတမ်းသည့် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အုပ်စုနယ်တွင် အပါအဝင်ဖြစ်သည့် သူရဲသံဘက်၊ မြေဘီလူး၊ ရေဘီလူး၊ ကုန်းဘီလူး၊ ကောင်းကင်ဘီလူးတို့မည်သည် ရှိ၏။ ထိုဘီလူး စသည့် အဆိုးအဝါးတို့သည် လူတို့၏ အသွေးအသားကို သောက်စားတတ်ကြ၏။ ထိုဘီဘူး သံဘကတ်တို့သည် အလွန်ဆိုးသွမ်းကြမ်းတမ်းသည့်အတွက် အခါခပ်သိမ်း သူတို့သဘောအားဖြင့် မထားကြကုန်ဘဲ စတုမဟာရာဇ်နတ်မင်းကြီးတို့သည် ဩဇာအာဏာဖြင့် ထိန်းသိမ်းစောင့်ရှောက်ထား၏။ [၁]

လောက၌ လူတို့သည် တရားပျက်ယွင်းသည့်အခါ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမိန့်နှင့် ထိုသူရဲသံဘက် ရက္ခိုသ်ဘီလူးများကို လူ့ပြည်သို့ စေလွှတ်ကြ၏။ ထိုအခါ ထိုဘီလူးစသည်တို့သည် လူ့ပြည်လောကသို့ ချဉ်းနင်းဝင်ရောက်ကြ၍ အခွင့်ရရှိတိုင်း လူတို့၏ အသွေးအသားကို စားသောက်ကြ၏။ ထိုသို့ ဘီလူးတို့ လူ့လောကနယ်သို့ ရောက်လာသည့်အခါတွင် လူတို့၌ များစွာသော အန္တရာယ်ရောဂါတို့ ဖြစ်ကြ၏။ လျင်မြန်စွာ သေဆုံးကြ၏။ အဖျားရိုးရိုး အနာရိုးရိုး မဟုတ်ဘဲ ထူးဆန်းကြမ်းတမ်းသော အဖျားအနာရောဂါဆိုးတို့သည် ဖြစ်ကြ၏။ ဝမ်းသက်လျှော၍ မြန်စွာသေဆုံးခြင်း၊ မူးမေ့၍ အမြန်သေဆုံးခြင်း စသော ရောဂါဆိုးတို့ ဖြစ်ကုန်၏။ ထိုရောဂါဆိုးတို့ကိုပင် ရောဂန္တရာယ်ကပ်ဟူ၍ ဆိုသည်။ [၁]

အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတရားဆိုး သုံးပါးတို့သည်ပင် ကပ်ဆိုးကြီး သုံးပါးဖြစ်အောင် ထူထောင်သော အကြောင်းအရင်း ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ ၁.၁၇ ၁.၁၈ ၁.၁၉ ၁.၂၀ ၁.၂၁ ၁.၂၂ ၁.၂၃ ၁.၂၄ ၁.၂၅ ၁.၂၆ ၁.၂၇ ၁.၂၈ ၁.၂၉ ၁.၃၀ ၁.၃၁ ၁.၃၂ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။