ကဏှဒီပါယနဇာတ်

ဝီကီပီးဒီးယား မှ

ဒသကနိပါတ် - ၄၄၄။ ကဏှဒီပါယနဇာတ်

သားငယ်မြွေကိုက်၍ မြွေဆိပ်တက်နေရာ ဆရာ ရသေ့သည် “ရသေ့ဘဝ၌ မမွေ့လျော်ဘဲ နေ၏” ဟူ၍၎င်း၊ သူကြွယ်သည် “သဒ္ဓါတရားမရှိဘဲ လှူနေရ၏”ဟူ၍၎င်း၊ အိမ်ရှင်မသည် “မချစ်ဘဲ သူကြွယ်နှင့် ပေါင်းနေရ၏”ဟူ၍၎င်း သစ္စာဆိုသဖြင့် မြွေဆိပ် ကင်းခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

ရှက်ကြောက်ရှိမှု ဟောကြားပြု

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်း တပါးသည် သာသနာတော်၌ငြီးငွေ့လေ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းကိုခေါ်တော်မူ၍ မေးတော်မူပြီးလျှင်–

“ချစ်သား ရဟန်း...ငါဘုရား၏ မျက်မှောက်တော် ပရိသတ်လေးပါး အလယ်၌ သာသနာတော်၌ ငြီးငွေ့ ပျင်းရိသောအဖြစ်ကို အဘယ်ကြောင့် ထင်ရှားစွာပြုဘိသနည်း၊ အဘယ်ကြောင့် ဟိရိဩတ္တပ္ပကို မစောင့်ရှောက်သနည်း၊ ရှေးပညာရှိတို့သည် သာသနာပ ရသေ့ရဟန်းဖြစ်လျက် ငါးဆယ့်ငါးနှစ် ပတ်လုံး ငြီးငွေ့သည့်အဖြစ်ကို ထင်ရှားစွာမပြု၊ ဟိရိဩတ္တပ္ပကို စောင့်ရှောက်ကုန်၏”ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

မိတ်ဆွေချစ်ဘက် တောသို့ထွက်

လွန်လေပြီးသောအခါ ဝံသတိုင်း ကောသမ္ဗီပြည်ဝယ် ကောသမ္ဗကမင်း မင်းပြုသည် ရှိသော် အမှတ်မရှိသော နိဂုံးရွာတခု၌ ကုဋေရှစ်ဆယ်ကြွယ်ဝ၍ အချင်းချင်းအဆွေ ခင်ပွန်း ဖြစ်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် ရှိကြကုန်၏၊ တယောက်ကား ဒီပါယနမည်၍ တယောက်ကား မဏ္ဍဗျမည်၏။

ထိုပုဏ္ဏားအဆွေခင်ပွန်းနှစ်ယောက်တို့သည် ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ အလုံးစုံသော စည်းစိမ် ဥစ္စာတို့ကို လှူဒါန်းစွန့်ကြဲခဲ့ပြီးလျှင် ရသေ့ရဟန်းပြုကာ ဟိမဝန္တာသို့ ဝင်၍ အနှစ်ငါးဆယ်တို့ပတ်လုံး သစ်သီး ကြီးငယ်တို့ဖြင့် မျှတလျက် နေကြကုန်၏၊ ဈာန်အဘိညာဉ်ကိုဖြစ်စေခြင်းငှါ မတတ်နိုင်ကုန်။

သုသာန်ပျော်မွေ့ မဏ္ဍဗျ ရသေ့

အနှစ်ငါးဆယ် လွန်သောအခါ တနေ့သ၌ ရသေ့နှစ်ဦးတို့သည် ချဉ်ဆား မှီဝဲအံ့သော ကောသလတိုင်းသို့သွားကြကုန်၏၊ ထိုကောသလတိုင်း နိဂုံးရွာ တခု၌ လူဖြစ်စဉ် ဒီပါယနရသေ့၏ အဆွေခင်ပွန်း ဖြစ်ဘူးသော မဏ္ဍဗျ သူကြွယ်ထံသို့ ရောက်ကြကုန်၏၊ သူကြွယ်လည်း ကျောင်းဆောက်၍ ရသေ့နှစ်ဦးလုံးကိုပင် ပစ္စည်းလေးပါးဖြင့် လုပ် ကျွေးလေ၏။

ရသေ့တို့သည် သူကြွယ်ကျောင်း၌ နှစ်နှစ် သုံးနှစ် နေပြီးသော် သူကြွယ်ကို ပန်ကြား၍ ဒေသစာရီသွားကြရာ ဗာရာဏသီပြည်သို့ ရောက်၍ အဓိမုတ္တကမည်သော သုသာန်၌ နေကြကုန်၏၊ နောက်အခါ ဒီပါယနရသေ့သည် တဖန် သူကြွယ်ထံသွား၍ နေပြန်၏၊ မဏ္ဍဗျရသေ့ကား သုသာန်၌ပင် နေရစ်၏။

ခိုးသားထင်မှတ် ရသေ့မြတ်

တနေ့သ၌ သူခိုးတို့သည် မြို့တွင်းမှ ဥစ္စာတို့ကိုခိုးယူပြီးလျှင် ဥစ္စာရှင်တို့ အတင်း လိုက်သဖြင့် သုသာန်သို့ဝင်ကာ ရသေ့

ကျောင်းတံခါးဝယ် ဥစ္စာထုပ်ကို ပစ်၍ပြေးလေ၏၊ နောက်မှ ထက်ချပ်မကွာ လိုက်လာသော ဥစ္စာရှင်တို့သည် ဥစ္စာထုပ်ကို မြင်လျှင် မဏ္ဍဗျရသေ့ကို “ဟယ်-ယုတ်မာသောရသေ့...သင်ကား ညအခါခိုး၍ နေ့အခါ ရသေ့ယောင်ဆောင် နေဘိ၏”ဟု ဆဲရေးပုတ်ခတ်ကာ ဖမ်းယူ၍ မင်းကြီးထံ ပို့ကြကုန်၏၊ မင်းကြီးလည်း ဟုတ်မဟုတ် မစူးစမ်းမဆင်ခြင်ဘဲ တံကျင်လျှိုကြကုန်ဟု အမိန့်ပေးလေ၏။

အတိတ်ကံထိုက် ဝဋ်တော်ဆိုက်

မင်းချင်းတို့သည် သုသာန်သို့ ဆောင်၍ ရှားနှစ် တံကျင်ဖြင့် လျှိုကုန်၏၊ ရသေ့ ကိုယ်တွင်းမဝင်လေ၊ နောက်တမာသား တံကျင်ဖြင့်လျှို ကြပြန်၏၊ မဝင်လေ၊ နောက်သံတံကျင်ဖြင့် လျှိုပြန်ကုန်၏၊ မဝင်လေ၊ ထိုအခါ ရသေ့သည် ဇာတိဿရဉာဏ်ဖြင့် ဆင်ခြင်လတ်သော် ရှေးဘဝတွင် လက်သမား ဖြစ်၍ အဘ သစ်ရွေရာအရပ်၌ ယင်ငယ် တကောင်ကို ဖမ်းကာ ပင်လယ်ကသစ်မြစ်ဖြင့်ဝစ္စမဂ်ကို ထိုးခဲ့ဘူးသော မကောင်းမှုကံ အကျိုးပေးချိန်ရောက်လာပြီဟု မြင်လေ၏၊ ထို့နောက် “အမောင်တို့... ငါ့ကို ပင်လယ်ကသစ်သား တံကျင်ဖြင့်လျှိုကြကုန်”ဟု ပြောလေ၏၊ မင်းချင်းတို့လည်း ရသေ့ပြောတိုင်း ပင်လယ်ကသစ်သား တံကျင်ဖြင့် လျှို၍ အစောင့်အရှောက်ထားပြီးလျှင် သွားကြကုန်၏။

တရားတော်နှစ်သက် စောင့်ရှောက်လျက်

အစောင့် အရှောက်တို့သည် ဖုံးလွှမ်းအပ်သည်ဖြစ်၍ ရသေ့ထံ လာသော သူတို့ကိုကြည့်ရှုကုန်၏၊ ဒီပါယနရသေ့သည် မဏ္ဍဗျရသေ့ကို ဖူးမြင်ရန်သွားရာ တံကျင်လျှိုထားသည်ကို တွေ့ရလျှင်–

