တိပလ္လတ္ထဇာတ်

ဝီကီပီးဒီးယား မှ
(သပ္ပါဏကသိက္ခာပုဒ်၊ သပ္ပါဏကဝဂ် မှ ပြန်ညွှန်းထားသည်)

ဧကကနိပါတ် - ၂- သီလဝဂ် -၁၆- တိပလ္လတ္ထဇာတ်။ ။ မိဂမာယာတတ်မြောက်သဖြင့် ကျော့ကွင်းမှ လွတ်မြောက်သော ဆုံးမလွယ်သည့် သမင်ငယ် အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

သိက္ခာရိုသေ ရာဟုလာ သာမဏေ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ကောသမ္ဘီပြည် ဆီးတောကျောင်း၌ သီတင်းသုံးတော်မူစဉ်ရဟန်းတို့သည် လူ၊ သာမဏေတို့နှင့် အတူ အိပ်သည်ကို အစွဲပြု၍ “ တစ်မိုးတစ်ရံတည်းသောကျောင်းဝယ် လူ၊ သာမဏေတို့နှင့် အတူမအိပ်ရ” ဟု မြတ်စွာဘုရားသည် သိက္ခာပုဒ်ကိုပညတ်တော်မူ၏။

ထိုအခါ ရဟန်းတို့သည် အတူအိပ်နေကျဖြစ်သော ဘုရားသားတော် ရာဟုလာ သာမဏေကို “ငါ့ရှင် ရာဟုလာ ... သင်နှင့် ငါတို့အတူမအိပ်ရ၊ နေရာရှာလော့” ဟု ဆိုလေ၏။ ရာဟုလာ သာမဏေသည် “ ငါကား ဘုရား သားတော်ဖြစ်သည်၊သင်တို့ ကျောင်းမှ သွားကြကုန် နေရာ ရှာကြကုန်” ဟု မဆိုဘဲ ရဟန်းတို့ဆိုဆုံးမအပ်သည်ကို ရိုသေစွာ နာယူလျက် သိက္ခပုဒ်ကို ရိုသေကာ မြတ်စွာဘုရား၏ ဝစ္စကုဋိ၌အိပ်လေ၏။

ချီးမွမ်းကြရာ ရာဟုလာ[ပြင်ဆင်ရန်]

ရဟန်းတို့သည်တရားသဘင်ဝယ် စကားစပ်မိ၍ “ရာဟုလာ သာမဏေကား သိက္ခာကို ရိုသေသည်၊ ဆိုဆုံးမ လွယ်သည်” ဟုချီးမွမ်းအံ့ဩ ပြောဆိုကြရာ မြတ်စွာဘုရား ကြွလာတော်မူလတ် ၍ “ ရဟန်းတို့ ...ရာဟုလာကား ယခု မှသာ သိက္ခာကို ရိုသေသည် ဆိုဆုံးမလွယ်သည် မဟုတ်၊ ရှေးအခါကလည်းသိက္ခာကို ရိုသေခဲ့ဖူးပြီ၊ ဆိုဆုံးမလွယ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

မာယာသင်ရန် အပ်နှင်းပြန်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါရာဇဂြိုဟ်ပြည်ဝယ် မဂဓမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သမင်းမင်း ဖြစ်၍သမင်အပေါင်း ခြံရံကာ တောတွင်နေလေ၏။

ထိုအခါ ဘုရားအလောင်း၏ နှမတော် သမင်မသည်သားဖြစ်သော သမင်ငယ်ကို အစ်ကိုကြီးထံ ဆောင်ယူကာ “အစ်ကိုကြီး ... ဤသမင်ငယ်ကားအစ်ကိုကြီး၏ တူရင်း ဖြစ်ပါသည်၊ ဤသမင်ငယ်အား *မိဂမာယာ ကို သင်ကြားပေးပါလော့” ဟုတောင်းပန်၍ အပ်နှင်းလေ၏။

ဆုံးမပေးရာ လွယ်ကူစွာ[ပြင်ဆင်ရန်]

သမင်မင်းလည်းတူဖြစ်သော သမင်ငယ်ကို “ချစ်သား ... ဤမည်သော အချိန်၌လာ၍ သင်ကြားလော့” ဟုအချိန်သတ်မှတ်၍ လွှတ်လိုက်၏။ သမင်ငယ်လည်း နေ့စဉ် အချိန်မှန် သွား၍ သင်ကြားသဖြင့်မိဂမာယာကို ကောင်းစွာ တတ်မြောက်လေ၏။

