အတွင်းအောင်ခြင်း

ဝီကီပီးဒီးယား မှ
(အတွင်းအောင်ခြင်း ၈-ပါး မှ ပြန်ညွှန်းထားသည်)

အတွင်းအဇ္ဈတ္တ၌ရှိသော ကိလေသာရန်သူများကို အောင်မြင်ပုံ ပြဆိုသောကြောင့် အတွင်းအောင်ခြင်းဟု ခေါ်သည်။ ဂါထာအားလုံး ရှစ်လုံးဖွဲ့ချည်း ဖြစ်သည်၊ အောင်ခြင်းတပုဒ်ဆုံးတိုင်း ( ဧတေန သစ္စဝဇ္ဖေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ) ဟူသော သစ္စာပြုစာပိုဒ်ဖြင့် အဆုံးသတ်ထားသည်၊ ဤသစ္စာစကားကြောင့် အတွင်းရန်ကို အောင်မြင်တော်မူသော ဘုရားနည်းတူ အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေဟု တောင့်တချက် ပြုထားသည်။

မြန်မာပြန်ဆိုခြင်း[ပြင်ဆင်ရန်]

အတွင်းအောင်ခြင်း ဂါထာများနှင့် ပတ်သက်၍ ရေးသားသူ၏အမည်နှင့် ရေးသားသည့် ခေတ်ကာလကို အတိအကျ မသိရ၊ စာပေကျမ်းဂန် အထူးတတ်ကျွမ်းပြီး သဒ္ဓါတရား ထက်သန်ကောင်းမွန်သော ပညာရှင်တဦးက ရေးသားဖွဲ့ဆိုထားသည်ဟု မှန်းဆရသည်။ အင်းဝခေတ်တွင် အတွင်းအောင်ခြင်း ဂါထာများကို သင်ကြားနေပြီဖြစ်၍ ထိုခေတ်ထက် စောကောင်းစောတန်ရာသည်ဟု မှန်းဆနိုင်သည်။


အတွင်းအောင်ခြင်း ဂါထာများကို ဆယ်စောင်တွဲပါ ရှေးနိဿယအပြင် ညောင်တုန်းမြို့ ရွှေဟင်္သာတိုက် အလင်္ကာနိဿယ ကျမ်းပြု စံကျောင်းဆရာတော်ဘုရားကြီးက နိဿယအကျယ် ရေးသားထားသည်။ သာယာဝတီ ဦးညေယျကလည်း နိဿယအကျယ် ရေးသားခဲ့သည်။ အခြားပညာရှင်တို့၏ နိဿယများလည်း ရှိလိမ့်ဦးမည်ဟု ယူဆရသည်။

အတွင်းအောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန်[ပြင်ဆင်ရန်]

၁။ အဝိဇ္ဇာအဏ္ဍကောသမှိ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။
တမှာ ဌာနာ နိက္ခာမေသိ၊ ဒေသနာဉာဏ တေဇသာ ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

( မြတ်စွာဘုရားသည် ) အဝိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တဝါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တဝါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။ မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။


၂။ မဟာမောဟန္ဓကာရေန၊ အဘိဘူတေ မဟာဇနေ ။
ပညာစက္ခုံ လဘာပေသိ၊ ဉာဏာလောကေန သော ဇိနော ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တဝါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၃။ ရာဂါဒိအဂ္ဂိဇာလေဟိ၊ ဍဎ္ဍကာယံ မဟာဇနံ ။
နိဗ္ဗာပေသိ နရနာထော၊ အဋ္ဌမဂ္ဂင်္ဂဝါရိနာ ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တဝါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၄။ စတုရောဂေဟိ ဝုယှန္တေ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။
ဥတ္တာရေသိ မဟာဝီရော၊ ဓမ္မနာဝါယ နာယကော ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ ဩဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့် နစ်မွန်းမျောပါးကုန်သော သတ္တဝါတို့ကို တရားတည်းဟူသော လှေဖြင့် ကယ်တင်တော်မူလေပြီ။ ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၅။ သံသာရစာရကံ လောကံ၊ နိစ္စံ ဒုက္ခေန ပီဠိတံ ။
နိဗ္ဗာနပုရံ ပါပေသိ၊ ယာနတ္တယေန သော ဇိနော ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ထိုမြတ်စွာဘုရားသည် သံသရာ၌ ကျင်လည်လှုပ်ရှားပြေးသွားနေရပြီး ဇာတိစသော ဆင်းရဲဒုက္ခဖြင့် အမြဲမပြတ် နှိပ်စက်ခြင်း ခံနေရသော လူအပေါင်းကို အနိစ္စ, ဒုက္ခ, အနတ္တ ဝိပဿနာယာဉ်သုံးပါးဖြင့် နိဗ္ဗာန်ပြည်မြတ်သို့ ရောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၆။ ကဋ္ဌမုခါဒိ သပ္ပေဟိ၊ ဍဋ္ဌကာယံ မဟာဇနံ ။
နိဗ္ဗာပေသိ မဟာဓီရော၊ နာထော တိလောကဝေဇ္ဇကော ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ကြီးမြတ်သော ပညာရှိတော်မူသော လူသုံးပါးတို့၏ ဆေးသမားသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကဋ္ဌမုခ-စသော မြွေလေးကောင်တို့၏ ကိုက်ခဲခြင်းကို ခံရသော ကိုယ်ရှိသော များစွာသော သတ္တဝါအပေါင်းကို (ဒေသနာအမြိုက်ဆေး တိုက်ကျွေးသောအားဖြင့်) ငြိမ်းစေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၇။ သံသာရ ဒုက္ခကန္တာရာ၊ ကိလေသစောရပီဠိတံ ။
ခေမန္တဘူမိံ တာရေသိ၊ သတ္ထဝါဟော ဝိနာယကော ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကိလေသာခိုးသူတို့၏ နှိပ်စက်ခြင်းကို ခံနေရသော သတ္တဝါအပေါင်းကို သံသရာဆင်းရဲ ခရီးခဲဲမှ ဘေးမရှိရာ နိဗ္ဗာန်သို့ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


၈။ ပဥ္စတာလီသ ၀ဿာနိ၊ ဌတွာ လောကံ သဒေဝကံ ။
ပိ၀ယိတွာ ဓမ္မရသံ၊ နိဗ္ဗုတော သော သသာဝကော ။
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဘုရားအဖြစ်၌ တည်တော်မူ၍ နတ်နှင့်တကွသော လူအပေါင်းကို တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူပြီး၍ တပည့်သား သံဃာတော်အပေါင်းနှင့် အတူ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

အတွင်းအောင်ခြင်းရှစ်ပါး အနက်[ပြင်ဆင်ရန်]

(၁) မာရဇိ၊ မြတ်စွာဘုရားသည်။ အဝိဇ္ဇာအဏ္ဍ ကောသမှိ၊ အဝိဇ္ဇာတည်း ဟူသော ဥခွံတွင်း၌။ တဏှာ ဇလမ္ဗုဇေ၊ တဏှာတည်းဟူသော ရေ၌ ဖွား၍ ငါးနှင့် တူကုန်သော။ သတ္တေ၊ သတ္တဝါတို့ကို။ ဒေသနာ ဉာဏ တေဇသာ၊ ဒေသနာဉာဏ်တည်းဟူသော တန်ခိုးဖြင့်။ တမှာဌာနာ၊ ထိုအဝိဇ္ဇာတည်ရာအရပ်မှ။ နိက္ခာမေသိ၊ ထွက်မြောက်စေတော်မူပြီ။ ဧတေန သစ္စ ဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

(၂) စက္ခုမာ၊ မြတ်စွာဘုရားသည်။ ဉာဏာလောကေန၊ ဉာဏ်တည်းဟူ သော အလင်းရောင်သည်။ မဟာမောဟန္ဓ ကာရေန၊ ကြီးစွာသော အမိုက် တိုက်တည်းဟူသော မောဟသည်။ အဘိ ဘူတေ၊ နှိပ်စက်အပ်ကုန်သော။ မဟာဇနေ၊ များစွာကုန်သောသတ္တဝါတို့ကို။ ပညာစက္ခုံ၊ ပညာတည်းဟူသော မျက်စိကို။ လဘာပေသိ၊ ရစေတော်မူပြီ။ ဧတေန သစ္စ ဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

(၃) နရနာထော၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာ ဘုရားသည်။ ရာဂါဒိ အဂ္ဂိ ဇာလေဟိ၊ ရာဂအစရှိသော မီးလျှံတို့ဖြင့်။ ဒဍ္ဎု ကာ ယံ၊ ပူလောင်သောကိုယ်ရှိသော။ မဟာဇနံ၊ များစွာသော သတ္တဝါကို။ အဋ္ဌမဂ္ဂင်္ဂ ဝါရိနာ၊ မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့်။ နိဗ္ဗာပေသိ၊ ငြိမ်းစေတော်မူပြီ။ ဧတေန သစ္စ ဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယ မင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

(၄) မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော။ နာယကော၊ လူ သုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသခင်သည်။ ဂမ္ဘီရေ၊ နက်စွာသော။ သံသာရဏ္ဏဝေ၊ သံသရာတည်းဟူသောသမုဒ္ဒရာ ၌။ စတုရောဃေဟိ၊ လေးပါးသော ရေအယဉ်တို့ဖြင့်။ ဝုယှန္တေ၊ မျောကုန်သော သတ္တဝါတို့ကို။ ဓမ္မနာဝါယ၊ တရားတည်းဟူသောလှေဖြင့်။ ဥတ္တာရေသိ၊ ကယ် တင်တော်မူလေပြီ။ ဧတေနသစ္စဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသ တည်း။

(၅) သော ဇိနော၊ ထိုမြတ်စွာဘုရားသည်။ သံသာရစာရိကံ၊ သံသရာ၌ ကျင်လည်တတ်သော။ ဒုက္ခေန၊ ဇာတိအစရှိသော ဒုက္ခသည်။ နိစ္စံ၊ အမြဲ။ ပီဠိတံ၊ နှိပ်စက်အပ်သော။ လောကံ၊ လူအပေါင်းကို။ ယာနတ္တယေန၊ ယဉ်သုံးပါးတို့၏အ ပေါင်းဖြင့်။ နိဗ္ဗာနံ ပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့။ ပါပေသိ၊ ရောက်စေတော်မူပြီ။ ဧတေန သစ္စဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

(၆) မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူထသော။ တိလောကဝေဇ္ဇ ကော၊ လူသုံးပါးတို့၏ ဆေးသမားသဖွယ်ဖြစ်တော်မူသော။ နာထော၊ မြတ်စွာ ဘုရားသည်။ ကဋ္ဌမုခါဒိ သပ္ပေဟိ၊ ကဋ္ဌမုခ အစရှိသော မြွေလေးစင်းတို့သည်။။ ဍဋ္ဌကာယံ၊ ကိုက်အပ်သော ကိုယ်ရှိသော။ မဟာဇနံ၊ များစွာသော သတ္တဝါကို။ တိကိစ္ဆသိ၊ ကုစားတော်မူပြီ။ ဧတေနသစ္စဝစေန၊ ဤသို့သောသစ္စာစကား ကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဟောတု၊ ဖြစ် ပါစေသတည်း။

(၇) သတ္ထဝါဟော၊ ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော။ ဝိနာယကော၊ သတ္တ ဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည်။ ကိလေသ စောရ ပီဠိတံ၊ ကိလေသာတည်းဟူသော ခိုးသူတို့သည် နှိပ်စက်အပ်သော သတ္တဝါအပေါင်းကို။ သံသာရ ဒုက္ခကန္တာရာ၊ သံသ ရာဆင်းရဲတည်းဟူသော ခရီးခဲမှ။ ခေမန္တ ဘူမိံ၊ ဘေးမရှိရာ နိဗ္ဗာန်သို့။ တာရေ သိ၊ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ။ ဧတေနသစ္စဝစေန၊ ဤသို့ သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာ သည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

(၈) သော၊ ထိုဆိုအပ်ခဲ့ပြီးသော ကျေးဇူးအပေါင်းတို့နှင်ပြည့်စုံတော်မူ ပြီးသော မြတ်စွာဘုရားသည်။ ပဉ္စ တာလီသ ဝဿာနိ၊ (၄၅) ဝါ တို့ပတ်လုံး။ လောကေ၊ လူ့ရွာ၌။ ဌတွာ၊ တည်တော်မူ၍။ သဒေဝကံ၊ နတ်နှင့်တကွသော လူအပေါင်းကို။ ဓမ္မရသံ၊ တရားတည်းဟူသော အမြိုက်အရသာကို။ ပါယေ တွာန၊ သောက်စေတော်မူပြီး၍။ သသာဝကော၊ တပည့်သား သံဃာတော်အ ပေါင်းနှင့်တကွ။ နိဗ္ဗုတော၊ နိဗ္ဗာန်ယူသိမ်းငြိမ်းတော်မူပြီ။ ဧတေနသစ္စဝစေန၊ ဤသို့သော သစ္စာစကားကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂ လာသည်။ ဟောတု၊ ဖြစ်ပါစေသတည်း။

အတွင်းအောင်ခြင်း ရှစ်ပါးပါဋ္ဌ် အနက်ပြီး၏။[၁]


အတွင်းအောင်ခြင်း ရှစ်ပါး ကဗျာ[ပြင်ဆင်ရန်]

၁။ အဝိဇ္ဇာ ဥတွင်း၊ သက်ဆင်းရောက်နေ ။
တဏှာတံလျှပ်၊ ကိန်းဝပ် ဝေနေ ။
ဒေသနာဉာဏ်မြတ်၊ ဟောလတ်ချွတ်ချွေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၂။ မောဟ မှောင်ကြီး၊ ပိတ်ဆီးကာနေ ။
ပညာမျက်စိ၊ ကန်းဘိသူတွေ ။
မျက်စကိုဖွင့်၊ ဉာဏ်ဖြင့်မြင်စေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၃။ ရာဂ စသား၊ မီးများလောင်နေ ။
ပူလောင်ကိုယ်ရှိ၊ များဘိဝေနေ ။
မဂ္ဂင်ရေအေး၊ တိုက်ကျွေးငြိမ်းစေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၄။ ပင်လယ်ရေလှိုင်း၊ နက်ရှိုင်းတူနေ ။
သံသရာဩဃ၊ မျောကြသူတွေ ။
တရားလှေထက်၊ တင်လျက်ဆောင်ပေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၅။ ဇာတိအစ၊ ဒုက္ခထွေထွေ ။
နှိပ်စက်ခံရ၊ များလှဝေနေ ။
သုံးပါးယဉ်ထက်၊ တင်လျက်ဆောင်ပေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၆။ ကဋ္ဌမုခ၊ စသည်လေးထွေ ။
မြွေဆိုးကိုက်ကြ၊ ခံရသူတွေ ။
ဒေသနာဆေး၊ တိုက်ကျွေးကာလေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၇။ ကိလေသာမျိုး၊ လူဆိုးရှုပ်ပွေ ။
သံသရာလမ်း၊ ဘေးဘျမ်းထူနေ ။
နိဗ္ဗာန်စခန်း၊ လွတ်လမ်းရှာဖွေ ။
ကယ်တင်ငြား၊ ဘုရားမြတ်စိန္တေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။


၈။ ဝါလေးဆယ့်ငါး၊ ဘုရားစိန္တေ ။
နတ်နှင့်လူများ၊ တရားဟောချွေ ။
အမြိုက်ဓမ္မ၊ သောက်ကြပြီးစေ ။
နိဗ္ဗူနန်း၊ စံမြန်းအတူပေ ။
မှန်စကား၊ တို့များ အောင်ပါစေ ။

ကိုးကား[ပြင်ဆင်ရန်]

  1. ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်