“အရှင်... အပြစ်ရှိသလော”ဟုမေး၏၊ “မရှိပါ”ဟုပြော၏၊ “သို့ဖြစ်လျှင် ဖမ်းသူ တံကျင်လျှိုသူ မင်းကြီးတို့အပေါ်၌ စိတ်ပြစ်မှားသလော၊ အမျက်ထွက်သလော”ဟု မေး၏၊ “မပြစ်မှားပါ၊ အမျက်မထွက်ပါ”ဟု ပြောဆိုလေ၏၊ ထိုအခါ ဒီပါယနရသေ့သည် “အရှင်ကဲ့သို့ သီလရှိသူတို့အရိပ်ကို မှီခို၍ နေရခြင်းသည် ချမ်းသာ၏”ဟု ပြောဆိုလျက် လျှိုယားသော တံကျင်တိုင်ကိုမှီ၍သာ နေ၏၊ မဏ္ဍဗျရသေ့၏ကိုယ်မှ သွေးပေါက်တို့သည် ဒီပါယနရသေ့ ကိုယ်ပေါ်သို့ကျကုန်၏၊ သွေးပေါက်တို့ချောက်သောအခါ တကိုယ်လုံးမည်းနက်သော အကွက်တို့ ဖြစ်ကုန်၏၊ ထိုအခါမှစ၍ ဒီပါယန ရသေ့အား ကဏှဒီပါယနရသေ့ဟုတွင်လေ၏။

မင်းကျင့်ကိုဟော ဆုံးမပြော

မိုးသောက်သောအခါ အစောင့် အရှောက်တို့သည် ရသေ့ နှစ်ဦးထံမှ လာကြ၍ ရသေ့တို့ အချင်းချင်း ပြောဟောသော စကားကို မင်းကြီးအား လျှောက်ထားကြကုန်၏၊ မင်းကြီးလည်း ငါသည် မစုံစမ်းဘဲ ပြုမိချေပြီဟု ရသေ့တို့ထံသွား၍ “အို-ရသေ့...အဘယ်ကြောင့်တံကျင် တိုင်ကိုမှီ၍ နေသနည်း”ဟုမေး၏၊ “မြတ်သော မင်းကြီး ဤရသေ့ကို စောင့်၍ နေပါ၏”ဟု ပြော၏၊ “အို-ရသေ့... ဤရသေ့မှာ အပြစ်ရှိသည် မရှိသည်ကို သိပါသလော”ဟု မေး၏၊ “မင်းကြီး စုံစမ်းသဖြင့် အပြစ်မရှိကြောင်း သိရသည်”ဟု ပြောကြားပြီးလျှင်–

“မင်းမည်သည် မစုံစမ်း မဆင်ခြင်ဘဲ မပြုအပ်ကြောင်းကို” မိန့်တော်မူလျက် မင်းကျင့်တရား ဆယ်ပါးဖြင့် ဆုံးမလေ၏။

မိမိအတိတ်ကံ ယခုခံ

ထိုအခါ မင်းကြီးသည် မဏ္ဍဗျရသေ့၌ အပြစ်မရှိသည်ကိုသိ၍ တံကျင်ကို နုတ်စေကုန်၏၊ တံကျင်ကို မနုတ်နိုင်ကြကုန်၊

ထိုအခါ ရသေ့သည် “မြတ်သောမင်းကြီး... တံကျင်လျှို ခံရသည်မှာ မကောင်းမှုကံကြောင့်ဖြစ်ရ၏၊ ရှေးဘဝက လက်သမားသားဖြစ်စဉ် ယင်ငယ်တကောင်ကို သေးငယ်သော ပင်လယ်ကသစ်မြစ်ဖြင့် ဝစ္စမဂ်ကို ထိုးခဲ့ဘူး၏၊ ထိုကသစ်မြစ်သည် ယင်ငယ်၏ ကိုယ်တွင်း၌သာ တည်၏၊ သို့သော်လည်း ကသစ်မြစ်ကြောင့် မသေ၊ အသက်အတိုင်း နေ၍သာ သေရ၏၊ သို့အတွက် ငါ့ကို အသက်ရှင်စေလိုလျှင် တံကျင် ကိုမနုတ်ပါလင့်၊ အရေနှင့်ညီမျှအောင်သာ ဖြတ်ပေးပါ” ပြောဆိုလေ၏၊ မင်းချင်းတို့လည်း ရသေ့ ပြောဆိုတိုင်း ပြုကြကုန်၏၊ ထိုအခါမှစ၍ မဏ္ဍဗျရသေ့အား အာဏိမဏ္ဍဗျ ရသေ့ဟု တွင်လေ၏။

ဆရာနှင့်တွေ့ရာ မေးမြန်းကာ

မင်းကြီးသည် ရသေ့နှစ်ဦးကို ရှိခိုး ကန်တော့ပြီးလျှင် ဥယျာဉ်တော်၌ နေစေလျက် လုပ်ကျွေး၏၊ အာဏိမဏ္ဍဗျ ရသေ့သည် မင်းကြီးကိုမှီ၍ ဥယျာဉ်တော်၌သာနေ၏၊ ကဏှဒီပါယနရသေ့ကား မိမိနေရာသို့ပြန်၍ သူကြွယ်ကျောင်း ၌သာနေ၏၊ မဏ္ဍဗျသူကြွယ်လည်း ဆရာဖြစ်သော ကဏှဒီပါယနရသေ့လာသည်ကို ကြားလျှင် ဆွမ်းအဖျော်တို့ကိုစီမံ၍ သားမယားနှင့်တကွ အာဏိမဏ္ဍဗျရသေ့၏ အကြောင်းကို မေးမြန်းရန် ကျောင်းသို့ သွားပြီးလျှင် ဆရာရသေ့နှင့် ပဋိသန္ဓာရစကား ပြောဟောကာနေ၏။

သားမြွေခဲပြန် ဆေးကုရန်

ထိုအခိုက် မဏ္ဍဗျသူကြွယ်၏ သားဖြစ်သော ယညဒတ်မည်သောသူငယ်သည် စင်္ကြံဦး၌ ကျင်လှဲ၍ ကစားနေရာ ကျင်သည် အနီးရှိ မြွေဟောက်နေသော တောင်ပို့ပေါက်သို့ဝင်လျက် မြွေဟောက်၏ ဦးခေါင်းပေါ်၌ ကျလေ၏၊

သူငယ်သည် မြွေဟောက်မှန်းမသိသည့်အတွက် လက်ဖြင့် တွင်းသို့ နှိုက်၍ ကျင်ကိုကောက်၏၊ အဆိပ်ထန်သော မြွေဟောက်သည် လက်ကိုကိုက်၏၊ သူငယ်သည် အဆိပ်ဖြင့် မိန်းမောလျက် ထိုအရပ်မှာပင် လဲလေ၏။

သူငယ်၏ မိဘတို့သည် သားငယ် လဲသွားသည်ကိုမြင်လျှင် မြွေကိုက်မှန်းသိ၍ ပွေ့ချီကာ ဆရာရသေ့ခြေရင်းတွင် အသာထား၍ “အရှင်ဘုရား... ရသေ့ရဟန်းတို့ မည်သည် တစုံတရာမန္တန်ဆေးဝါးကို နားလည်တတ်ပါ၏၊ သူငယ်ကို အနာကင်းအောင် ပြုစုတော်မူပါ” ဟု လျှောက်ထား၏၊ “ဒါယကာ... ငါတို့မန္တန်ဆေးဝါးကို နားမလည်ပါ”ဟုပြော၏၊ “အရှင်ဘုရား... မန္တန်ဆေး ဝါးကို နားမလည်ခဲ့သော် သူငယ်အပေါ် မေတ္တာထား၍ သစ္စာပြုတော်မူပါ”ဟု လျှောက်ထားလေ၏။

မြွေကိုက်ဆေးကု သစ္စာပြု

ထိုအခါ ကဏှ ဒီပါယနရသေ့သည် ယညဒတ်၏ ဦးခေါင်းပေါ်၌ လက်ကိုတင်ထားကာ–

“ဒါယကာတို့...ငါသည် ရသေ့ ရဟန်းပြု၍ ခုနစ်ရက်သာ ကြည်ညိုသောစိတ်ဖြင့် ကောင်းမှုကို အလိုရှိသည်ဖြစ်၍ မြတ်သောအကျင့်ကို ကျင့်ပါ၏၊ ထိုခုနစ်ရက်မှ နောက်၌ နှစ်ပေါင်း ငါးဆယ်လွန်အောင် ကာလပတ်လုံး အလိုမရှိဘဲလျက် ကျင့်ရပါ၏၊ ဤသို့ မှန်သောစကားကို ဆိုရခြင်းကြောင့် ယညဒတ်သည် ချမ်းသာပါစေ၊ ... အသက်ရှည်ပါစေ၊ မြွေဆိပ်ပျောက်ကင်းပါစေ”

P.354 မြွေကိုက်ခံရသော သားငယ်အား မြွေဆိပ်ကင်းရန် ဆရာရသေ့နှင့်အမိအဘတို့သစ္စာဆိုနေကြပုံ

ဟုသစ္စာပြုလေ၏၊ ဤသို့သစ္စာပြုသော ခဏ၌ သစ္စာ၏ တန်ခိုးကြောင့် ယညဒတ်အား သားမြတ်တည်ရာမှအထက် ပိုင်းရှိ မြွေဆိပ်သည် လျှောကျ၍ မြေသို့ဝင်လေ၏။

ဖခင်မှန်ကန်မှု သစ္စာပြု

သူငယ်သည် မျက်စိကိုဖွင့်၍ အမိအဘတို့ကိုကြည့်ရှုကာ မိခင်ဖခင်ဟု ခေါ်၍ မှိန်းမြဲမှိန်း၍နေ၏၊ ထိုအခါ ဆရာ ရသေ့သည် “ဒါယကာ...ငါ၏အစွမ်းကိုပြအပ်ပြီ၊ သင်၏ အစွမ်းကို ပြဦးလော”ဟု ပြောဆိုပြန်ရာ ဖခင်သည် ရင်ဘတ်ပေါ်၌ လက်တင်ထားကာ−

“အရှင်တို့... အကျွန်ုပ်သည် အလှူကို ဘယ်အခါမျှ မနှစ်သက်၊ အလှူခံ ခရီးသွား ဧည့်သည်တို့ အိမ်သို့လာသောအခါ မနှစ်သက်၊ အကျွန်ုပ်၏ အလှူဒါန အလှူခံခရီးသွား ဧည့်သည်တို့ကို မနှစ်သက်သည့် အဖြစ်ကို အကြားအမြင် များသော ရဟန်းပုဏ္ဏားတို့ မသိကြကုန်၊ အလိုမရှိဘဲလျက် လှူဒါန်းပါ၏”။

“ဤသို့ မှန်သောစကားကို ဆိုရခြင်းကြောင့် ယညဒတ်သည် ချမ်းသာပါစေ၊ အသက်ရှည်ပါစေ၊ မြွေဆိပ်ပျောက်ကင်းပါစေ”—

ဟု သစ္စာပြုလေ၏၊ ထိုအခါ ယညဒတ်အား ခါးမှ အထက်ကိုယ်၌ မြွေဆိပ်သည်လျှောကျ၍ မြေသို့ဝင်လေ၏ သူငယ်သည် ထ၍ထိုင်၏၊ ရပ်ခြင်းကိုကား မပြုနိုင်သေးပေ။

မိခင် သစ္စာ ဘေးကင်းကွာ

ထိုအခါ သူကြွယ်သည် သူကြွယ်မအား “ရှင်မ... ငါ၏အစွမ်းကိုပြပြီ၊ သင်၏ အစွမ်းကိုလည်း ပြဦးလော့”ဟု ပြော၏၊ “အရှင်.. အကျွန်ုပ်အားတခုသော သစ္စာရှိ၏၊ သို့သော်လည်း အရှင်၏မျက်မှောက်၌ ပြုခြင်းငှါ မတတ်ကောင်း ပါ”ဟု ပြော၏၊ “ရှင်မ ... ငါ့သားချမ်းသာလျှင်ပြီးရော, ရှိပါစေ, ပြသာပြုပါ”ဟုခွင့်ပေးရာ သူကြွယ်မသည်–

“ချစ်သား... ပြင်းထန်သောအဆိပ်ရှိသော မြွေဟောက်သည် တောင်ပို့တွင်းမှထ၍ သင်ချစ်သားကို ကိုက်ဘိ၏၊ ယခုအခါ ထိုကိုက်သော မြွေဟောက်၌၎င်း, ချစ်သား၏ဖခင်၌၎င်း ငါ၏မချစ်သောအဖြစ်သည် တစုံတရာထူးခြားခြင်းမရှိ၊ ဤသို့ မှန်သောစကားကို ဆိုရခြင်းကြောင့် ယညဒတ်သည် ချမ်းသာပါစေ၊ အသံက်ရှည်ပါစေ၊ မြွေဆိပ် ပျောက်ကင်းပါစေ”—

ဟု သစ္စာပြုလေ၏၊ ထိုအခါ မြွေဆိပ်အလုံးစုံသည် လျှောကျ၍ မြေသို့ဝင်လေ၏၊ သားငယ်သည် အနာရောဂါ မရှိသဖြင့် ထ၍ကစားလေ၏။

ဆရာကျင့်ကြံမှု လျှောက် မေးပြု

ထိုအခါ မဏ္ဍဗျသူကြွယ်သည် ကဏှ ဒီပါယနရသေ့အား လျှောက်ထားမေးမြန်းလိုသဖြင့်—

“အရှင်ရသေ့ ရှင်ရသေ့မှတပါး ရသေ့ ရဟန်းပြုကြကုန်သော မင်းစသော သူတို့သည် ရသေ့ရဟန်းအဖြစ်၌ မွေ့လျော်ကြကုန်၏၊ ကိလေသာငြိမ်းရန် ဒွါရသုံးပါးကိုဆုံးမလျက် မြတ်သော အကျင့်ကိုကျင့်ကြကုန်၏၊ အရှင်ရသေ့ကားအဘယ်ကြောင့် ရသေ့ရဟန်းအဖြစ်၌ ငြီးငွေ့သည်ဖြစ်၍ အလိုမရှိဘဲလျက် မြတ်သောအကျင့်ကို ကျင့်ဘိသနည်း”

ဟု ကဏှဒီပါယနရသေ့၏ အလိုကို မေးမြန်းလေ၏။

မိမိကျင့်သဘော သူကြွယ်ဟော

ထိုအခါကဏှဒီပါယနရသေ့သည် မိမိ၏ အကျင့်တရားကို ဟောကြားလို၍-

“အို-ဒါယကာ... ဤကဏှဒီပါယနရသေ့ကား ကံကံ၏အကျိုးကိုယုံကြည်လျက်ရသေ့ရဟန်း ပြုပြီးလျှင် ... တဖန် လူ့ဘောင်သို့ ပြန်လိုပြန်၏၊ ထိုကဏှဒီပါယန ရသေ့ကား သူဆွံ့ သူအ-ကဲ့သို့ တကား၊ သူငယ်ကဲ့သို့ လျှပ်ပေါ်စွတကား၊ ဤကဲ့သို့ ကဲ့ရဲ့ခြင်းကို စက်ဆုပ်သည်ဖြစ်၍ ငါသည်အလိုမရှိဘဲလျက် မြတ်သောအကျင့်ကို ကျင့်ပါ၏၊ ထိုရသေ့ ရဟန်းအဖြစ်ကို ပညာရှိတို့သည် ချီးမွမ်းအပ်၏၊ ပညာရှိတို့နေရာ အရပ်လည်းဟုတ်၏၊ ဤအကြောင်း ဖြင့်ငါသည်ကောင်းမှုကိုပြုပါ၏”

ဟု သူကြွယ်အား မိမိအလိုကို ပြောဆိုပြီး၍–

လှူဒါန်းစက်ဆုပ် အမေးထုတ်

တဖန် ဆရာရသေ့သည် သူကြွယ်အား မေးပြန်လို၍–

“အို-သူကြွယ်... သင်သည် ရဟန်းပုဏ္ဏား ခရီးသွား ဧည့်သည်တို့ကို ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏၊ ဆွမ်းကိုလှူဒါန်း၏၊ သင်၏အိမ်ကား ရေတွင်းရေကန်သဖွယ်ဖြစ်၏၊ သင်၏အိမ်သည်ထမင်း အဖျော်လှူဘွယ်ဝတ္ထုနှင့်လည်း ပြည့်စုံ၏၊ သို့ဖြစ်လျက် အလှူဝတ္ထုနှင့် အလှူခံတို့အား အဘယ်သို့ သော ကဲ့ရဲ့ဘွယ်ကို စက်ဆုပ်သည်ဖြစ်၍ အလိုမရှိဘဲ ပေးလှူနေဘိသနည်း”—

ဟု သူကြွယ်အား ပြန်၍မေးပြန်၏။

သူကြွယ်စိတ်ထား လျှောက်ကြား

ထိုအခါ မဏ္ဍဗျ သူကြွယ်သည် မိဘ ဘိုးဘွားစဉ်ဆက်ဖြစ်သော ကောင်းမှုပြုသောအဖြစ်ကို ပြောဆိုလို၍-

“အရှင်ရသေ့ အကျွန်ုပ်၏ အဘ အဘိုးတို့သည် ကံ, ကံ၏အကျိုးကို ယုံကြည်ကြကုန်၏၊ အလှူရှင်ဖြစ်ကုန်၏၊ အလှူခံတို့ အလိုကို သိကုန်၏၊ ထိုခုနစ်ဆက်မှ လာသော ကျင့်ဝတ်သို့ အစဉ်လိုက်သော အကျွန်ုပ်သည် အမျိုးစဉ်ဆက်၌ အယုတ်ဆုံး အဖျင်းဆုံး မဖြစ်ပါစေလင့်၊ ဤသို့ အယုတ်ဆုံး အဖျင်းဆုံး ဟူသော ကဲ့ရဲ့ခြင်းကို စက်ဆုပ် ရွံရှာသည်ဖြစ်၍ အလိုမရှိဘဲ အလှူကို လှူဒါန်းပါ၏”

ဟု ရသေ့အား မိမိအလိုကို လျှောက်ထားလေ၏။

လင်မချစ်မှု အမေးပြု

ထို့နောင် မဏ္ဍဗျသူကြွယ်သည် မိမိ မယား မချစ်ခင်သော အဖြစ်ကိုမေး လို၍–

“တင့်တယ်သောကိုယ်ရှိသော အိမ်ရှင်မ ပျိုရွယ် နုနယ်၍ သတို့သမီးငယ် ဖြစ်သော သင့်ကိုစည်းစိမ်ဥစ္စာကို မစီရင်နိုင်သူဖြစ်လျက် အိမ်သို့ ခေါ်ဆောင်လာခဲ့၏၊ ငါ့အား မချစ်မနှစ်သက်ဘဲ လုပ်ကျွေး နေရပါလျက် မချစ် မနှစ်သက်သော အဖြစ်ကို ငါ့ကိုမသိစေ၊ ထိုသို့မချစ်မနှစ်သက်ပါဘဲလျက် အဘယ်ကြောင့် ငါနှင့်ပေါင်းဘော်၍နေနိုင် ဘိသနည်း”။

ဟု မယားအား မေးပြန်၏။

မှန်ကန်စကား မယားပြောကြား

ထိုအခါ မယားသည် မိမိသဘောရင်း အမှန်ဖြစ်သော စကားကို ပြောလို၍–

“အရှင်...အကျွန်ုပ်တို့အမျိုး၌ အလွန်ဝေးလံ သော ဆွေခုနစ်ဆက်မှစ၍ မိမိယောက်ျားကို စွန့်ပယ်၍ တပါးသော ယောက်ျားကို ယူဘူးသော မိန်းမ မည်သည် မရှိခဲ့စဖူး၊ ထိုဆွေခုနစ်ဆက်၌ မပျက်သော အမျိုး၏ အကျင့်သို့ အစဉ်လိုက်သော အကျွန်ုပ်သည် ဆွေခုနစ်ဆက်၌ အယုတ်ဆုံးအဖျင်းဆုံးသော မိန်းမ မဖြစ်စေလင့်၊ ဤသို့ ဆွေခုနစ်ဆက်၌ အယုတ်ဆုံး အဖျင်းဆုံး မိန်းမဟု ကဲ့ရဲ့ခြင်းကို စက်ဆုပ် ရွံရှာသည်ဖြစ်၍ အလိုမရှိဘဲ သင်၏ခြေ ရင်း၌ လုပ်ကျွေးပါ၏”

ဟု လင်ယောက်ျားအား မိမိအလိုကို ပြောကြားပြန်၏။

မိမိအပြစ်ကံ လင်တောင်းပန်

ဤသို့လျှင် သုံးဦးသားတို့ မိမိ မိမိတို့၏ အလိုကို ပြောဆိုပြီးလျှင် သူကြွယ်မသည် ငါကား လင်ယောက်ျား၏ ရှေ့၌ မပြောသင့်သော စကားကို ပြောမိပြီ၊ မုချ ငါ့အား စက်ဆုပ်ရွံရှာတော့မည်ဟု ဆရာရသေ့၏ရှေ့မှာပင် ကန်တော့ မည်ဟု ကြံစည်ကာ-

“အရှင်...အကျွန်ုပ်သည် သား၏အကြောင်းကြောင့် မပြောသင့်သော စကားကို ပြောဆိုမိပြီ၊ ယခု အကျွန်ုပ်အား သည်းခံတော်မူပါ၊ ဤသို့ပြောဆိုရာ၌ သား၌ ချစ်ခြင်း အကြောင်း မှတပါး အကြောင်း တစုံတရာ မရှိပါ၊ သား၌ ချစ်ခြင်း အကြောင်းကြောင့် ပြောဆိုမိပါ၏၊ အကျွန်ုပ်တို့သား ယညဒတ်သည် အသက်ကို ရခဲ့ပြီ”—

ဟု လင်ယောက်ျားအား ကန်တော့တောင်းပန်လေ၏။

ဆရာဆုံးမ ချမ်းသာကြ

ထိုအခါ မဏ္ဍဗျသူကြွယ်သည် “ရှင်မ... သင့်အား ငါသည်းခံ၏၊ ဤနေ့မှစ၍ ကြမ်းတန်းသောစိတ်ကို မဖြစ်စေလင့်” ဟု ပြောဆိုဆုံးမ၏ ကဏှဒီပါယနရသေ့လည်း “ဒါယကာ သင်သည် ကံ, ကံ၏အကျိုးကို ယုံကြည်၍ အလှူကို လှူဒါန်းလော့”ဟု ဆုံးမလေ၏၊ မဏ္ဍဗျသူကြွယ်လည်း “အရှင်ဘုရား...ရသေ့ရဟန်း အဖြစ်၌ ပျော်မွေ့စွာ မြတ်သော အကျင့်ကို ကျင့်ပါလော့”ဟု သတိပေးလေ၏။

ထိုနေ့မှစ၍ မယားလည်း လင်ယောက်ျား၌ ချစ်ခင် လေးမြတ်လေ၏၊ သူကြွယ်လည်း ကံ, ကံ၏အကျိုးကို ယုံကြည်၍ အလှူကိုလှူဒါန်းလေ၏၊ ရသေ့လည်း ရသေ့ရဟန်း အဖြစ်၌ မွေ့လျော်လျက် ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လားရ၏။

မြတ်စွာဘုရားသည် ဒေသနာတော်ကို ဆောင်ပြီးလျှင် သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–

ရဟန်းတို့...

*ထိုအခါမဏ္ဍဗျသူကြွယ်သည်-ယခုအခါအာနန္ဒာ၊

*သူကြွယ်သားသည်-ရာဟုလာ။

*အာဏိမဏ္ဍဗျရသေ့သည်-သာရိပုတ္တရာ။

*ကဏှဒီပါယန ရသေ့သည်-ငါဘုရားဖြစ်လာပြီ-

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) အမှန်သစ္စာ၊ ဆိုသောခါ၊ လိုရာပြီးနိုင်သည်။

(၂) ကောင်းမကောင်းမူ၊ ကြောင်းမဟူ၊ မှန်မူသစ္စာမည်။

(၃) ယညဒတ်မှာ၊ မြွေကိုက်ရာ၊ သစ္စာဆေးကောင်းမည်။

ကဏှဒီပါယနဇာတ် ပြီး၏။

***

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