ပဌမဥစ္စာရဆဍ္ဍနသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(အဋ္ဌမသိက္ခာပုဒ်၊ လသုဏဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—နံရံတဘက်၌ ကျင်ကြီးခွက်ကို စွန့်ပြစ်မှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁]

ပုဏ္ဏား တစ်ယောက်[ပြင်ဆင်ရန်]

ယခုခေတ်၌ ဈေးခွန်ကောက်ခွင့်ရသူ စသည်တို့ကဲ့သို့ အခွန်အတုတ်ကောက်ခွင့် အာဏာတစ်ခု ရရှိထားသော ပုဏ္ဏားတစ်ယောက်သည် ထိုရာထူးကို နောက်တနှစ်အတွက် ဆက်လက်ရအောင် မင်းထံသို့ အတောင်းသွားမည်ဟု ကြံ၍ ခေါင်းလျှော် ရေချိုးပြီးလျှင် ဘိက္ခုနီတို့၏ ကျောင်းတံတိုင်းနှင့် ကပ်နေသော လမ်းဖြင့် မင်းထံသို့ သွားစဉ် ဘိက္ခုနီတစ်ယောက်ကလည်း ကျင်ကြီးစွန့်ထားသော ခွက်တစ်ခုကို တံတိုင်းပြင်ဘက်သို့ အပစ်လိုက်မှာ ပုဏ္ဏား၏ဦးခေါင်း ပေါ်သို့ တည့်တည့်ကြီး ကျသွားလေတော့သည်။

ပုဏ္ဏားသည် (“မင်္ဂလာရှိအောင် ခေါင်းလျှော် ရေချိုး၍ ရာထူးအတွက် သွားခါမှ အမင်္ဂလာဖြစ်ရလေခြင်း” ဟု မကျေမနပ်ဖြစ်ကာ) ဘိက္ခုနီတို့၏ ကျောင်းကို မီးရှို့မည်ဟု မီးစကိုင်၍ ဝင်လာသည်ကို ကျောင်းမှထွက်လာသော ဥပါသကာမြင်၍အကြောင်းအရာကို မေးမြန်းသောအခါ ခင်ဗျာ... ကျုပ်က ရှင်ဘုရင့်ထံ ရာထူးတောင်းမယ်လို့ အသွားမှာ ဟောဒီ ကတုံး လင်ထောင်မတွေက သူတို့ချေးခွက်ကို ကျုပ်ခေါင်းပေါ် ပစ်ချကြတယ်၊ ဒါ့ကြောင့် ကျုပ်က ဒင်းတို့ကျောင်းကို မီးရှို့ မလို့”ဟု ပြောလေရာ, အပြောကောင်း အချော့ကောင်း ဥပါသကာက “ဒီလိုဆိုရင် ဒါဟာ မင်္ဂလာဘဲ, သွားသာ သွားတော့ အသပြာတထောင်ရော ရာထူးရော ရပါလိမ့်မည်”ဟု ပြောသဖြင့် စိတ်ဆိုးပြေကာ တဖန်ခေါင်းလျှော် ရေချိုး၍ မင်းထံသို့ သွားလေသော် ဥပါသကာ ပြောသည့်အတိုင်းပင် အသပြာတထောင်နှင့် ရာထူးပါ ရခဲ့လေသည်။

ကျောင်းမှ ထွက်လာသော ဥပါသကာလည်း ကျောင်းသို့ ပြန်ဝင်၍ ဘိက္ခုနီတို့အား ပုဏ္ဏားစိတ်ဆိုး၍ ကျောင်းမီးရှို့ မည်ဟု ဝင်လာကြောင်း နောင်ခါ ဒီလိုမပစ်ကြဖို့ အကြောင်းကို ပြောပြလေလျှင် ထိုအကြောင်းကို ကြားသိရသော ဘိက္ခုနီတို့က ထိုသွန်ပစ်သော ဘိက္ခုနီကို ကဲ့ရဲ့ကြသောကြောင့် သိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဥစ္စာရံ ဝါ ပဿာဝံ ဝါ သင်္ကာရံ ဝါ ဝိဃာသံ ဝါ တိရောကုဋ္ဋေ ဝါ တိရောပါကာရေ ဝါ ဆဍ္ဍေယျ ဝါ ဆဍ္ဍာပေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် ကျင်ကြီးကိုဖြစ်စေ ကျယ်ငယ်ကို ဖြစ်စေ အမှိုက်ကိုဖြစ်စေ (စားပြီး၍ ကြွင်းကျန်သော) စားကြွင်းကို ဖြစ်စေ ဝရံတာ- သို့မဟုတ် တံတိုင်း၏တဘက် (ဟိုဘက်)သို့ ကိုယ်တိုင်သော်လည်း စွန့်ပစ်အံ့, အခြားတစ်စုံတစ်ယောက်ကိုသော်လည်း အပစ်ခိုင်းအံ့၊ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး