အနာပုစ္ဆာသန္ထရဏသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(သတ္တမသိက္ခာပုဒ်၊ အန္ဓကာရဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—အိမ်ရှင်ကိုခွင့်မပန်ဘဲ အိပ်ရာကို ခင်း၍ ထိုင်မှု လျောင်းမှု။

အမှုသည်—ဘိက္ခုနီအများ။ [၁]

ဘိက္ခုနီအများနှင့် ပုဏ္ဏား[ပြင်ဆင်ရန်]

ဘိက္ခုနီတို့သည် သာဝတ္ထိသို့ သွားကြစဉ် မိုးချုပ်မှ ရွာငယ်တစ်ရွာသို့ ရောက်ကြ၍ ပုဏ္ဏားအိမ်ဝင်ပြီးလျှင် တည်းခိုခွင့် တောင်းကြလေသည်။ ထိုအချိန်မှာ အိမ်ရှင် ပုဏ္ဏား မရှိခိုက်ဖြစ်၍ ပုဏ္ဏားမကို ခွင့်တောင်းလေရာ (သူကိုယ်တိုင် ပေးချင်ပါလျက် ခွင့်မပေးဝံ့သော) ပုဏ္ဏားမသည် “ပုဏ္ဏားလာအောင် စောင့်ကြပါ”ဟု ပြောဆိုဆိုင်းငံ့ထား၏၊ (ဤအတိုင်းဆိုလျှင် တော်ပါ သေး၏၊ သို့သော် အလိုက်မသိ အတင့်ရဲသော) ဘိက္ခုတချို့သည် အိပ်ရာ ခုတင်တို့ကို ခင်း၍ တချို့က ထိုင်နေနှင့်ကြ, တချို့ က လဲလျောင်း နေနှင့်ကြလေသည်။

အတော်ည၌မှောင်မှ ပုဏ္ဏားပြန်လာလတ်သော် ထိုဘိက္ခုနီကို ပိုင်စိုး ပိုင်နင်း နေထိုင်ပုံကိုမြင်ရ၍ သဘောမကျသော ပုဏ္ဏားသည် “ကာ ဣမာ- ဒီဟာတွေက ဘာတွေလဲ”ဟု သူပုဏ္ဏားမအား မေးလေသည်၊ “ဘိက္ခုနီများပါ အရှင်ရယ်”ဟု သူ့ပုဏ္ဏားမက ချိုချိုသာသာ ပြန်ပြောသော်လည်း သဘောမကျရင်းစွဲ ဖြစ်နေသောကြောင့် “ဒီကတုံး လင်ထောင်မတွေကို နှင်ထုတ်ကြ”ဟု သူ့အခိုင်းအစေတို့ကို ခိုင်းသဖြင့် အလိုက်သင့် ထွက်ခဲ့ကြရလေသည်၊ ထိုအကြောင်းကို သာဝတ္ထိရောက်မှ ပြန်ပြောကြသဖြင့် (အလိုက် မသိ, ပိုင်စိုးပိုင်နင်း ပြုမှုကို) ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ ဝိကာလေ ကုလာနိ ဥပသင်္ကမိတွာ သာမိကေ အနာပုစ္ဆာ သေယျံ သန္ထရိတွာ ဝါ သန္ထရာပေတွာ ဝါ အဘိနိသီဒေယျ ဝါ အဘိနိပဇ္ဇေယျ ဝါ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

အကြင်ဘိက္ခုနီသည် နေလွဲအခါ၌ အိမ်တို့သို့ ချဉ်းကပ်၍ (ပေးနိုင်ခွင့် ပြုနိုင်သော) အိမ်ရှင်တို့ကို ခွင့်မပန်ဘဲ အိပ်ရာကို ကိုယ်တိုင်ခင်း၍ ဖြစ်စေ အခင်းခိုင်း၍ဖြစ်စေ ထိုင်ခြင်း-သို့မဟုတ် လည်းလျောင်းခြင်းကို ပြုအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

အခြားနေရာ၌ မွန်းလွဲမှစ၍ အရုဏ်မတက်မီအချိန်ကို “ဝိကာလ” ဟု ယူရသော်လည်း ရှေ့သိက္ခာပုဒ်ဖြင့် နေမဝင်မီအထိ ယူခဲ့ပြီးဖြစ်သောကြောင့် နေဝင်သည်မှစ၍ အရုဏ်မတက်မီကို “ဝိကာလ” ဟု ယူရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး