ဥပါဒါန်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဥပါဒါန် ဆိုသည်မှာ "ဥပါဒိယတီတိ ဥပါဒါနံ" မြဲစွာစွဲလမ်းတတ်သောကြောင့် "ဥပါဒါန်" မည်သည်။ တဏှာကြောင့် ဥပါဒါန် ဖြစ်ပေါ်သည်။[၁]
ခိုင်မြဲကြပ်တည်းစွာ မလွှတ်ရက်ပဲ စွဲလမ်းသောတရားကို "ဥပါဒါန်" ဟု ဆိုသည်။ အကြင်တစ်စုံတစ်ရာသော အရာဝတ္ထုကို သာယာစွဲလမ်းမှုကြောင့် အလွန်များပြားသော ဆင်းရဲဒုက္ခကို ရပါသော်လည်း ထိုဝတ္ထုကို မစွန့်ပစ်နိုင်၊ အပြစ်ဒေါသ အာဒီနဝတို့ကို မြင်ပါသော်လည်း ထိုဝတ္ထုကို မစွန့်လွှတ်နိုင်။ ဖားကို မြွေမြို၍ ထားသကဲ့သို့ အတင်းစွဲလမ်းသည်ကို "ဥပါဒါန်" ဟူ၍ ဆိုလိုသည်။
ဥပါဒါန်လေးပါး
ဥပါဒါန်သည် အောက်ပါအတိုင်းလေးပါးအပြား ရှိသည် -
- ကာမုပါဒါန်
- ဒိဋ္ဌုပါဒါန်
- သီလဗ္ဗတုပါဒါန်
- အတ္တဝါဒုပါဒါန်[၁]
ကာမုပါဒါန်
ချစ်ခင်နှစ်သက် စုံမက်သာယာဖွယ်ဖြစ်သည့် ရူပါရုံအစရှိသည့် ကာမဝတ္ထုတို့၌ မလွှတ်ရက်ဘဲ ပြင်းစွာစွဲလမ်းသော ကာမတဏှာသည် "ကာမုပါဒါန်" မည်သည်။[၁]
ဒိဋ္ဌုပါဒါန်
မှားယွင်းသောအယူတို့၌ လည်းကောင်း၊ ဒိဋ္ဌိနှင့်ဆိုင်သော ဝတ္ထုတို့၌လည်းကောင်း၊ ကျမ်းဂန်တို့၌ လည်းကောင်း ဤအယူသာ မှန်၏ အခြား အယူများကား အမှားချည်းတည်းဟူ၍ ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းသော ဒိဋ္ဌိသည် "ဒိဋ္ဌုပါဒါန်" မည်သည်။[၁]
သီလဗ္ဗတုပါဒါန်
သမာဓိကို ဖြစ်စေတတ်သော ဘာဝနာ, ပညာကို ဖြစ်ပွားစေတတ်သော ဘာဝနာလမ်းမှ ရှောင်ထွက်၍ မိမိကိုယ်ကို ပူပန်အောင်ကျင့်ခြင်းစသော အတ္တကိလမထာနုယောဂအကျင့်, အချည်းနှီးစက်ဆုပ်ဖွယ်ကျင့်သောအကျင့်, နွားတို့အကျင့် နွားတို့အလေ့သို့လိုက်သော အကျင့် ဤကဲ့သို့သော ဗာဟိရကတိတ္ထိတို့၏ အကျင့်မျှနှင့် သံသရာမှ စင်ကြယ်စွာ ထွက်မြောက်နိုင်သည်၊ ဒုက္ခမှ ကင်းလွတ်နိုင်သည်ဟူ၍ အခိုင်အမြဲ စွမ်းလမ်းသော ဒိဋ္ဌိတ်မျိုးသည် "သီလဗ္ဗတုပါဒါန်" မည်သည်။[၁]
အတ္တဝါဒုပါဒါန်
သတ္တဝါတို့မှာ ခိုင်မြဲသော အတ္တရှိ၏။ ထိုအတ္တဖြင့် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း၏။ လူသေ၍ ပြောင်းလဲသော်လည်း အတ္တသည် မပြောင်းလဲ၊ "ငါ" ဧကန်ရှိသည်၊ "သူတစ်ပါး" ဧကန်ရှိသည်၊ "ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ" ဧကန်ရှိသည် ဟူ၍ အပြင်းအထန်စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးသည် "အတ္တဝါဒုပါဒါန်" မည်သည်။[၁]
ထိုအတ္တဝါဒုပါဒါန်ကို အတ္တဒိဋ္ဌိဟူ၍လည်းကောင်း၊ အတ္တာနုဝါဒဒိဋ္ဌိဟူ၍လည်းကောင်း၊ သက္ကာယဒိဋ္ဌိဟူ၍လည်းကောင်း ဆိုအပ်သည်။[၁]