ဧဠကလောမသိက္ခာပုဒ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဧဠကလောမသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်၏။[၁]
သမိုင်း
မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ရဟန်းတစ်ပါးသည် ကောသလဖနပုဒ်သာဝတ္ထိမြို့သို့ သွားစဉ် လမ်းခရီးတွင် သိုးမွေးတို့ ရရှိ ဖြစ်ပေါ်၏။ ထိုနောက် ရဟန်းသည် သိုးမွေးတို့ကို ဧကသီဖြင့် အထုပ်ဖွဲ့ကာ ယူသွား၏။
ထိုသို့ ယူသည်ကို လူတို့သည် မြင်၏။ လူတို့သည် ထိုရဟန်းအား “အဘယ်လောက်သော အဖိုးဖြင့် ဝယ်ပါသနည်း၊ အဘယ်မျှလောက်သော အမြတ်ကို ရပါသနည်း” ဟု လှောင်ပြောင်ကြ၏။ ထိုရဟန်းသည် လှောင်ပြောင်ခံရသဖြင့် မျက်နှာမလှဖြစ်လေ၏။ ထိုရဟန်းသည် သာဝတ္ထိမြို့သို့ သွား၍ သိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချ၏။
ထိုအခါ ရဟန်းတို့သည် “အဘယ်ကြောင့် သိုးမွေးတို့ကို ရပ်လျက်ပင် ပစ်ချသနည်း” ဟု မေး၏။ ထိုအခါ ရဟန်းသည် ဖြစ်ကြောင်းကုန်စင် ပြောပြကာ “ဤသိုးမွေးတို့ကြောင့်ပင် ငါ့အား လူတို့သည် လှောင်ပြောင်သည် မဟုတ်လော” ဟု ဆို၏။ ထိုအခါ ရဟန်းတို့သည် “အဘယ်မျှ ဝေးသော အရပ်မှ ယူခဲ့ပါသနည်း” ဟု မေးရာ “သုံးယူဇနာထက် လွန်ခဲ့ပါသည်” ဟု ဆို၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် အဘယ်အတွက်ကြောင့် “သုံးယူဇနာထက်အလွန် သိုးမွေးတို့ကို ယူခဲ့သနည်း” ဟု ကဲ့ရဲ့ကုန်၏။
ထို့နောက် မြတ်စွာဘုရားသည် “သိုးမွေးတို့ကို သုံးယူဇနာထက်အလွန် ယူဆောင်ခဲ့သည်မှာ ဟုတ်ပါသလား” ဟု မေး၏။ ရဟန်းလည်း “ဟုတ်မှန်ကြောင်း” ဖြေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]
သိက္ခာပုဒ်
“ရှည်သော ခရီးသို့ သွားသော ရဟန်းအား သိုးမွေးတို့သည် ဖြစ်ပေါ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် ခံယူရာသည်၊ ခံယူပြီးနောက် ဆောင်ယူမည့်သူ မရှိခဲ့သော် သုံးယူဇနာတိုင်တိုင် မိမိလက်ဖြင့် ဆောင်ယူနိုင်သည်။ အကယ်၍ ထိုသုံးယူဇနာထက်အလွန် ဆောင်ယူငြားအံ့၊ ဆောင်ယူမည့်သူ မရှိသော်လည်း (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[၁]