သမင်ငယ်သည် တစ်နေ့သ၌ တောဝယ်ကျက်စားလတ်သော် မုဆိုးတို့ ထောင်ထားသော ကျော့ကွင်း၌မိ၍ ကျော့ကွင်းမိသော အသံကိုမြည်လေ၏။ သမင်အပေါင်းတို့သည် ကြောက်ရွံ့သဖြင့် ပြေးလွှားကြကုန်လျက် သမင်မ ထံသွားကာ“သင့်သား ကျော့ကွင်းမိနေပြီ” ဟု ပြောကြားလေ၏။

မိဂမာယာ သုံးလေရာ[ပြင်ဆင်ရန်]

သမင်မလည်းအလွန် စိုးရိမ်သဖြင့် အစ်ကိုကြီးထံ သွားကာ “အစ်ကိုကြီးတူ ကျော့ကွင်းမိ၍ နေချေပြီ၊မိဂမာယာကို သင်ကြားပေးပါ၏လော” ဟု မေးလေ၏။ “နှမငယ် မစိုးရိမ်နှင့်၊ သင့်သားမှာတစ်စုံတစ်ရာ ဘေးရန်မရှိ၊ မိဂမာယာကို ကောင်းစွာ တတ်မြောက်သည်၊ မုဆိုးကိုလှည့်ပတ်ကာ လွတ်မြောက်၍ ယခုပင် သင့်ထံသို့ပြန်လာလိမ့်မည်” ဟု ဆိုလေ၏။

သမင်ငယ်လည်း ကျော့ကွင်းမိလေလျှင် မိမိသင်ကြား တတ်မြောက်ပြီးသော မိဂမာယာဖြင့် -

မတုန်မလှုပ် ခြေလေးဘက်ကို ဆန့်၌လက်ယာနံဘေးဖြင့် အိပ်လျက် ခြေတို့ဖြင့် ကန်ကျောက်ကာ မြေစိုင်တို့ကို ယက်၊ ကျင်ကြီးကျင်ငယ်တို့ကို စွန့်၊ ဦးခေါင်းကိုစင်း၊ လျှာကိုထုတ်၊ တစ်ကိုယ်လုံး တံတွေးဖြင့် လိမ်းကျံ၊ လေကိုစုပ်ပြီးဝမ်းရောင်အောင်ပြု၊ မျက်ဖြူလှန်၊အောက်နှာခေါင်းဖြင့် ထွက်သက် ဝင်သက်ကို မသိအောင်ရှူ၊ အထက်နှာခေါင်းမှ လေမထွက်စေဘဲတစ်ကိုယ်လုံး တောင့်တင်းနေအောင် ပြုလျက် အသေဟန်ဆောင်၍ မုဆိုးအား လှည့်ပတ်ကာ နေလေ၏။

ဘေးရန်ကင်းကွာ လွတ်မြောက်လာ[ပြင်ဆင်ရန်]

မုဆိုးလည်းလာလတ်၍ သမင်ငယ်၏ ဝမ်းဗိုက်ကို ကို လက်နှင့် ပုတ်၍ ကြည့်လေလျှင် “ အင်း ...စောစောကမိ၍ သေပုံရသည်၊ ယခု ပုပ်၍ပင် နေချေပြီ၊ အသားတို့ကို ဖျက်၍ ယူမည်” ဟုကျော့ကွင်းကို ဖြေပြီးလျှင် ယုံမှားသံသယ မရှိဘဲ အမှတ်မဲ့ သစ်ရွက်တို့ကို ခူးလေ၏။

ထိုအခါ သမင်ငယ်လည်း မုဆိုးမေ့လျော့မှန်း သိသဖြင့် လျင်မြန်စွာ ထလျက် တစ်ဟုန်တည်း ပြေးလွှားကာ အမိထံသို့သွားလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင်မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်-

ရဟန်းတို့ -

ထိုအခါ တူသမင်ငယ်သည် - ယခုအခါ ရာဟုလာ။

အမိ သမင်မသည် - ဥပ္ပလဝဏ်ထေရီမ။

ဦးရီးသမင်မင်းသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ဆုံးမနာခံ၊ လိမ္မာပြန်၊ ဧကန်ချမ်းသာမည်။

(၂) ကျော့ကွင်းမိလတ်၊ မာယာတတ်၊ ဘေးလွတ် သက်ဆုံးတည်း။

တိပလ္လတ္ထဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